ရေးသားပြုစုသူ – မျိုးဆွေသန့်
“စည်းကမ်း” ဆိုတာကို ပုံစံအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ဆိုကြပါလိမ့်မယ်။ ဒီနေရာမှာတော့ စည်းကမ်း ကို “နည်းလမ်းပြခြင်း၊ လမ်းညွန်ခြင်း” ဆိုတဲ့ သဘောနဲ့ပဲ ဆွေးနွေးသွားပါမယ်။ တကယ်တော့ စည်းကမ်း ဆိုတာက စကားလုံးအရကြည့်မယ်ဆိုရင် “စည်း” နဲ့ “ကမ်း” ကို ပေါင်းစည်းထားတဲ့ စကားလုံးပါ။ “စည်း” ဆိုတာက အနားသတ်ပေးတဲ့သဘော၊ ဘောင်ခတ်ထားတဲ့ သဘော၊ “ကမ်း” ဆိုတဲ့ စကားကတော့ ရေကို လိုရာအရပ်ကို သွားနိုင်အောင် အနားဘောင်သတ်ထားတဲ့ ကမ်းကို ဆိုလိုတာပါပဲ။ ဒီစကားလုံး နှစ်လုံးကို ပေါင်းစပ်ပြီး စဉ်းစားဖော်ထုတ်လိုက်ရင်တော့ အလိုရှိရာကို အောင်မြင်အောင် စနစ်တကျနဲ့ ထိန်းသိမ်းလမ်းညွှန်တဲ့ သဘောလို့ပဲ ဖွင့်ဆိုရပါလိမ့်မယ်။
စည်းကမ်းကို ပြောကြရာမှာ အစဉ်အလာအရ ကျင့်သုံးတဲ့ စည်းကမ်းနဲ့ အပြုသဘောဆောင်တဲ့စည်းကမ်း ဆိုပြီး ပြောဆိုကြပါတယ်။
အစဉ်အလာအရ ကျင့်သုံးတဲ့ စည်းကမ်းဆိုတာကတော့ လူကြီးမိဘ၊ အုပ်ထိန်းသူ၊ ဆရာ၊ ဆရာမများကနေပြီး တိုက်ရိုက်ပေးတဲ့ စည်းကမ်းမျိုးဖြစ်တယ်။ တစ်လမ်းသွား သဘောမျိုး ဖြစ်ပါတယ်။ ကလေး တွေကို အကြောက်တရားကို အခြေခံတဲ့ စည်းကမ်းလိုက်နာမှုဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ပြင်ပကနေပြီး ထိန်းချုပ်တာလည်း ဖြစ်ပြီးတော့ မလိုက်နာတဲ့ အခါတွေမှာ ဆူပူတာ၊ ရိုက်နှက်တာ၊ ကြိမ်းမောင်းပြောဆို တာမျိုး တွေနဲ့ ပြုလုပ်တတ်ကြပါတယ်။ အဲဒီလို ပြုလုပ်တာကို ခံရတဲ့အခါမှာတော့ ကလေးတွေဟာ အင်အားပြိုင်လိုမှု၊ ကလဲ့စားချေလို မှုတွေဖြစ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို မစွမ်းနိုင်ပါလား ဆိုတဲ့ လွဲမှားတဲ့ ဦးတည်ချက်ကို ဖြစ်စေ နိုင်ပါတယ်။ အဲလို အကြောက်တရားကို အခြေခံပြီး ကြောက်စိတ်ဖြစ်စေတဲ့အတွက် လူတစ်ယောက်ဟာ မှန်မှန်ကန်ကန် စဉ်းစားနိုင်မှု အားနည်းလာစေတာပဲ ဖြစ်ပါတယ်။
လူကြီး နဲ့ ကလေးကြားမှာ အပြန် အလှန်လေးစားမှုနဲ့ တည်ဆောက်ထားတဲ့ စည်းကမ်းဟာ အပြုသဘော ဆောင် တဲ့ စည်းကမ်းလို့ ပြောနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းကြောင်းပြီးတော့ ပုံမှန်လည်ပတ်စေတဲ့ စည်းကမ်းမျိုးဟာ အပြုသဘောဆောင်တဲ့ စည်းကမ်းပါပဲ။ အဓိကအနေနဲ့ အပြုသဘောဆောင်တဲ့ ထိန်းကြောင်းပေးမှုတစ်မျိုးပေါ့။ စည်းကမ်းကို လူကြီးတွေကပဲ သတ်မှတ်သွားတာမျိုး မဟုတ်ဘဲ၊ ဒီနေရာမှာ ဒီလို မကောင်းတဲ့ အကျိုးဆက်တွေ မဖြစ်အောင် ကလေး အနေနဲ့ ဘာတွေလိုက်နာသင့်လဲ၊ လူကြီးကရော ဘာတွေ ပံ့ပိုးပေးသင့်လဲ ဆိုတာကို ကလေးနဲ့ လူကြီးကြားမှာ နားလည်မှုရယူ တည်ဆောက်လိုက်တဲ့ စည်းကမ်းမျိုး ဖြစ်ပါတယ်။ တစ်နည်း ပြောရရင်တော့ ဘာမလုပ်နဲ့လို့ တားဆီးတာမျိုးထက်၊ ဘာလုပ်သင့်တယ်လို့ လမ်းညွှန်ပေးတာမျိုးဟာ အပြုသဘော ဆောင်တဲ့ စည်းကမ်းပါပဲ။
အပြုသဘောဆောင်တဲ့ စည်းကမ်းပေးတဲ့ အခါမှာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ စည်းကမ်းကို လိုက်နာလာ အောင် ဂရုစိုက်မှု၊ အသိအမှတ်ပြုမှု တွေနဲ့ လမ်းညွှန်ပေးတာ ဖြစ်တဲ့အတွက် စည်းကမ်းကို လိုက်နာတတ်ရုံသာ မကဘဲ လူကြီးတွေအပေါ်မှာ နားလည်လက်ခံပေးတတ်တာမျိုးတွေကို ဖြစ်လာစေနိုင်ပါတယ်။ ကလေးအတွက်လည်း တစ်သက်တာလုံးမှာ အများနဲ့ လိုက်လျောညီထွေ နေတတ်လာတဲ့ အလေ့အကျင့်ကောင်းတွေ၊ ကိုယ့်ကိုယ်ကို တာဝန် ယူတတ်တဲ့သူ၊ စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလို စည်းကမ်းပေးရာမှာလည်း သတိထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒါတွေကတော့ တစ်သမတ်တည်းရှိဖို့၊ လူကြီးတွေအနေနဲ့ ကတိတည်ဖို့၊ အားပေးတိုက်တွန်းဖို့၊ အသိအမှတ်ပြုပေးဖို့ စတာတွေလည်း လိုအပ်ပါ သေးတယ်။ ဒီအချက်တွေအပြင်မှာ တခြားအချက်တွေလည်း အများကြီးရှိကောင်း ရှိပါလိမ့်မယ်။
တသမတ်တည်း ရှိဖို့ဆိုတာမှာ စည်းကမ်းတစ်ခုကို သက်မှတ်ပြီးပြီ ဆိုတာနဲ့ တသမတ်တည်းရှိနေဖို့လိုပြီး ဘာကြောင့်၊ ညာကြောင့် တွေကြောင့်ပြောင်းလဲတာမျိုး မရှိဖို့လိုသလို၊ ဒီတစ်ယောက်ကသတ်မှတ်ထားတာကို အခြားတစ်ယောက်က ပြောင်းလဲပြစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ မိသားစုထဲမှာဆိုရင် မိသားစုဝင်တွေအား လုံးက တသမက်တည်း ဖြစ်နေဖို့ လိုအပ်ပါတယ်။
ကတိတည်ဖို့ လိုတာကတော့ ကလေးကို ဒီလိုလုပ်ရင် ဒါပေးမယ်၊ ဘယ်ကိုလိုက်ပို့မယ်၊ ဘာလုပ်ပေးမယ် လို့ကတိ ပေးထားတာမျိုးတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည့်းပေးနိုင်အောင် ကြိုးစားပေးသင့်တယ်။ ဒါမှသာ ကလေးအနေနဲ့ လူကြီးအပါ်လေးစားမှုကို ရရှိနိုင်တာ ဖြစ်ပါလိမ့်မယ်။ ကလေးနဲ့ လူကြီး ကြားမှာ အရေးကြီးတဲ့ ယုံကြည်မှုကို ရရှိ စေနိုင်မှာ ဖြစ်ပါတယ်။
လူတိုင်းက အမှားတစ်ခုကိုသာ အပြစ်တင်ပြောဆိုတတ်ကြပြီး ကောင်းတဲ့ အချက်ကို အသိအမှတ်ပြုပေးကြဖို့ ပျက်ကွက်တက်ကြပါတယ်။ ဒါဟာ လွဲမှားတဲ့ အချက်ဖြစ်ပြီး ကလေးတွေပဲဖြစ်ဖြစ်၊လူကြီးတွေပဲ ဖြစ်ဖြစ် အသိအမှတ် ပြုပေးခြင်းဟာ အရေးပါတဲ့ အချက်တစ်ခုပါပဲ။ ကောင်းတာကို မြင်အောင်ကြည့်ပြီး အားပေးတိုက် တွန်းပေးမှ အလေ့အကျင့်ကောင်းတွေဖြစ်ပြီး၊ အလေ့အထတွေ ဖြစ်လာမှာပါပဲ။
အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အပြုသဘောဆောင်ခြင်း၊ အားပေးတိုက်တွန်းခြင်း နဲ့ အသိအမှတ်ပြုပေးခြင်းဆို တာ ကလေးတွေသာမကဘဲ လူကြီးတွေလည်း နှစ်သက်သဘောကျကြတာမို့ အားပေးမှု ပြုရင်းနဲ့ စည်းကမ်းတွေ ကိုလိုက်နာလာအောင် ပြုလုပ်နိုင်ကြပါစေ လို့ ဆန္ဒပြုပေးရင်း နိဂုံးချုပ်လိုက်ပါရစေ။
မျိုးဆွေသန့်
မေတ္တာဖြင့်
ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ…