မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူအများစုဟာ ယဉ်ကျေးမှု (culture) နဲ့ ကိုးကွယ်သည့်ဘာသာ (religion)တို့ကို ရောထွေးနေတတ်ကြပါတယ်။ ဒီနေ့ စာဖတ်သူများနဲ့အတူ ဆွေးနွေးချင်တဲ့အကြောင်းအရာလေးက ဘောင်ခတ် သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုစံနှုန်းတွေကြားက အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် (သို့) မိမိကိုယ်ကို မှီခိုပိုင်ခွင် ဆိုတဲ့ အကြောင်းအရာလေးပါ။
ပထမဦးဆုံး စာဖတ်သူအနေနဲ့ မိမိအိမ် (သို့) မိမိပတ်ဝန်းကျင်(သို့) နိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေကို ဘယ်လိုမြင်ပါသလဲ။ သူတို့ပျော်ရွှင်ကြပါသလား။ သူတို့နေထိုင်ချင်တဲ့ဘဝပုံစံအတိုင်း နေထိုင်နေကြပါသလား။ စာဖတ်သူတွေရဲ့ အဖြေက YES ဆိုရင်တော့ ဒီနိုင်ငံ ဒီလူမှုပတ်ဝန်းကျင်လေးဟာ အမျိုးသမီးတိုင်း အိမ်မက်မက် နေထိုင်ချင်နေတဲ့နေရာလေးမှာ ထိုအမျိုးသမီးများဟာ ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းနေကြတယ်ဆိုတာ သံသယဝင်စရာမရှိပါဘူး။ သို့ပေမယ့် စာဖတ်သူရဲ့ အဖြေက NO ဆိုရင်တော့ မိမိနေထိုင်နေတဲ့ ပတ်ဝန်းကျင် (သို့) နိုင်ငံက အမျိုးသမီးတွေကို လွတ်လပ်စွာ နေထိုင်ရှင်သန်ဖို့အတွက် ဘာတွေထိန်းချုပ် တားဆီးနေသလဲဆိုတာ စဉ်းစားဖို့လိုနေပါပြီ။ ဥပမာအနေနဲ့ ပညာရေး၊ နိုင်ငံရေး၊ လူမှုအသိုင်းအဝိုင်းများနဲ့ အနီးစပ်ဆုံး မိသားစုထဲမှာတောင် အမျိုးသမီးတွေကို ဘယ်လိုမျိုး ဘောင်ခတ်ထားသလဲဆိုတာ အရင်စဉ်းစားကြည့်ပြီးရင်တော့ စာဖတ်ရင်း ဆက်လက်ဆွေးနွေးလို့ရပါပြီ။
အဲဒီတော့ နောက်ထပ်စာဖတ်သူတွေကို မေးချင်တဲ့မေးခွန်းလေးတွေက အမျိုးသမီးတွေဟာ အိမ်ထောင်မကျခင်ဘဲဖြစ်ဖြစ် အိမ်ထောင်ကျပြီးဘဲဖြစ်ဖြစ် ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ မိမိကိုယ်ကို မှီခိုနေထိုင်သင့်တယ်ဆိုတာ လက်ခံပါသလား။ တကယ်လို့ စာဖတ်သူရဲ့ အဖြေက လက်ခံပါတယ်ဆိုရင်တော့ “စာဖတ်သူဟာ ကျား/မကဏ္ဍကို ယဉ်ကျေးမှုဆိုတဲ့ဘောင်ထဲကနေ ငါတို့ဟာ လူသားများသာဖြစ်တယ်ဆိုတဲ့ နှလုံးသားနဲ့ခံစားသိရှိတဲ့သူဖြစ်နေလို့ပါ”။
ဥပမာလေးတစ်ခုပြောပါရစေ- အိန္ဒိယနိုင်ငံမှာ လူအတော်များများ(သို့) ရှေးရိုးစွဲအတွေးအခေါ်တွေ လက်ဆင့်ကမ်းလာတဲ့သူတွေရဲ့အမြင်က အမျိုးသမီးတွေဟာ “ငယ်သေးတဲ့အချိန်မှာ ဖခင်ကို မှီခိုရမယ်။ အိမ်ထောင်ကျတဲ့အခါ အမျိုးသားကို မှီခိုရမယ်၊ အသက်ကြီးတဲ့အခါ သားကိုမှီခိုရမယ်”ဆိုတဲ့ အယူအဆတွေနဲ့ နေထိုင်လာခဲ့ကြပါတယ်။ စာဖတ်သူတွေအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အမျိုးသမီးတွေရဲ့ ဘဝမှာ မှီခိုရမယ့် အမျိုးသား တစ်ယောက်ယောက်ရှိနေမှကို တင့်တယ်တယ်ဆိုတဲ့ ယဉ်ကျေးမှုမှာ အမျိုုးသမီးတွေက ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လှုပ်ရှား နေထိုင်တာဟာ ယောကျာ်းသားတွေကို တွန်းလှန်ဖို့ဆိုတဲ့အတွေးထက် အမျိုးသမီးတွေဟာ သူတို့ရဲ့ဘဝမှာ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ ငွေကြေးဆိုင်ရာလွတ်လပ်ခွင့်၊ လွပ်လပ်စွာ မိမိ၏ ခံယူချက်အတိုင်း နေထိုင်နိုင်ခွင့်တို့ အပြည့်အဝရရှိပြီး နေထိုင်ချင်ကြလို့ပါလို့ နားလည်လက်ခံပေးပါသလား။ ဆိုတော့ကား စာဖတ်သူအနေနဲ့ မိမိနဲ့သက်ဆိုင်တဲ့ “တံခွန်မရှိတဲ့ဘုရား”၊ “အလံမရှိတဲ့ရထား”၊ “လင်မရှိတဲ့မယား မတင့်တယ်” ဆိုတဲ့ မြန်မာတွေရဲ့ ဆိုရိုးနဲ့ အစွဲတွေကြောင့် သားကိုသခင်၊ လင်ကိုဘုရား ယဉ်ကျေးမှုတွေအပေါ် ဆန်းစစ်ကြည့်လို့ရပါတယ်။ သမီးမိန်းကလေးမွေးပြီဆိုကတည်းက အိမ်ထောင်ကျရင် အိမ်ကနေဆင်းပြီး အမျိုးသားအိမ် လိုက်နေရမယ်ဆိုတဲ့ ယဉ်ကျေးမှုတွေဟာ အမျိုးသမီးတွေအတွက် အိမ်ထောင်မကျခင်အချိန်အထိသာ မိမိက အိမ်နဲ့သက်ဆိုင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ယဉ်ကျေးမှုတွေက ပြုစုပျိုးထောင်ပေးနေပါတယ်။ အဲဒါကြောင့် စာဖတ်သူတွေအနေနဲ့ သိထားသင့်တဲ့အရာလေးကတော့ “culture do not make people) ယဉ်ကျေးမှုက လူတွေကို ဖန်တီးပေးထားတာမဟုတ်ပါဘူး၊ “People made culture) လူတွေကသာ ယဉ်ကျေးမှုတွေကို ဖန်တီးခဲ့တာပါတဲ့။ ထို့ကြောင့် အမျိုးသမီးတွေဟာ သူတို့ဘဝကို ကိုယ်တိုင်ပုံဖော် ဖန်တီးနေထိုင်နိုင်ဖို့အတွက် အမျိုးသားတွေမှာ တာဝန်ရှိသလို အမျိုးသမီးတွေအနေနဲ့ ကိုယ်နေချင်တဲ့နေရာကို သူတစ်ပါးကနေရာပေးမှနေမယ်ဆိုတာထက် မိမိကိုယ်ပိုင်နေရာကို ကိုယ်တိုင် ဖန်တီးယူတတ်ဖို့လည်းလိုပါတယ်။ အဲဒါကြောင့် အနာဂတ်အမျိးသမီးငယ်လေးတွေအတွက် မိမိကစ၍ ပြောင်းလဲနေထိုင်လိုက်ပါလို့ အကြံပြုပေးချင််ပါတယ်။ အခုလို မျှဝေခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
စာရေးသူ – ဆရာမ ပန်းအိစိုး
မေတ္တာဖြင့်…
Saya-ဆာယာ