ကလေးတွေကို လူသားတိုင်းမှာ ရှိသင့်တဲ့ အရည်အချင်းတွေ၊ တန်ဖိုးထားမှုတွေကို သင်ကြားပြသပေးရမှာ ကျွန်မတို့တာဝန်ပဲမဟုတ်လား။ ဒါမှ လူသားဆန်တဲ့ လူသားတွေအဖြစ် လောကကို အလှဆင်နိုင်မှာပေါ့။ ကြင်နာတတ်ခြင်းဟာ လူသားဆန်ခြင်းရဲ့ အခြေခံ စံသတ်မှတ်ချက်ဖြစ်တဲ့အတွက် ကလေးတွေကို ကြင်နာတတ်တဲ့သူတွေအဖြစ် ကြီးပြင်းခွင့်ရအောင် ကူညီပေးသင့်ပါတယ်။မူကြိုမှာကတည်းက သူတပါးကို ကူညီတတ်သူ၊ ကြင်နာတတ်သူတွေဟာ အသက်(၃၀)ကျော်ရင် အခြားသူတွေထက် ပိုပြီးအောင်မြင်နိုင်ခြေရှိတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ IQ (ဉာဏ်ရည်) မြင့်တာအပြင် EQ (စိတ်ထား)မြင့်မားတာကလည်း အရမ်း အရေးပါပါတယ်။ ငယ်စဉ်မှာကတည်းက ကလေးတွေကို ကြင်နာအောင် သင်ပေးထားခြင်းဟာ လူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းဖို့ အထောက်အပံဖြစ်စေရုံမကဘူး၊ အောင်မြင်တဲ့သူအဖြစ်ရပ်တည်နိုင်အောင်ပါ ကူညီပေးနိုင်မှာပါ။ ကြင်နာတတ်တဲ့ကလေးတွေဖြစ်ဖို့ ကျွန်မတို့ဘယ်လိုကူညီနိုင်မလဲ။ ခံစားချက်တွေကို နားလည်ပါစေ – ကလေးတွေဟာ ဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း၊ သိမ်ငယ်ခြင်းစတဲ့ ခံစားချက်တွေအပြင် ပျော်ရွှင်ခြင်း၊ ဂုဏ်ယူမိခြင်း၊ ကျေနပ်ခြင်းစတဲ့ ခံစားချက်တွေကို သိဖို့လိုပါတယ်။ ကောင်းတဲ့ ခံစားချက်တွေ၊ မကောင်းတဲ့ ခံစားချက်တွေကို သေချာ သိမှ ကိုယ့်ရဲ့ လုပ်ရပ်တွေက ကောင်းတဲ့ ခံစားချက်ဖြစ်စေလား၊ မကောင်းတဲ့ ခံစားချက်ဖြစ်စေလားဆိုတာကို ချိတ်ဆက်စဉ်းစားနိုင်မှာပါ။ ဒါကြောင့် သူတို့ကိုယ်တိုင် နေ့စဉ် ခံစားရတဲ့ ခံစားချက်လေးတွေကို မေးပါ။ သူတို့နဲ့ စကားပြောပါ။ ကိုယ့်ရဲ့ ခံစားချက်လေးတွေကို သူတို့နားလည်အောင် လွယ်ကူစွာ ရှင်းပြပေးပါ။ ကြင်နာခြင်း စကားဝိုင်း – မိသားစုတွေ တစ်နေ့ကို တစ်ခါစုံပြီး ထမင်းစားတဲ့အခါ၊ စကားတွေ ပြောတဲ့အခါ တစ်နေ့တာအတွင်းမှာ ကောင်းတာဘာတွေ လုပ်ခဲ့လဲဆိုတာ မျှဝေပေးပါ။ ဒီနေ့ ဘယ်သူ့ကို ကူညီခဲ့လဲ၊ ဒီနေ့ စိတ်ကိုချမ်းသာစေတဲ့ အလုပ်ဘာလုပ်ခဲ့လဲစတဲ့ မေးခွန်းတွေကို မေးပြီး ဆွေးနွေးပါ။ ကလေးတွေက ပြောပြသလို လူြကြီးတွေကိုယ်တိုင်က ကြုံတွေခဲ့တဲ့ ကောင်းတဲ့အရာတွေ၊ တွေးမိတဲ့ ကောင်းတဲ့ အတွေးတွေကို မျှဝေပါ။ ကလေးတွေဟာ သူတို့ရဲ့ ကြင်နာခြင်းလုပ်ရပ်တွေ၊ အတွေးတွေကို ဂုဏ်ယူစွာ ပြောခွင့်ပေးပါ။ ကလေးတွေမျှဝေတဲ့အခါ သေချာ နားထောင်ပေးပါ၊ အသိမှတ်ပြုပေးပါ။ သေချာနားထောင်ခြင်းနဲ့ အသိမှတ်ပြုခြင်းဟာလည်း ကြင်နာခြင်းအပြုအမူပဲ မဟုတ်လား။ ကြင်နာခြင်းကို ကြင်နာစွာသင်ပေးပါ – ကလေးတွေဟာ ဘယ်လိုနည်းနဲ့ ကြင်နာခြင်းကို ပြကြမလဲ။ ဘယ်လိုပုံစံနဲ့ နေထိုင်ပြုမူဆောင်ရွက်ရင် ကြင်နာတတ်သူတွေဖြစ်ကြမလဲဆိုတာလည်း သိဖို့လိုပါတယ်။ ကလေးတွေကို စာအုပ်စာပေတွေကနေတဆင့် ဘယ်လုပ်ရပ်ကကောင်းတယ်၊ ဘယ်လုပ်ရပ်က မကောင်းဘူးဆိုတာ သင်ပြပေးနိုင်ပါတယ်။ စာအုပ်ပါ အကြောင်းအရာတွေကို ပြန်ဆွေးနွေးတာမျိုးတွေ လုပ်နိုင်သလို ကောင်းတဲ့အပြုအမူတွေ အကြောင်းကို သီးသန့်ဆွေးနွေးတာမျိုးလည်း လုပ်ပါ။ ဥပမာ – အလှည့်ကျ ကစား တယ်ဆိုတာ ဘာကို ပြောတာလဲဆိုတာ ကလေးကို သိအောင် သီးသန့် သင်ပေးတာမျိုးပေါ့။ သင်ပေးတဲ့အခါမှာ ဆူငေါက်ပြီး မသင်ဖို့၊ ကလေးမကောင်းတာတွေကြည့်ဘဲ ဖိမပြောဖို့ သတိပြုပါ။ အမြဲကြင်နာဖို့ဟာ ခက်ခဲကြောင်း အသိမှတ်ပြုပေးပါ – ကျွန်မတို့လို့ သာမန် လူပုဂ္ဂိုလ်တွေမှာ အမြဲကြင်နာဖို့ ခက်ခဲပါတယ်။ တခါတလေ ဒေါသထွက်တယ်၊ တခါတလေ မနာလိုဖြစ်တယ်၊ တခါတလေ ရလိုတယ်။ ဒါတွေကို အတတ်နိုင်ဆုံး လျော့ချဖို့ ကြိုးစားဖု့ိလိုပေမယ့် အမြဲ ရှောင်လွှဲဖို့ မလွယ်နိုင်ဘူးဆိုတာ ကျွန်မတို့ နားလည်ဖို့လိုပါတယ်။ ကလေးတွေလည်း အမြဲ ကြင်နာတတ်ရမယ်ဆိုတဲ့ စည်းကမ်းထားတာထက် အတတ်နိုင်ဆုံး ကြိုးစားပြီး ကြင်နာကြမယ်၊ ကြင်နာတတ်တဲ့ အပြုအမူလုပ်တိုင်းလည်း အသိမှတ်ပြုပေးမယ်ဆိုတာမျိုး အသိပေးထားပါ။ ကျွန်မတို့အနေနဲ့လည်း ကောင်းတာတွေ ကြိုးစားလုပ်ဆောင်နေရာက မကောင်းတဲ့အရာတစ်ခုကို မထင်မှတ်ဘဲ လုပ်ဆောင်လိုက်တဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်မတင်ဘဲ နောက်ထပ်ဒီလို မဖြစ်အောင် ဘယ်လို လုပ်မလဲ၊ အခုထပ်ပိုပြီးဘယ်လိုကောင်းအောင်နေမလဲဆိုတာကို ပိုပြီး စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့တွေကလေ ကလေးတွေကို ကြင်နာတတ်အောင် သင်ပေးဖို့ အမြဲ စိတ်အားထက်သန်ကြတယ်။ ကျွန်မတို့ကိုယ်တိုင်ကရော ကြင်နာဖို့ စိတ်အားထက်သန်နေပြီလား။ ကျွန်မတို့ရဲ့ ကလေးတွေက ကျွန်မတို့ နေပုံ ထိုင်ပုံ သွားပုံ လာပုံ အကုန်လုံးကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတာ၊ သင်ယူနေတာနော်။ ကျွန်မတို့ဟာ ကလေးတွေကို ပိုကောင်းတဲ့ ကမ္ဘာကြီးလက်ဆောင်ပေးချင်ရင် ကျွန်မတို့တွေလည်း အချင်းချင်း ကြင်နာမှုတွေနဲ့ ရှေ့ဆက်မှ ဖြစ်ပါမယ်။ ကလေးတွေအတွက် ကျွန်မတို့ရဲ့ ကောင်းမွန်သော ကြင်နာမှုတွေကို လူအများနဲ့ မျှဝေကြရအောင်။ကြင်နာမှုများနှင့် အေးချမ်းနိုင်အောင် စွမ်းဆောင်နိုင်ကြပါစေ။မေတ္တာဖြင့်… Sayarma-ဆရာမ