ကျွန်မလက်ထပ်ပြီးနောက်ရက်ကစပြီး ကျွန်မကို မေးကြတိုက်တွန်းကြတာရှိတယ်။ အဲဒါကတော့ ကလေးယူဖို့ပဲ။ ကလေးမယူသေးဘူးလား၊ ကလေးယူတော့လေ၊ ကလေးကဘယ်ချိန်ယူမှာတုန်း၊ အသက်ကွာနေလိမ့်မယ် ကလေးယူတော့လေ စတဲ့ တိုက်တွန်းမှုတွေ၊ မေးခွန်းတွေက တွေ့ဆုံမှုတိုင်းလိုလိုမှာ ကြားရတယ်။ ကလေးမြန်မြန်ယူ ကလေးထိန်းပေးချင်လှပြီ၊ ကလေးသာမွေးပေးပါ ငါတို့ထိန်းပါ့မယ် ဆိုတဲ့ အာမခံတဲ့ စကားတွေနဲ့လည်း တိုက်တွန်းကြသေးတယ်။

အမှန်က ကျွန်မတို့တွေအားလုံးဟာ အခြေအနေခြင်း မတူညီကြဘူးလေ။ တစ်ယောက်က အိမ်ထောင်ပြုပြီး ချက်ချင်း ကလေးယူဖို့ အဆင်သင့်ဖြစ်ပေမယ့် နောက်တစ်ယောက်အတွက် မယူချင်သေးတာ၊ မရနိုင်သေးတာလည်းဖြစ်နိုင်တာပဲ။ လူဆိုတာ သူ့ရွေးချယ်မှုနဲ့သူ တာဝန်ယူရတာလေ။ ကလေးတစ်ယောက်ဆိုတာ ဗိုက်ကြီးတဲ့ကာလတင်မဟုတ်ဘဲ တစ်ဘဝစာ ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လေ။ ကလေးလိုချင်လျက်နဲ့ မရနိုင်သေးတဲ့သူကို သွားပြီး ကလေးမယူသေးဘူးလား၊ ယူတော့လေဆိုတာသွားပြောရင် ဘယ်လောက်စိတ်ထိခိုက်လေမလဲ။

ကျွန်မဆိုရင် ကလေးချက်ချင်းမလိုချင်ခဲ့ဘူး။ ကျွန်မတို့ လင်မယားနှစ်ယောက်ထဲနေရတာ၊ နှစ်ယောက်ထဲ ခရီးတွေသွားရတာ၊ အလုပ်တွေ အများကြီးလုပ်နိုင်တာကို ပိုပြီး လိုချင်ခဲ့တယ်။ အဲဒီ့အတွက် နှစ်ဦးသဘောတူ ကျွန်မတို့ ကလေးချက်ချင်းမယူဘူး။ ကလေးယူဖို့ အဆင်သင့်ဖြစ်တယ်လို့ ခံစားရတဲ့ အချိန် ကလေးယူတယ်။ တကယ်လည်း ကလေးရရော အစအဆုံး ကိုယ်ပဲ တာဝန်ယူရတာ၊ ကိုယ်ပဲ ထိန်းရတာပါ။ အရင်က ထိန်းမယ်ပြောတဲ့သူတွေလည်း ဘယ်ပျောက်သွားမှန်းတောင်မသိဘူး။ စကားတောင် မပြောတော့ဘူး။ မေ့ကုန်ပြီထင်တယ်။

ကျွန်မတို့တွေဟာလေ ကိုယ်လည်း တစ်သက်လုံး ကတိမတည်နိုင်ဘဲ၊ အမြဲတမ်းလည်း မလုပ်ပေးနိုင်ဘဲ အိမ်ထောင်ပြုရင် ကလေးမွေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြည့်မီအောင် မရရတဲ့နည်းနဲ့ မြှောက်ပင့်တိုက်တွန်းကြတာ စိတ်မကောင်းစရာပဲနော်။

အခုဆိုရင် ကျွန်မသားလေး ၁၁ လပြည့်တော့မယ်။ သားလေးမွေးပြီးကတည်း ပြောတဲ့စကားတွေက နောက်တစ်ယောက်ယူဖို့။ ကလေးမရခင်တုန်းက ကလေးရအောင် ပြောကြတယ်။ တစ်ယောက်ရတော့ နှစ်ယောက်မှ ကလေးအဖော်ရှိမယ်ဟဲ့၊ အထီးကျန်မဆန်မှာဟဲ့ စသဖြင့် ပြောကြပြန်တယ်။ ကိုယ်မွေးတော့ ကိုယ်နာရတာ၊ ကိုယ်မွေးတော့ ကိုယ်ပင်ပန်းတာ ကိုယ်ပဲ သိပါတယ်။

ကျွန်မဆိုရင် စာသင်တဲ့အလုပ်၊ အဖွဲ့အစည်းရဲ့အလုပ်အချိန်ပြည့်လုပ်ရတယ်၊ ကိုယ့်ပညာရေးအတွက် အတန်းတက်ရသေးတယ်၊ ထမင်းဟင်း ကိုယ်တိုင်ချက်တယ်၊ ကလေးကိုလည်း ကြည့်ရတယ်။ အလုပ်ကိုခဏနားချိန်ဟာ သားအတွက်အချိန်ပေးရတဲ့အချိန်။ မနက်ခင်းအလုပ်ခဏနားတာနဲ့ မီးဖိုချောင်ထဲကို တန်းသွားပြီး ဟင်းချက်ရတာ။

ကိုယ်တိုင်လည်း မမွေး၊ ကလေးတာဝန်လည်း ဘာမှ ကူညီတာမဟုတ်ဘဲ နောက်တစ်ယောက်လိုချင်လား၊ မလိုချင်လားလည်း မသိ၊ နောက်တစ်ယောက်ယူဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အခြေအနေပိုင်း အဆင်သင့်ဖြစ်ရဲ့လားလည်းမသိ ဇွတ်တွေတိုက်တွန်းကြတာပါပဲ။ ကျွန်မတို့နေတဲ့ လူ့အသိုင်းအဝန်းဟာ ကိုယ်ချင်းစာစိတ်နည်းပြီး ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ဖြစ်စေချင်တာပဲ ဇွတ်လုပ်၊ ဇွတ်ပြောသူသိပ်များတယ်နော်။

ကျွန်မကြုံရသလိုပါပဲ၊ အိမ်ထောင်မပြုရင်လည်း မပြုလို့၊ ရည်းစားမရှိရင်လည်းမရှိလို့၊ ကလေးများရင်လည်း များလို့၊ နည်းရင်လည်းနည်းလို့.. ပုံစံမျိုးစုံနဲ့ သူများတွေသတ်မှတ်ထားတဲ့ ပုံစံခွက်ထဲကို လူတိုင်းကို အံဝင်ခွင်ကျဖြစ်အောင်ထည့်နေကြတာ။ အိမ်ထောင်မပြုဘဲ တစ်ယောက်ထဲ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းတော့ရော ဘာအရေးလဲ။ အိမ်ထောင်ပြုပြီး ကလေးမယူတော့ရော ဘာပြသနာရှိပါသလဲ။ ကလေးတစ်ယောက်ထဲပဲ မွေးထားတော့ရော ဘယ်သူ့ကို ထိခိုက်ပါမလဲ။

အလားတူဖြစ်ရပ်ဟာ လူကြီးတွေမှာတင် ကြုံတွေ့ရတာမဟုတ်ပါဘူး။ ကျွန်မတို့ ကလေးတွေကို သင်ကြားတဲ့အခါ၊ ပြုစုပျိုးထောင်တဲ့အခါမှာလည်း ဖြစ်တယ်။ ကလေးတိုင်းဟာ ဖွံ့ဖြိုးမှု ပုံစံ၊ စိတ်ဝင်စားမှု၊ သင်ယူမှုပုံစံစတာတွေ မတူကြဘူး။ ကိုယ်ဖြစ်စေချင်တဲ့ပုံမဖြစ်တာ၊ ကိုယ်စိတ်ဝင်စားစေချင်တဲ့အရာ စိတ်မဝင်စားတာ၊ ကိုယ်လုပ်စေချင်တဲ့အလုပ်ကို မလုပ်ချင်တာတွေရှိနိုင်တယ်။ အဲဒါကြောင့် အဲဒီ့ကလေးဟာ ဆိုးလိုက်တာ၊ ညံ့လိုက်တာ၊ လူကြီးစကားနားမထောင်ဘူးလို့ ပြောလို့မရဘူးနော်။ ကလေးက ကိုယ်စိတ်ဝင်စားစေချင်တာကို ဘာလို့ စိတ်မဝင်စားတာလဲ၊ ဘာကိုစိတ်ဝင်စားနေလို့လဲဆိုတာကို ကျွန်မတို့ လူကြီးတွေက သိဖို့လိုတယ်။

ကျွန်မကတော့လေ ကလေးတွေကို ငယ်စဉ်ကတည်းက ပုံစံခွက်တစ်ခုထဲကို အံဝင်ခွင်ကျဖြစ်အောင် ရိုက်သွင်းထည့်တာထက် ကလေးတွေရဲ့ ကိုယ်ပိုင် ပုံစံငယ်လေးတွေဖြစ်အောင် ဝိုင်းဝန်း ဖန်တီးပေးစေချင်တယ်။ ကျွန်မတို့ရဲ့ ဘဝပုံစံငယ်ဟာ အခြားသူနဲ့ တူချင်မှ တူမယ် ဒါပေမယ့် အခြားသူကို ထိခိုက်နစ်နာမှုမရှိဘူးဆိုရင် ပြီးတာပဲမဟုတ်လား။ ပုံစံတစ်ခုထဲကို သွပ်သွင်းဖို့ ကြိုးစားလို့ စိတ်မှာ ဒဏ်ရာရတာတွေ၊ ဝမ်းနည်းရတာတွေ တကယ်မဖြစ်စေချင်ဘူး။ ကျွန်မတို့ လူကြီးတွေလည်း တပါးသူရဲ့ ရွေးချယ်မှုကို လေးစားကြရအောင်။ ကလေးတွေကိုလည်း လေးစားတတ်အောင် သင်ပေးကြရအောင်နော်။

မေတ္တာဖြင့်…
Sayarma-ဆရာမ