ဒီနေ့မှာတော့ ပညာရပ်တစ်ခုခုကို လေ့လာသင်ယူတဲ့အခါမှာ ကလေးများသာမက လူကြီးများပါ ထိထိရောက်ရောက် သင်ယူမှတ်သား နိုင်ဖို့ အရေးကြီးတဲ့ အချက် ၅ချက် အကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ အချိန်ဇယားပြုလုပ်ခြင်း

ဒီအချက်ကိုတော့ ကျနော်တို့ တော်တော်များများ သိပြီးသားဖြစ်ပေမယ့် တကယ်တမ်းကျ သေချာမလုပ်မိကြတာ များပါတယ်။ ကျနော်တို့အနေနဲ့ အချိန်ဇယားတစ်ခုစလုပ်တော့မယ်ဆိုရင်လည်း အဓိကအနေနဲ့ မိမိလုပ်ရမည့်အလုပ်၊သင်ယူစရာတွေနှင့်အတူ တစ်နေ့ပြီးတစ်နေ့ မိမိဘာတွေတိုးတက်လာပြီလဲ၊ ဘာတွေသင်ယူတတ်မြောက်လာပြီလဲ ဆိုတာပါ တစ်ပါတည်း သတိပြုနေဖို့လိုပါတယ်။ ဒါ့ကြောင့် အရေးကြီးဆုံးကတော့ အချိန်ဇယားက ရိုးရှင်းနေဖို့ရယ်၊ မိမိတိုးတက်မှုအပေါ်မူတည်ပြီး အချိန်ဇယားကိုအလျှော့အတင်း ပြုလုပ်ဖို့ရယ် ဖြစ်ပါတယ်။

၂။ နေရာကောင်းတစ်ခုပြင်ဆင်ခြင်း

မိမိကိုယ်တိုင် စိတ်၀င်စားတဲ့ ပညာရပ်တစ်ခုကို သက်တောင့်သက်သာဖြစ်ပြီး စိတ်ငြိမ်သက်စေတဲ့နေရာမှာ လေ့လာတဲ့အခါ အာရုံစူးစိုက်မှုပိုကောင်းစေပြီး တိုးတက်မှုလည်းမြန်ဆန်လာနိုင်မှာပါ။ မိမိပတ်၀န်းကျင်မှာ အသံတွေဆူညံနေရင်လည်း နားကြပ်တပ်ပြီး အာရုံစူးစိုက်မှုကို အထောက်အကူပေးနိုင်တဲ့ သံစဥ်များကို နားထောင်ပြီးလေ့လာနိုင်ပါတယ်။ အဓိကအနေနဲ့ကတော့ ကျနော်တို့ တစ်ခုခုကို လေ့လာသင်ယူတဲ့အခါမှာ အိပ်ယာနဲ့ ဆိုဖာတွေပေါ်မှာလေ့လာခြင်းကို ရှောင်ရှားသင့်ပါတယ်။

၃။ အပိုင်းခွဲ၍လေ့လာခြင်း

ဒီအချက်ကို ဥပမာပေးရရင်တော့ ကျနော်တို့ အင်္ဂလိပ်စာလေ့လာရင် အဓိကအားဖြင့် skill လေးမျိုးကိုလေ့လာကြပါတယ်။ တကယ်လို့ skill တစ်ခုတည်းကို အချိန်အကြာကြီး လေ့လာမိလျှင်လည်း ကျနော်တို့ဦးနှောက်က ပင်ပန်းလာပြီး အာရုံစူးစိုက်မှုကျဆင်းလာစေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အပိုင်းတွေခွဲပြီးလေ့လာတာဟာ ထိထိရောက်ရောက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

၄။ အိပ်စက်အနားယူခြင်း

အရေးကြီးဆုံးအချက်ပါပဲ။ အိပ်စက်ခြင်းဟာ တစ်ခုခုကို လေ့လာသင်ယူဖို့အရေးကြီးဆုံးဖြစ်တယ်လို့ သက်သေတွေလည်းပြထားပါတယ်။ ထို့အတူ တစ်ညကို ၈နာရီ အိပ်စက်အနားယူဖို့လည်းအကြံပြုထားပါတယ်။ ကျနော်တို့ အဓိကရှောင်ရှားရမှာကတော့ အိပ်ခါနီးဖုန်းမကိုင်မိဖို့ပါပဲ။

၅။ အတူတူလေ့လာသင်ယူခြင်း

မိမိနှင့် စိတ်၀င်စားတာခြင်းတူတဲ့သူတွေနဲ့ အတူတကွလေ့လာတာကလည်း ပိုမိုထိရောက်စေမှာပါ။ တခြားသူရဲ့ မတူညီတဲ့ တွေးတောပုံ ရှုထောင့်အမျိုးမျိုးတို့ကိုပါ တစ်ပါတည်း လေ့လာသတိပြုနိုင်ပြီး ပိုမိုတိုးတက်စေနိုင်ပါတယ်။ အတူတူလေ့လာသင်ယူခြင်း ဆိုတဲ့အချက်လေးကတော့ ကောင်းကျိုးရော ဆိုးကျိုးပါ တွဲနေတဲ့အတွက်ကြောင့် သေသေချာချာကိုင်တွယ် လေ့လာသင့်ပါတယ်။

စာဖတ်သူများအားလုံး ပညာရပ်တစ်ခုခုကို လေ့လာသင်ယူတဲ့အခါ ကျနော် ဝေမျှပေးထားတဲ့အချက်တွေကို အကျိုးရှိစွာအသုံးချနိုင်ပါတယ်။

စာရေးသူ – ဆရာဝေဇင်ဦး

မေတ္တာဖြင့်…

Saya-ဆာယာ