အလုပ်ရှာနေတယ်ဆိုရင် ကျွန်မအခုမျှဝေမယ့် စာလေးကို သေချာ ဖတ်ပေးစေချင်ပါတယ်။ ကျွန်မတို့ ဆာယာဖောင်ဒေးရှင်းမှာ အလုပ်တွေခေါ်ဖြစ်တဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး အလုပ်လျှောက်ကြသူတွေအတွက် အထောက်ကူပြုဖို့ ကျွန်မတို့ရဲ့ ဝန်ထမ်းရွေးချယ်မှုပုံစံနဲ့ စံနှုန်းတွေကို မျှဝေပေးချင်ပါတယ်။
CV ဆိုတာ…
————–
အလုပ်ခေါ်တဲ့အခါ ကျွန်မတို့က CVတောင်းပါတယ်။ CVဆိုတာ ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ ကိုယ်ရေးအကျဉ်းချုပ်ပါ။ ဟိုးအရင်ကဖောင်တွေမှာ ကိုးကွယ်တဲ့ဘာသာ၊ အရပ်၊ကိုယ်အလေးချိန်တွေကိုပါ ထည့်သွင်းကြပါတယ်။ အဖွဲ့အစည်းအပေါ်မှာ မူတည်ပေမယ့် အခုဆိုရင် အများစုက အဲ့ဒီ့အချက်အလက်တွေမလိုတော့ပါဘူး။ CV ထဲမှာ ကိုယ်ရေးကိုယ်တာအချက်နည်းနည်းနဲ့ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေ ထည့်ပေးပါ။ အထူးသဖြင့် အလုပ်ခေါ်စာကို သေချာဖတ်ပြီး အလုပ်ခေါ်စာမှာပါတဲ့ အလုပ်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အချက်တွေကို သေချာ ထည့်ပေးဖို့ လိုပါတယ်။ CVဆိုတာ တစ်ခါဖြည့်ပြီး တစ်သက်လုံးပြီးသွားတဲ့ အလုပ်မဟုတ်ပါဘူး။ အမြဲတမ်း update လုပ်နေဖို့လိုပါတယ်။
အလုပ်ခေါ်စာ …
—————–
အဖွဲ့စည်းတွေမှာ အလုပ်ခေါ်တဲ့အခါ Job Descriptionလို့ခေါ်တဲ့ လုပ်ရမယ့်လုပ်ငန်းအကျဉ်းချုပ်နဲ့ တာဝန် ဝတ္တရားတွေကို ရေးထားပေးပါတယ်။ သေချာ ဖတ်ဖို့လိုပါတယ်။ အလုပ်ခေါ်စာမှာ ဘယ်လို ဝန်ထမ်းမျိုးကို လိုချင်တယ်၊ ဘယ်လိုတာဝန်တွေယူရမယ်၊ ဘယ်လို စည်းမျဉ်းတွေရှိတယ်ဆိုတာကို ရေးထားလေ့ရှိပါတယ်။
အလုပ်ခေါ်စာကို သေချာမဖတ်ဘဲ ဒီတိုင်း CVပို့ရင် လိုတဲ့ အချက်အလက်တွေ မပါလာတာမျိုး၊ အချက်အလက်မပြည့်စုံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်လျှောက်တဲ့သူကို မသိဘဲ အလုပ်လျှောက်သူရဲ့ ဖောင်ကိုပဲ ကြည့်ပြီး ပထမအဆင့်အနေနဲ့ သင့်တော်တဲ့သူဖြစ်သလားဆိုတာ စဉ်းစားရတာမို့ အလုပ်ခေါ်စာကို သေချာကြည့်ပြီး လိုအပ်မယ့် အရာတွေကို ပြင်စေချင်ပါတယ်။
ကျွန်မတို့ဆိုရင် အလုပ်ခေါ်စာမှာ CVဖောင်နဲ့အတူ ဘာလို့အလုပ်လျှောက်ဖြစ်လဲဆိုတဲ့ 3 မိနစ်စာ ဗွီဒီယိုလေးပို့ခိုင်းတယ်။ အချို့က CVဖောင်ပဲ ပို့လာတယ်ဆိုရင် သူက အော်တိုပြုတ်မှာ။ အလုပ်ခေါ်စာကိုတောင် သေချာ မဖတ်ဘဲ၊ အလေးအနက်မရှိဘဲ ပို့တယ်ဆိုတဲ့ သဘောသက်ရောက်တာကိုး။ တစ်ခါတစ်လေ အီးမေးလ်ကနေ ပို့ခိုင်းထားပေမယ့် Facebookမှာပဲ ပို့ထားတာမျိုးဆိုရင်လည်း အလုပ်ခေါ်စာကို သေချာမဖတ်ထားမှန်း သိသာတာမို့ အမှတ်လျော့တာပေါ့။ ဒါကြောင့် အလုပ်ခေါ်စာကို သေချာ ဖတ်ပါ။ ဘယ်လို တာဝန်တွေယူရမှာလဲ၊ ဘာတွေလုပ်အပ်လဲ၊ ကိုယ်နဲ့ကိုက်ညီလား၊ ဘယ်လိုလျှောက်ရမှာလဲ စတဲ့ မေးခွန်းတွေရဲ့ အဖြေကို အလုပ်ခေါ်စာမှာ အများစု ပါပါတယ်။
ဘွဲ့၊ သင်တန်းဆင်းလက်မှတ်တွေ…
————————————–
ကျွန်မ တစ်ဦးတည်းအမြင်ကတော့ ဘွဲ့လက်မှတ်တွေ သင်တန်းဆင်းလက်မှတ်တွေထက် ကျွန်မတို့ လိုအပ်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နိုင်မှု ရှိမရှိကို ကြည့်ပါတယ်။ ဒေါက်တာဘွဲ့ကြီးကိုင်ထားပြီး သတ်မှတ်ထားတဲ့ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တာတွေလည်း ကြုံဖူးပါတယ်။ CVမှာ ကွန်ပြူတာသင်တန်းဆင်းလို့ရေးပြီး ကွန်ပြူတာကို ကောင်းကောင်းမသုံးတတ်တာမျိုးတွေလည်း ရှိပါတယ်။နိုင်ငံခြားက ဘွဲ့ရထားတယ်ဆိုတိုင်းလဲ အားလုံးထက် သာနေတယ်လို့ တစ်သတ်မှတ်ထဲ သတ်မှတ်ထားလို့မရပါဘူး။ ဆိုတော့ ဘွဲ့တွေ သင်တန်းဆင်းလက်မှတ်တွေထက် အမှန်တကယ် အရည်အချင်း ပြည့်မီအောင် လုပ်ထားတဲ့သူတွေကို ပိုနေရာပေးပါတယ်။
လူမှုကွန်ယက်…
——————
အခုနောက်ပိုင်းမှာ အလုပ်လျှောက်သူရဲ့ လူမှုကွန်ယက်ကို ကြည့်ဖြစ်ကြပါတယ်။ Facebook စာမျက်နှာပေါ်မှာ သူဘယ်လိုမျိုးတွေ တင်တတ်လဲ၊ ဘာတွေ ပြောထားလဲဆိုတာလည်း အရေးပါပါတယ်။ အချို့တွေဆိုရင် Share လိုက်ရင် ငွေဝင်လာမယ်ဆိုတာမျိုးတွေကို Share ထားတာတို့၊ သတင်းအမှားတွေကို မျှဝေထားတာမျိုးတို့၊ MLM(multi-level marketing)လုပ်ထားတဲ့ ပစ္စည်းတွေရောင်းနေတာမျိုးတို့၊ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ စာတွေတင်တာတို့တွေဆိုရင် အများအားဖြင့် အထင်ကြီးလေးစားမှု လျော့ကြပါတယ်။ လူမှုကွန်ယက်မှာ တင်တဲ့အရာတွေကလည်း အဲဒီ့လူရဲ့ စရိုက်နဲ့ နေထိုင်မှုပုံစံကို ပြသတာမို့ အခုနောက်ပိုင်းမှာ အလုပ်ခေါ်တဲ့သူတွေက ကြည့်ကြပါတယ်။
လစာ…
———
လစာက အဖွဲ့အစည်းအကြီးအသေးအပေါ်မှာ မူတည်သလို၊ ရှိတဲ့ ငွေကြေးပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်မတို့လို အဖွဲ့ဆိုရင် ရန်ပုံငွေနည်းနည်းနဲ့ အလုပ်များများလုပ်ပါတယ်။ ရန်ပုံငွေများများ၊ အလုပ်နည်းနည်း လုပ်တဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ်။ အဖွဲ့အစည်းရဲ့ သဘောသဘာဝနဲ့ တန်ဖိုးထားမှုအပေါ်မူတည်ပြီး လစာပေးတဲ့ ပမာဏကွာသွားနိုင်ပါတယ်။ နောက်တစ်ခုက ရာထူးချင်းတူရင်အောင်မှ ပိုလုပ်နိုင်သူ၊ ပိုတော်တဲ့သူကလစာပိုရကြပါတယ်။ ဒါဟာ နိုင်ငံတကာမှာလည်း အတူတူပါပဲ။ လစာနဲ့ပတ်သက်ပြီး ဝန်ထမ်း အချင်းချင်းပေးသိခွင့်လည်း မရှိပါဘူး။ ကျွန်မတို့ဆို အင်တာဗျူးထိခေါ်ပြီး သဘောကျတယ်ဆိုရင် မျှော်မှန်း လစာ မေးပါတယ်။ အဲဒီ့အခါ တောင်းတဲ့ ပမာဏနဲ့ သူ့ရဲ့ လုပ်နိုင်စွမ်းကို ကြည့်ပါတယ်။ ပြီးရင် ကိုယ့်ဖက်က ပေးနိုင်တဲ့ ပမာဏကို ကြည့်ပြီး ညှိပါတယ်။ အလုပ်ခေါ်စာမှာပါတဲ့ အလုပ်ကို လုပ်နိုင်စွမ်းထက် လစာက များနေတယ်ဆိုရင်တော့ ထပ်ပြီး မညှိနုှိုင်းတော့ပါဘူး။
ရွေးချယ်ပုံ…
————-
အခြားအဖွဲ့အစည်းတွေမှာတော့ ကျွန်မ သေချာ မသိပါဘူး။ ကျွန်မတို့ ဆာယာမှာတော့ အလုပ်ခေါ်ပြီဆိုရင် ရွေးချယ်ရေး ကော်မတီလိုမျိုး ရှိပါတယ်။ အလုပ်တစ်ခုခေါ်တဲ့အခါ ဝင်လာတဲ့ ဖောင်တွေကို ပါဝင်တဲ့သူတွေက ကြည့်ပါတယ်။ ကြည့်ပြီး တစ်ဦးချင်းစီ အမှတ်ပေးပါတယ်။ ပါဝင်review လုပ်တဲ့သူအများစုဆီက အပြုသဘောမှတ်ချက်နဲ့ အမှတ်များများရတဲ့သူတွေကို အင်တာဗျူးခေါ်ဖို့ စီစဉ်ပါတယ်။ ဖောင်တွေကို စီစစ်တဲ့အခါ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကိုလည်း သေချာကြည့်ပါတယ်။ ကိုယ့်ရဲ့ အရင်လုပ်ခဲ့တဲ့ ရာထူးရော၊ အဖွဲ့အစည်းကိုရော ကြည့်ပါတယ်။
အင်တာဗျူးမှာ အလုပ်ခေါ်စာထဲမှာ ထည့်ပေးထားတဲ့ လုပ်ငန်းတွေကို လုပ်နိုင်မလားဆိုတာကို မေးခွန်းမျိုးစုံနဲ့ မေးပါတယ်။ အင်တာဗျူးဖြေသူရဲ့ အလုပ်လုပ်နိုင်မှု၊ အဖွဲ့အစည်းရဲ့ တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီမှု၊ သင်ယူလိုစိတ်ရှိမှု၊ တိုးတက်နိုင်ခြေရှိမှုနဲ့ ရှိပြီးသားအဖွဲ့သားတွေနဲ့ အံဝင်ခွင်ကျရှိနိုင်မှု စတာတွေကိုကြည့်ကြပါတယ်။ တစ်ခါတစ်လေမှာ case study လိုမျိုး ဖြစ်ရပ်ကလေးတွေအပေါ်သုံးသပ်ခိုင်းပါတယ်။ သုံးသပ်တဲ့အပေါ်မှာ ကိစ္စရပ်တွေကို ဘယ်လို ချဉ်းကပ်လဲ၊ ဘယ်လိုစဉ်းစားတတ်လဲ၊ ဘယ်လို ဖြေရှင်းတတ်လဲဆိုတာတွေကို ကြည့်ပါတယ်။
အင်တာဗျူးပြီးတဲ့အခါ အင်တာဗျူးမေးတဲ့သူတွေနဲ့ ရွေးချယ်ရေးမှာ ပါဝင်သူတွေ ဆွေးနွေးပြီး အဖြေထုတ်ပါတယ်။ တစ်ခါတစ်လေ ရှေ့လူ၊ နောက်လူ ယှဉ်ရပါတယ်။ ဘယ်သူ့ကို ပိုရွေးချယ်သင့်လဲဆိုတာမျိုးပေါ့။
ကျွန်မတို့ဆီမှာတော့ ကျွန်မနဲ့ သိလို့ ခန့်တယ်ဆိုတာမျိုးမရှိပါဘူး။ ကျွန်မနဲ့ သိလည်း အားလုံးနည်းတူ လျှောက်လွှာတင်ပြီး အားလုံးက အဆင်မပြေဘူးလို့ သုံးသပ်ရင် မခန့်ပါဘူး။ ဒါကြောင့် အဖွဲ့အစည်းတွေမှာ အလုပ်လျှောက်ရင် ကိုယ့်ဖက်က သေချာပြင်ဆင်စေချင်ပါတယ်။
ကိုက်ညီတဲ့အလုပ်လား….
—————————-
ကျွန်မတို့ နိုင်ငံအခြေအရ အလုပ်တွေကို သိပ်ရွေးချယ်ခွင့်မရှိကြပါဘူး။ အလုပ်ရှားတဲ့အခါ နည်းနည်းကိုက်ညီရင်လည်း လျှောက်ရတဲ့ အခြေအနေဖြစ်နေတာကိုး။ ဒါပေမယ့် ကျွန်မကတော့လေ အလုပ်ရှာတဲ့အခါ ကိုက်ညီတဲ့ အလုပ်ဖြစ်မဖြစ်ကို သေချာ စဉ်းစားဖို့ တိုက်တွန်းချင်တယ်။
ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ဖြစ်ဖို့လိုသလို၊ ကိုယ်နဲ့ ကိုက်ညီတဲ့ အဆင့်ဖို့လည်း ဖြစ်ဖို့လိုတယ်။ ကျွန်မတို့ Senior Teacher Trainer အလုပ်ခေါ်တဲ့အချိန်မှာ စာသင်သက် ၁ နှစ်တောင် မပြည့်တဲ့သူလေးတွေ လာလျှောက်ကြတာကြုံဖူးတယ်။ Teacher Trainer ဆိုတာ ဆရာ၊မတွေကို နည်းပြနိုင်တဲ့သူ၊ Senior Teacher Trainer ဆိုတော့ အဲဒီ့နည်းပြထဲမှာ တော်တော် အတွေ့အကြုံရှိတဲ့သူကိုပြောတာပါ။ သင်ကြားရေးအတွေ့အကြုံ သိပ်မရှိဘဲ Senior အဆင့်ကို လျှောက်တဲ့အခါ လျှောက်လကားဖြစ်တာပေါ့။
လုပ်ငန်းသဘောတရားကိုလည်း သေချာကြည့်သင့်ပါသေးတယ်။ ကျွန်မတို့အလုပ်ဆိုရင် အွန်လိုင်းကနေ ကလေးတွေကိုလည်းသင်တယ်၊ သီလရှင် ဘုန်းကြီးတွေကိုလည်း သင်တယ်၊ မိဘဆရာတွေအတွက်လည်း သင်တန်းပေးတယ်။ ဒီလိုလုပ်ငန်းမျိုးမှာ လူအမျိုးမျိုးနဲ့ ဆက်ဆံတတ်ဖို့အပြင် အွန်လိုင်းကနေ လုပ်ရတာဖြစ်တဲ့အတွက် ကွန်ပြူတာကောင်းကောင်းသုံးတတ်ဖို့ အရမ်းလိုအပ်ပါတယ်။ ပြီးရင် အချို့လုပ်ငန်းတွေက မနက် ၉ – ညနေ၆ ကွက်တိလုပ်ရပေမယ့် အချို့က လုပ်ငန်းကို သမတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးရင် ရတာမျိုးရှိတယ်။ ကိုယ်နဲ့ ဘယ်လိုအရာက အံဝင်ခွင်ကျဖြစ်မလဲဆိုတာလည်း သိအောင်လုပ်ပါ။
အနာဂါတ်မှာ ဘာလုပ်မှာလဲ…
——————————-
အင်တာဗျူးတွေမှာ ကျွန်မတို့ မေးလေ့ရှိတာက – အခုအချိန်ကစပြီး နောက် ၃ နှစ် (သို့) ၅ နှစ်မှာ ကိုယ့်ကိုကိုယ် ဘယ်လို မြင်ချင်လဲ – ဆိုတဲ့ မေးခွန်းပါ။ အင်တာဗျူးတွေကနေ ကျွန်မတို့ သိချင်တာက ဒီလျှောက်ထားသူအတွက် တို့အလုပ်က အကျိုးရှိပါ့မလားဆိုတာမျိုးပါ။ နောက်တစ်ခုက ဒီလူက ဘယ်လိုအရာကို ရှာဖွေနေတာလဲ၊ ဘာအတွက် ပြင်ဆင်နေတာလဲဆိုတာကို သိရတယ်။ အဲဒီ့အခါ ရွေးချယ်ခဲ့ရင် သူ့ကို ဘယ်လို လုပ်ငန်းမျိုး ပိုပေးသင့်လဲ၊ ဘယ်လို အားပေးကူညီသင့်လဲဆိုတဲ့ မေးခွန်းတွေအတွက် အဖြေရပါတယ်။ အင်တာဗျူးမလျှောက်ခင်မှာကတည်းက ကိုယ့်ရဲ့ ရှေ့အနာဂါတ်မှာ ဘယ်လိုပုံစံမြင်ချင်လဲ၊ ဘာတွေ သင်ယူမလဲ၊ ဘယ်လို အတွေ့အကြုံလိုမလဲဆိုတာကို သေချာအောင်လုပ်ထားဖို့လိုပါတယ်။
ကျွန်မမျှဝေခဲ့တာက ကျွန်မတစ်ဦးတည်းရဲ့ အတွေ့အကြုံအပေါ်မူတည်ပါတယ်။ ကျွန်မတွေးထင်တာက အခြားအဖွဲ့အစည်းအတွေအတွက်လည်း ဘယ်လောက်ကိုက်ညီမလဲဆိုတာတော့ ကျွန်မမပြောတတ်ပေမယ့် အလုပ်ရှာနေတဲ့သူတွေအတွက် အထောက်အကူပြုစေဖို့ မျှဝေလိုက်ပါတယ်။ အခြား အကြံပြုချက်တွေရှိတယ်ဆိုရင်လည်း ကွန်းမန့်မှာ ရေးသွားပေးပါဦး။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo Credit – https://www.youth.gov.hk/…/career…/stories/detail.htm…