သမိုင်းတလျှောက်မှာ ဘာသာရေးကြောင့်စစ်ပွဲတွေဖြစ်ခဲ့တယ်။ ဘာသာရေးကြောင့်အကြမ်းဖက်မှုတွေရှိခဲ့တယ်။ ခွဲခြားဆက်ဆံမှုဆိုတာတွေ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်ပေါ်ကြတယ်။ ဒီနေ့ဒီအချိန်ထိ ဘာသာရေးနဲ့ ဆိုင်တဲ့ပြဿနာတွေဟာ အများအပြားပဲလို့ဆိုရမယ်။ 

ဘာသာရေးလို့ဆိုလိုက်ရင် ဒါဟာ ယုံတမ်းပုံပြင်တွေနဲ့ အယူအစွဲတွေအပေါ်မှာ အခြေခံထားတယ်လို့ တချို့ကလည်း ယူဆကြတယ်။ ဒီလိုဆိုရင် ဒီနေ့လို သိပ္ပံခေတ်ကြီးမှာ ဘာသာရေးကို လူတွေလိုအပ်ကြသေးသလား။ ဘာသာရေးတွေရဲ့ အနာဂတ်ဟာ ဘယ်လိုရှိမလဲ။ 

ဘာသာရေးတွေရဲ့အနာဂတ်ကိုမပြောခင် ဘာသာရေးတွေအခုအချိန်ထိမပျောက်ကွယ်သွားသေးတာလဲဆိုတာကို အရင်ကြည့်ရအောင်ပါ။ ဟိုးကမ္ဘာအစကနေ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့လူတွေ တစ်စုနဲ့တစ်စုအချိတ်အဆက်မရှိပါဘဲ တိုင်ပင်မထားပါဘဲနဲ့ ဘယ်ဒေသမှာမဆို ကိုးကွယ်မှု ဘာသာတရားတွေရှိနေကြတာဟာ ဘာသာတရားက တစ်စုံတစ်ရာသောကောင်းကျိုးတွေကို ပေးလို့ဖြစ်မှာပဲလို့ ယူဆကြတဲ့ အမြင်မျိုးတွေလည်းရှိကြပါတယ်။ 

ဟုတ်ကဲ့။ ဘာသာရေးတွေ အခုအချိန်အထိဆက်ရှိနေခြင်းရဲ့ အဖြေကတော့ အဓိကအားဖြင့်နှစ်ချက်ရှိပါတယ်တဲ့။ ပထမတစ်ချက်အနေနဲ့ကတော့ ဘာသာရေးလိုက်စားတဲ့သူတွေဟာ ပိုပျော်ရွှင်ကြ၊ ပိုကျန်းမာကြပြီး ပိုအသက်ရှည်ကြပါသတဲ့။ တကယ့်တကယ်တမ်းသေရမယ့်အချိန်ရောက်လာတော့လည်း ဘာသာရေးရှိသူတွေက ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိတတ်ကြပါသတဲ့။ လေ့လာမှုတစ်ခုမှာဆို ကိုးကွယ်တဲ့ဘာသာရှိတဲ့လူတွေက စိတ်ဓာတ်ကျမလွယ်ကြဘူးဆိုတာတွေ့ရတယ်။ 

နောက်တစ်ခုကတော့ မျှဝေခံစားခြင်းဆိုတဲ့ သဘောတရားပေါ့။ အမဲလိုက်စားရတဲ့ခေတ်တွေမှာတည်းက လူတွေဟာ အစားအသောက်မျှဝေခြင်း၊ အလုပ်တာဝန်ခွဲဝေလုပ်ဆောင်ခြင်းကနေတဆင့် မျှဝေခံစားခြင်း၊ အတူလုပ်ဆောင်ခြင်းဆိုတဲ့သဘောတရားရဲ့အကျိုးရှိပုံကို သိရှိခဲ့ကြတာဖြစ်တယ်။ ဘာသာတရားတွေရဲ့ အစဟာ ကြောက်ရွံ့မှု၊ အပြစ်မကင်းစိတ်တွေရဲ့ စေ့ဆော်မှုကနေစတယ်လို့ လည်း ဆိုကြပေမယ့် မျှဝေခံစားခြင်း၊ အတူလုပ်ဆောင်ခြင်းဆိုတဲ့ သဘောတရားဟာ ဘာသာရေးမှာ ရှေးယခင်ကတည်းကရှိခဲ့တာဖြစ်တယ်။ 

ဒီလိုဘုရားအတူတူဝတ်ပြုတဲ့အခါ၊ အတူတူဆုတောင်းကြတဲ့အခါမှာ ပီတီတွေဖြစ်ပြီး အင်ဒေါ်ဖင်းဆိုတဲ့ ဓာတ်တစ်မျိုးထွက်ပါသတဲ့။ ဒီအင်ဒေါ်ဖင်း ဓာတ်ဟာ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းသတ္တိမျိုးရှိ အခြားကောင်းကျိုးတွေလည်းရှိပါသေးတယ်။ ဒီဓာတ်ဟာ ခင်မင်မှုကိုလည်းအားပေးတတ်တာကြောင့် အတူဝတ်ပြု၊ အတူတရားထိုင်လုပ်တဲ့သူတွေဟာ ဓမ္မမိတ်ဆွေဆိုပြီး ပိုမိုရင်းနီးလာကြပါသတဲ့။ 

အဲ့တော့ဆက်ရရင် သိပ္ပံခေတ်ကြီးမှာ ဘာသာရေးတွေပျောက်ကွယ်တော့မှာလားဆိုတဲ့မေးခွန်းကို ပြန်သွားပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဘာသာမရှိပါဘူးလို့ဖြေတဲ့သူတွေရှိလာကြပေမယ့်လည်း သူတို့ထဲကတချို့ကတော့ ကိုးကွယ်ယုံကြည်မှုလုံးလုံးမရှိတော့တာမျိုးထက် ဘာသာရေးခေါင်းဆောင်တွေနဲ့  ဘာသာရေးဂိုဏ်းတွေကို ပိုစိတ်ကုန်လာကြတာကများပါသတဲ့။ တကယ့်တကယ်တမ်းကျတော့ လေ့လာမှုတွေအရဆိုရင်ဘာသာရေးယုံကြည်သူအရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၈၄ ရာခိုင်နှုန်းကနေ ၂၀၅၀ ကျရင် ၈၇ ရာခိုင်နှုန်းအထိတိုးတက်သွားမယ်လို့ ခန့်မှန်းထားပါသတဲ့။ ကိုယ်ထင်ထားတာနဲ့တောင် ပြောင်းပြန်ပါပဲ။ 

နောက်ထပ်ထူးခြားတဲ့အပြောင်းအလဲကတော့ လူတွေဟာ ဘာသာရေးတွေကို ရှေးရိုးပုံစံနဲ့မဟုတ်ဘဲ ပေါင်းစပ်ကိုးကွယ်တဲ့ပုံစံတွေရှိလာပါသတဲ့။ တစ်ဘာသာတည်းကို ကိုးကွယ်တာမျိုးထက် ဘာသာသုံးလေးခုက ကောင်းနိုးရာရာကို ကိုးကွယ်တာမျိုးတွေများလာနိုင်ပါတယ်။ ဒါဟာ အသစ်အဆန်းတော့မဟုတ်ဘဲ ယခင်ထဲက တရုတ်မှာဆိုရင် ဗုဒ္ဓဘာသာ၊ တောက် ဝါဒနဲ့ ကွန်ဖြူးရှပ်ဝါဒတွေကို ရောယှက်ပြီးကိုးကွယ်ကြပါတယ်။ ဂျပန်မှာဆိုရင် ရှင်တိုဘာသာနဲ့ ဗုဒ္ဓဘာသာကို ရောပြီးကိုးကွယ်ကြပါတယ်။ 

ဒီတော့ အနာဂတ်ကမ္ဘာမှာ ဘာသာရေးတွေဟာပျောက်ကွယ်သွားဖို့ဆိုတာထက် ဆက်ရှိနေဖို့ကပိုများတယ်လို့ဆိုရမှာပါ။ ဘာသာရေးတွေဟာနှစ်ထောင်ပေါင်းများစွာ ရပ်တည်ရှင်သန်ခဲ့ကြပြီးတဲ့အထိဆက်လက်ရှိနေရာတာကတော့ အဲ့လိုဖြစ်နေဖို့အကြောင်းရှိလို့ပဲဆိုတဲ့အချက်ကို လက်ခံထားရမယ်လို့ထင်ပါတယ်။ ဘာသာရေးတွေရဲ့ ကောင်းကျိုးတွေဟာ လူသားတွေကိုအကျိုးပြုနေသရွေ့တော့ ကမ္ဘာမြေပေါ် ဘာသာတရားတွေဆက်လက်ရှိနေကြအုံးမယ်ဆိုတာပြောရင်း နိဂုံးချုပ်ပါရစေ။ 


ကိုးကား – အောက်စဖို့တက္ကသိုလ် Evolutionary Psychology ဌာန၏ ဂုဏ်ထူးဆောင်ပါမောက္ခ Robin Dunbar၏  “The big idea: do we still need religion?” ဆောင်းပါးနှင့် Sumit Paul-Choudhury၏ “Tomorrow’s Gods: What is the future of religion?” ဆောင်းပါးများကို မှီငြမ်းပါသည်။

စာရေးသူ-ဆရာအောင်ကျော်ဖြိုး

မေတ္တာဖြင့်…

ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ