ကောင်းတဲ့စကားတွေ၊ အတွေးတွေနဲ့ အပြုအမူတွေဆီကနေ ကောင်းတဲ့ စွမ်းအင်တွေရတယ်ဆိုတာ ယုံလား။ ကိုယ့်ကို ကောင်းတာတွေ ပြောတဲ့အခါ ကောင်းစွာ တုန့်ပြန်ရင်လည်း ကောင်းတဲ့ စွမ်းအင်တွေရတယ်ဆိုတာ ယုံလား။ ကျွန်မက ကောင်းတဲ့ စကားတွေ၊ အပြုအမူတွေနဲ့ အတွေးတွေမှာ ကောင်းမွန်တဲ့ စွမ်းအင်ရှိတယ်လို့ ယုံကြည်သူပါ။

ယုံကြည်ချက်အတိုင်း အလုပ်ခွင်မှာရော၊ မိသားစုတွင်းမှာပါ ကျွန်မက အသိမှတ်ပြုစကားတွေ၊ ကျေးဇူးတင်စရာအကြောင်းအရာတွေကို အချိန်ပေးပြီးပြောဖို့ ကြိုးစားဖြစ်တယ်။ အတွေ့အကြုံအရ ကျေးဇူးတင်စကားကို သေသေချာချာ ပြောဖြစ်တဲ့အခါ၊ ချီးကျူးစကားတွေ၊ အသိမှတ်ပြုတဲ့စကားတွေ ပြောတဲ့အခါ ဒါမျိုး သိပ်မကြုံဖူးတဲ့သူတွေက သက်တောင့်သက်တာမဖြစ်တာလည်း ကြုံဖူးပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့အခါ ဘာပြန်ပြောရမှန်းမသိတာမျိုး၊ စကားလွှဲသွားတာမျိုး၊ ကျေးဇူးတင်စရာမလိုပါဘူးဆိုပြီး အားနာတဲ့ပုံနဲ့ တုန့်ပြန်ကြတယ်။

တခါတလေမှာ ကိုယ်က သေချာ ကျေးဇူးတင်တာ၊ အသိမှတ်ပြုတာကို ဘယ်လိုမှပြန်လည်မတုန့်ပြန်တာတို့ လက်မခံတာတို့အပေါ်မှာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်က သေချာ စိတ်နှစ်ပြီး အချိန်ပေးပြီးပြောတာကို အပေါ်ယံလေး ဂရုမစိုက်သလို လုပ်ပြကြတဲ့အခါ နောက်ထပ် အသိမှတ်ပြုစကားတွေ ဆက်ပြောဖို့ ကျေးဇူးတင်ဖို့ တော်တော်ပြန်ကြိုးစားရတဲ့အခါတွေရှိတယ်။

အဲဒီ့လို ခဏခဏ ကြုံလာရတော့ ကျေးဇူးတင်ခံရတဲ့အခါ၊ အသိမှတ်ပြုခံရတဲ့အခါ ပြန်လည် တုန့်ပြန်ပုံတွေကလည်း ကျွန်မတို့ဘဝမှာ ကြုံခဲ့ရတာတွေနဲ့လည်း ဆိုင်မယ်လို့ စဉ်းစားမိတယ်။ တော်တော်များများကြုံဖူးကြမှာပါ – အဖေ၊ အမေတွေက ကလေးတွေကို ဆူဖို့ဆိုရင် အချိန်ပေးပြီး လုပ်တယ်၊ ချီးကျူးအသိမှတ်ပြုဖို့ဆိုရင် စိတ်ထဲမှာပဲ ထားကြတယ်။ ယေဘူယျအားဖြင့် ဒေါသနဲ့ အားမရမှုကို ချစ်ခြင်းမေတ္တာထပ် ပိုပြီး ပြသကြတယ်။ အလုပ်ခွင်ထဲမှာဆိုရင်လည်း မှားရင် ထောက်ပြတာကို သေသေချာချာ အချိန်ပေးပြီးလုပ်ကြပေမယ့် အချိန်ပေးပြီး သေသေချာချာ ချီးကျူးအသိမှတ်ပြုတာမျိုး သိပ်မလုပ်ကြဘူး။

ရလဒ်ကတော့ ကျွန်မတို့တွေဟာ အများသူငှာက ကိုယ့်ကို မကောင်းတာပြောရင် ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို ပိုရင်းနှီးကြပြီး ချီးကျူးခံရတဲ့အခါ၊ အသိမှတ်ပြုခံရတဲ့အခါဆိုရင် ဘယ်လိုပြန်လည်တုန့်ပြန်ရမလဲ သိပ်မသိကြဘူး။ အချို့ဆိုရင် ကောင်းတာတွေနဲ့ ကြုံရတဲ့အခါ ပြန်တုန့်ပြန်ဖို့ ရှက်ကြတယ်။

ကောင်းတဲ့အတွေးတွေကို ကွင်းဆက်မပြတ်ဖို့ ကောင်းတဲ့ စွမ်းအင်တွေ လက်ဆင့်ကမ်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ ကောင်းတဲ့အတွေးတွေ၊ ကောင်းတဲ့ အပြုအမူတွေနဲ့ ကောင်းတဲ့ ပြောဆိုမှုတွေနဲ့ တွေ့ကြုံရတဲ့အခါ လက်ခံကြောင်းပြဖို့၊ အသိမှတ်ပြုဖို့ လိုအပ်တယ်။ ကောင်းမွန်တဲ့ အရာတွေကို ကောင်းမွန်စွာ လက်ခံပြီး ပြန်လည်တုန့်ပြန်ခြင်းဟာ ကောင်းခြင်းတွေကို စပွါးတိုးလိုက်တယ်လို့ မြင်ပါတယ်။သူတို့ရဲ့ ကောင်းမွန်သော သက်ရောက်မှုကို ဘဝအတွက် တွန်းအားတွေဖြစ်စေမှာပါ။

ဒါကြောင့် ကိုယ့်ရဲ့ သားသမီးဖြစ်ဖြစ်၊ မိဘဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေဖြစ်ဖြစ်၊ အလုပ်ခွင်က အပေါင်းအပါတွေဖြစ်ဖြစ် ကောင်းတဲ့အရာတွေကို မြင်ရင် အသိမှတ်ပြုပါ၊ ချီးကျူးပါ၊ ကျေးဇူးတင်ဖို့လိုရင် ကျေးဇူးတင်ပါ။ ကိုယ့်ကို ကောင်းမွန်တဲ့ အသိမှတ်ပြုမှုပေးလာရင်လည်း လက်ခံပါ။ ဒါမှ ကျွန်မတို့ လိုချင်တဲ့ ကောင်းမွန်တဲ့ လူ့အသိုင်းအဝန်းတစ်ခုကို ပိုကောင်းမွန်စွာ ဖန်တီးနိုင်မယ်မဟုတ်လား။ အပြန်အလှန် အသိမှတ်ပြု လေးစားကြသော ဝန်းကျင်တစ်ခု ဖန်တီးနိုင်ကြပါစေ။ ?

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo retrieved from https://www.aura.life/…/how-to-stay-connected-and…