ကျွန်မတို့ အခုလို နိုင်ငံရေး အခြေအနေမှာ အားလုံးမြင်နိုင်တာက အမိန့်တစ်ခုထဲကိုပဲ နာခံတတ်တဲ့သူတွေနဲ့ ကြောက်တတ်လွန်းသူတွေဟာ တိုးတက်မှု၊အောင်မြင်မှုကိုနှောင့်နှေးစေတာ အားလုံးမြင်တွေ့ကြားနေရမှာပါ။
ဒီလို အကြောက်တရားတွေနဲ့ အမိန့်ပဲ နာခံပြီး Brain wash လုပ်ဖို့ လွယ်ကူအောင် ဘယ်အပိုင်းကဏ္ဍတွေက ကူညီနေသလဲဆိုတာ စဉ်းစားကြည့်ရင် စနစ်အတွင်းကကေန ဖျက်စီးခြင်းခံခဲ့ရတဲ့ ပညာရေး စနစ်နဲ့ ကလေးပျိုးထောင်မှု စနစ်တွေက အဓိကပါ၀င်ပါတယ်။
၈၈ မတိုင်ခင် မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ ပညာရေးနဲ့ မျက်နှာပွင့်ပြီး တိုးတက်မှု လမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်ခဲ့တယ်။ နောက် စစ်တပ်က အာဏာသိမ်းပြီးတဲ့အခါ ပထမဆုံး လုပ်ခဲ့တဲ့ လုပ်ငန်းတွေထဲက တစ်ခုကဘာလဲ ဆိုရင် ပညာရေး ပြုပြင်ပြောင်းလဲရေးပါပဲ။ စဉ်းစားတွေးခေါ်တတ်ပြီး ဝေဖန်ပိုင်းခြားတတ်သူတွေ၊ ထောက်ပြပြောဆိုတတ်သူတွေ၊ အမြင်ကျယ်သူတွေ များလေလေ အမိန့်အာဏာ မတည်မြဲမှု၊ အာဏာဖီဆန်မှုတွေများမှာဆိုတော့ ပညာရေးစနစ်ကနေ အမိန့်ကို နာခံတတ်သူတွေဖြစ်အောင် လေ့ကျင့်ဖို့ စတင်ခဲ့တယ်လို့ ကျွန်မမြင်မိတယ်။
အမိန့်သာလျင် နာခံတတ်ပြီး မစဉ်းစားနိုင်သူတွေ၊ စကားလုံး ကြမ်းကြမ်း သုံးရရင် နလပိန်းတုံးတွေပေါ့ – သူတို့တွေ မစဉ်းစားမဆင်ခြင်နိုင်အောင်၊ စဉ်းစားရင်လည်း ဘောင်သေးသေးလေးထဲကနေပဲ စဉ်းစားနိုင်အောင်၊ ပြောသမျှ နာခံတတ်အောင် ကျွန်မတို့ရဲ့ စာသင်ကျောင်းတွေမှာ စာမေး၊ ဒါဖြေ စနစ်တွေ၊ နှုတ်တိုက်ကျက်တာတွေ ပိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာကြတယ်။ ဆရာ၊မဆိုတာ တပည့်ထက် ပိုသိပိုတတ်တယ်၊ ဒါကြောင့် ဆရာပြောသမျှ အမှန်ပဲ။ ဆရာ့ကို မေးခွန်းထုတ်ခွင့်မရှိဘူး။ မေးခွန်းထုတ်ခဲ့ရင်၊ မှားတာ ထောက်ပြခဲ့ရင် နင်သိနေရင် နင်ထွက်သင်လိုက်ပါလားဆိုပြီး ပြောတတ်လာအောင် စနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ ကြာလာတော့ ကလေးတွေက မေးခွန်းမေးရကောင်းမှန်းမသိဖြစ်လာတယ်။ ခေတ်စနစ် ပြောင်းလာတဲ့အခါ မေးခွန်းမေးကြလို့ အားပေးတဲ့အချိန်မှာ မေးချင်ပေမယ့် ဘာမေးရမှန်းကို မသိတဲ့အခြေအနေတွေဖြစ်လာတယ်။
ကျောင်းပညာရေးတင်မကဘူးနော်၊ လူ့အသိုင်းအဝိုင်းထဲမှာပါ ဒီလိုပါပဲ။ ကျောင်းထိုင်ဘုန်းကြီးက ကိုရင်စကားနားထောင်စရာမလိုသလို မိဘတွေက ကလေးတွေ စကားနားထောင်ဖို့ မလိုဘူး ဆိုတာမျိုးတွေ ကျင့်သုံးကြတာ။ ငါ နင်တို့ထက် ထမင်း အနှစ် နှစ်ဆယ်လောက် အရင်စားလာတာ၊ ငါပိုသိတယ် ဆိုတာမျိုးတွေနဲ့ ကလေးတွေရဲ့ သိလိုစိတ်တွေ၊ စူးစမ်းချင်စိတ်တွေ၊ သင်ယူခွင့်တွေ၊ ပြောဆိုခွင့်တွေကို ပိတ်ပစ်ခံရတယ်။ ကြာလာတော့ အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ကလေးတွေဟာ၊ လူတွေဟာ နာခံဖို့သာ သင်ယူကြရတယ်။
ငယ်ငယ်က အမှားတစ်ခုခုလုပ်တဲ့အခါ ကြောက်ပြီး ဟိုလိမ် ဒီညာလုပ်တာတို့၊ ဟိုဖွက်ဒီဖွက်တို့ လုပ်တာတို့ ကြုံဖူးလား။ သိသွားရင် အရိုက်ခံ၊ အဆူခံ၊ အဆဲခံရတာတွေရော သိတယ်မလား။ ဒါတွေဟာ ကြောက်စိတ်ကို ထည့်ပေးတာ။ ကိုယ့်ကြောင့် ပန်းကန်ကွဲရင် အရိုက်ခံရပြီး မိဘကြောင့် ဖြစ်ရင် ဘာမှ မဖြစ်တာတွေက မတရားမှုဆိုတာ လုပ်လို့ရတယ်၊ ကြီးနိုင်ငယ်ညှင်းလုပ်လို့ရတယ်ဆိုတာ သင်ပေးနေတာ။ အမှားတစ်ခုခု လုပ်တဲ့အခါ ကျွန်မတို့တွေက ဘာကြောင့်မှားတယ်ဆိုတာ သိဖို့ မကြိုးစားဘဲ လက်ညှိုးထိုး အပြစ်တင် ကြတာ။ ဒါတွေလည်း ပြောင်းရမှာ။
အခုဖြစ်နေတဲ့ ပြဿနာတွေကို လတ်တလော ရှင်းပြီးတဲ့အခါ ကျွန်မတို့ ပညာရေးစနစ်ကို၊ ကျွန်မတို့ မိသားစုကို၊ ကျွန်မတို့ အသိုင်းအဝန်းကို အမိန့်နာခံတတ်ဖို့ သင်မယ့်အစား၊ စဉ်းစား ဆင်ခြင်နိုင်အောင် သင်ပေးပါ။ စကား နားထောင်ရင် လိမ်မာတယ်လို့ ပြောမယ့်အစား မှန်ကန်တဲ့ လုပ်ရပ်တွေကို ရွေးချယ်နိုင်အောင် ကူညီပေးပါ။ မှားကြတဲ့အခါ ဘာကြောင့်မှားလဲ သိအောင်လုပ်ပြီး မှန်အောင် တည့်မတ်ပေးပါ။ လူကြီးတွေ စကားပြောနေရင် ဝင်မရှုပ်နဲ့လို့ ငေါက်လွှတ်မယ့်အစား လိုတဲ့ ဗဟုသုတတွေကို သိအောင် ကူညီပြီး တတ်နိုင်သလောက် ပါဝင်ဆွေးနွေးခိုင်းပါ။ ငါပြောတာ အမှန် ဆိုတဲ့ တထစ်ချ ပြောဆိုမှုအစား ကလေးတွေရဲ့ အမြင်ကို ပြောဆိုခိုင်းပြီး ဘာကြောင့် အဲ့လို ထင်မြင်သလဲဆိုတာကို မေးခွန်းထုတ်ပါ။
အခု ကျွန်မတို့ နိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ရေခဲပြင်ထိပ်က အဖူးအငုံလေးပဲ ရှိပါသေးတယ်။ လူ့အသိုင်းအဝန်းထဲမှာ၊ စနစ်တွေထဲမှာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေထဲမှာ ကိန်းအောင်းနေတဲ့ အခြား အကြောင်းအရင်းတွေ၊ ပြဿနာတွေ အများကြီး ကျွန်မတို့ ရင်ဆိုင်ရဦးမှာ။ အဲဒီ့အတွက် ကျွန်မတို့ နေအိမ်တွေကနေ၊ စာသင်ခန်းတွေကနေ၊ ရပ်ကွက်တွေကနေ စတင်ပြီး ပြောင်းလဲဖို့ ကြိုးစားကြရအောင်။ ကလေးတွေကို တွေးတတ်အောင် သင်ပေးရင်း ကိုယ်တိုင်လည်း ကလေးတွေနဲ့အတူ လိုက်တွေးကြည့်ရအောင်။ ကျွန်မတို့တွေ စဉ်းစားဉာဏ်မဲ့ နာခံတတ်သူတွေ မဖြစ်အောင် ကြိုးစားကြမယ်။
မေတ္တာဖြင့်…
Sayarma-ဆရာမ