မှတ်မိလား၊ ကျွန်မတို့ ငယ်ငယ်က ကျွန်မတို့ မိဘတွေ၊ ကျွန်မတို့ ဆရာ၊မတွေ နဲ့ ကျွန်မတို့ဘေးက လူကြီးတွေက အကုန်လုံးကို သိတယ်လို့ တွေးခဲ့ကြတာ။ လူကြီးတွေကိုယ်တိုင်လည်း သူတို့က အရင်မွေးပြီး အတွေ့အကြုံများလို့ ကလေးတွေ လူငယ်တွေထက် ပိုသိ၊ ပိုတတ်တယ်ဆိုပြီး တွေးတာတွေလေ။ ကျွန်မကတော့ ဒါဟာ လူကြီးတွေ ဂျင်းမိတယ်လို့ တွေးပါတယ်။စဉ်းစားကြည့်ပါ။ ကျွန်မတို့ လူကြီး ဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ဘယ်သူမဆို အရာရာကို မသိကြပါဘူး။ အရာအားလုံးကိုလည်း မလုပ်တတ်ကြပါဘူး။ ကျွန်မတို့ ပိုသိကြတဲ့ အရာတွေ ရှိတာမှန်သလို၊ ကျွန်မတို့ မသိတာတွေ အများကြီး ရှိတယ်ဆိုတာလည်း ငြင်းမရပါဘူး။ သို့သော်လည်း ကျွန်မတို့ ပတ်ဝန်းကျင်က မိဘတွေ၊ ဆရာ၊မတွေဆိုတာ အကုန် သိရမယ်ဆိုတဲ့ စံချိန်စံညွှန်းမျိုးကို နှုတ်က မပြောရင်တောင် အပြုအမူတွေကနေ ပြကြပါတယ်။ ကလေးတစ်ခုခုဖြစ်ရင် မိဘဖြစ်ပြီး ဒါလေးတောင် မသိဘူးလား၊ ဆရာ၊မဖြစ်ပြီး ဒါလေးတောင် မလုပ်တတ်ရကောင်းလားဆိုတာမျိုးတွေကလည်း မိဘတွေ၊ ဆရာ၊မတွေကို အကုန် သိချင်ယောင်ဆောင်ဖို့ တွန်းအားတွေဖြစ်ပါတယ်။ တစ်ကယ်က ကျွန်မတို့ရဲ့ မိဘတွေ၊ ဆရာ၊မတွေ ဘေးပတ်ဝန်းကျင်က လူကြီးတွေဟာ သူတို့ အလုံးစုံမသိဘူးဆိုတာကို လက်ခံဖို့လိုပါတယ်။ ဆရာ၊မဖြစ်တိုင်း ကလေးအကြောင်း၊ ပညာရေး အကြောင်း အကုန် မသိနိုင်သလို မိဘဖြစ်တိုင်း ကလေးတွေကို ထိန်းကျောင်းနည်းတွေ အကုန် မလုပ်တတ်ပါဘူး။ ဒါကို ကျွန်မတို့ လက်ခံဖို့ လိုပါတယ်။ မသိတာတွေကို မသိကြောင်း သိပြီး၊ မသိတာတွေကို သိလာအောင် လုပ်ဖို့လိုတာပေါ့။ မတတ်တာတွေကို မတတ်မှန်း သိပြီး တတ်ဖို့ လေ့ကျင့်ဖို့လည်း လိုတာပေါ့။ လူဆိုတာ အမှားမကင်းတာမို့ အမှားကနေ သင်ယူ၊ အမှန်များအောင် လေ့ကျင့်ယူရမှာ။ အဲဒီ့အစား ကျွန်မတို့တွေက လူကြီးမိဘဖြစ်လာတဲ့အခါ အားလုံးသိတယ်၊ သိရမယ်ဆိုတဲ့ ဂျင်းမိတာကို မိတဲ့အတိုင်း နေကြတာများပါတယ်။ ကျွန်မတို့တွေ လူကြီးဖြစ်လာတဲ့အခါ ကျွန်မတို့ရဲ့ သားသမီးတွေကို ထိုနည်းအတူ ဆက်ဆံကြပြန်ပါတယ်။ ဂျင်းသံသရာ လည်နေပုံများ မဆုံးနိုင်တော့အောင်ပါပဲ။ ကျွန်မတို့ အနေနဲ့ ကလေးလူကြီးမရွေး ပိုသိတဲ့အရာတွေရှိသလို၊ သင်ယူနားလည်ဖို့ လိုသေးတာတွေရှိတယ်ဆိုတာကို ကျွန်မတို့ လူကြီး လူငယ်မရွေး လက်ခံဖို့လိုပါတယ်။ လူကြီးတွေမသိတဲ့အရာတွေကို လူငယ်တွေက မျှဝေတဲ့အခါ သင်ယူလိုစိတ်နဲ့ နားထောင်ပေးဖို့လိုပြီး လူငယ်တွေကလည်း လူကြီးတွေ ပိုသိတဲ့ အရာပြောရင် အလေးအနက် နားထောင်ပေးဖို့လိုပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့ ရပ်ဝန်းကြီးက သင်ယူမှုတွေ လုပ်ရင်း လူကြီးရော လူငယ် ကလေးပါမကျန် အကုန် ပိုပြီး မြန်မြန်တိုးတက်မှာ။ဆိုတော့ ကျွန်မတို့တွေ အကုန် မသိကြဘူးဆိုတာ လက်ခံကြရအောင်။ ဒါပေမယ့် တစ်နေ့နဲ့တစ်နေ့ ပိုသိသွားအောင် လုပ်မယ်ဆိုတဲ့ အတွေးကိုလည်းထားပြီး သင်ယူလေ့လာကြရအောင်။ မလုပ်နိုင်ဘူး၊ မသိဘူးဆိုတာ ရှက်စရာမဟုတ်ပါဘူး။ မသိဘဲ သိချင်ယောင်ဆောင်တာကမှ ရှက်စရာပါ။ ကျွန်မတို့ ကလေးတွေကို ပညာပေးတဲ့အခါဖြစ်ဖြစ်၊ ပြုစုပျိုးထောင်တဲ့အခါဖြစ်ဖြစ် သူတို့ဆီကလည်း သင်ယူစရာတွေရှိနိုင်တယ်ဆိုတဲ့ စိတ်နဲ့ နားထောင်ပေးပါ၊ ပြောဆိုခွင့်ပေးပါ။ ကိုယ့်အမြင်က မှားနေရင်လည်း မှားနေကြောင်း ပြောပြီး ဘယ်လို ပြင်ရမလဲဆိုတာပါ တစ်ခါတည်း သင်ယူပါ။ ကျွန်မကတော့ ဆရာမတစ်ယောက်အဖြစ် သင်ယူသူတွေနဲ့ အတူရှိတဲ့အခါ သူတို့ဆီက ဘာတွေသင်ယူနိုင်မလဲဆိုတာ အမြဲတွေးတယ်။ သူတို့မေးလာတဲ့ မေးခွန်းတွေ မသိရင်လည်း မသိကြောင်းပြောပြီး သိအောင် အတူတူ ဘယ်လို လုပ်ကြမလဲဆိုတာကို စဉ်းစားတယ်။ မိခင်တစ်ယောက်အဖြစ် ရှိတဲ့အချိန်တွေမှာလည်း ကျွန်မရဲ့ စိတ်ကို ဖွင့်ပြီး သား ဆီကနေ သင်ယူဖို့ ကြိုးစားမယ်။ မှားတာရှိရင် တောင်းပန်နိုင်အောင်၊ ပြုပြင်နိုင်အောင် ကြိုးစားမယ်။ ဂျင်းထည့်သူတွေ၊ ဂျင်းမိသူတွေအဖြစ်မှ ကျော်လွှားပြီး သင်ယူမှုအတွက် စိတ်ကို ဖွင့်ထားနိုင်ကြပါစေ။မေတ္တာဖြင့်… Sayarma-ဆရာမ