ဆရာဆရာမများအနေနှင့် အတန်းထဲတွင် မေးခွန်းများမေးကြသည်မှန်သော်လည်း ထိရောက်မှုရှိရန် မှန်ကန်စွာမေးမြန်းတတ်ရန်လိုအပ်ပါသည်။ ပုံမှန်အားဖြင့် ဆရာဆရာမများသည် မေးခွန်းမေးမြန်းသော်လည်း ကျောင်းသားကျောင်းသူများထံမှ အဖြေမရရှိသောကြောင့် မေးခွန်းမေးမြန်းခြင်းထက် မိမိကိုယ်တိုင် အဖြေပြောပြခြင်းကို ပိုမိုပြုလုပ်တတ်ကြပါသည်။
ဆရာဆရာမတစ်ယောက်အနေနှင့် မိမိတို့၏ ကျောင်းသားကျောင်းသူများကို အတန်းထဲတွင် ယုံကြည်မှုရှိရှိ ပြောဆိုဆွေးနွေးစေချင်ကြသည်မှာ ပုံမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် ကျောင်းသားကျောင်းသူများသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်ရည် အကျင့်စရိုက် စသည်တို့ မတူညီကြသဖြင့် အတန်းထဲတွင် ပူးပေါင်းပါဝင်မှုပုံစံသည်လည်း ကွာခြားနိုင်ပါသည်။ သွက်လက်သော ကျောင်းသားကျောင်းသူများ အနေနှင့် ဆရာဆရာမ၏ မေးခွန်းကို ဖြေကြားရာတွင် အခက်မခဲမရှိနိုင်သော်လည်း ရှက်ကြောက်တတ်သော ကလေးများအတွက်မူ အတန်းထဲတွင် ဆရာဆရာမ မေးသော မေးခွန်းကို ဖြေကြားရန် အခက်အခဲရှိတတ်ကြပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဆရာဆရာမ အနေနှင့် မေးခွန်းကို ဖြေကြားနိုင်သော ကျောင်းသားကို သာ အဓိကထားမေးမြန်းခြင်း၊ မဖြေဆိုနိုင်သော ကျောင်းသားကျောင်းသူကို ဖြေဆိုသည်အထိ အတင်းတွန်းအားပေး မေးမြန်းခြင်းများ မပြုလုပ်သင့်ပါ။ မေးခွန်းကို ဖြေဆိုနိုင်သော ကျောင်းသားကျောင်းသူကိုသာ အဓိကထားမေးမြန်းနေပါက ကျန်ကျောင်းသားကျောင်းသူများအနေနှင့် ဆရာဆရာမ၏ မေးခွန်းကို ဖြေဆိုရန် အားမထုတ်တော့ဘဲ တခြားသူဖြေပါလိမ့်မယ် ဆိုသော အကျင့်မျိုးစွဲကပ်နိုင်ပြီး မဖြေနိုင်သည်ကို အတင်းမေးမြန်းပါကလည်း ဆရာ၏ မေးခွန်းကို ကြောက်ရွံ့ကာ ဖြေဆိုနိုင်စွမ်း ပိုမိုကျဆင်းသွားနိုင်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသားကျောင်းသူများအတန်းထဲတွင် ဆရာဆရာမမေးမြန်းသော မေးခွန်းကို ယုံကြည်မှုရှိရှိ ဖြေဆိုလာစေရန် လုပ်ဆောင်နိုင်သော နည်းလမ်းအချို့ကို ဆွေးနွေးတင်ပြပါမည်။
စဉ်းစားချိန်ပေးပါ။
ကျောင်းသားကျောင်းသူများကို မေးခွန်းမေးမြန်းပြီးသောအခါ၌ အဖြေကို ချက်ခြင်းမေးမြန်းခြင်းမျိုး မပြုဘဲ စဉ်းစားချိန်ပေးရပါမည်။ တစ်ဉီးချင်းစဉ်းစားခိုင်းခြင်းမျိုးမဟုတ်ဘဲ စဉ်းစားချိန်ပိုမိုရရှိရန်၊ အဖြေကို ယုံကြည်မှုရှိရှိပိုမို ပြောဆိုဆွေးနွေးလာနိုင်စေရန် Think-pair-share, cooperative learning စသည့်နည်းစနစ်များ ကို အသုံးပြုနိုင်ပါသည်။ ထို့ပြင် silent time ကဲ့သို့ အချိန်အနည်းငယ်ခန့် ငြိမ်သက်ပေးခြင်းဖြင့်လည်း ကျောင်းသားကျောင်းသူများအနေနှင့် မေးခွန်းအတွက် အဖြေကို စဉ်းစားချိန်ပိုရသဖြင့် အဖြေကို ယုံကြည်မှုရှိရှိပိုမိုဖြေကြားနိုင်မည်ဖြစ်ပါသည်။
Active Learning Strategies များကို အသုံးပြုပါ။
ဆရာဆရာမများအနေနှင့် ကျောင်းသားကျောင်းသူများ၏ သင်ခန်းစာအပေါ် နားလည်မှုကို စစ်ဆေးချင်သည့်အခါ မေးခွန်းများမေးမြန်းခြင်းထက် ကျောင်းသားကျောင်းသူများအနေနှင့် မိမိတို့၏ အမြင်ကို ဖလှယ်နိုင်သည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမည်ဖြစ်ပါသည်။ ဆရာဆရာမမှ သီးသန့်ရှင်းပြမေးမြန်းခြင်းထက် ကျောင်းသားကျောင်းသူများကို mind map ဆွဲ၍ အချင်းချင်းဆွေးနွေးစေခြင်း၊ Cooperative learning techinques ကဲ့သို့ Jigsaw method, round-robin, numbered heads စသည့်နည်းစနစ်များသည် ကျောင်းသားကျောင်းသူများအနေနှင့် မိမိတို့၏ အမြင်ကို အခြားသူများနှင့်ဖလှယ်နိုင်ခြင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးစီက မိမိ၏ သင်ကြားသင်ယူမှု နားလည်မှုအတွက် တာဝန်ယူရသဖြင့် သင်ခန်းစာကို ပိုမို ဆွေးနွေးနိုင်လာမည်ဖြစ်ပါသည်။
မိမိ၏ကိုယ်နေဟန်ထားကို သတိထားပါ။
ကျောင်းသားကျောင်းသူများ ဆွေးနွေးနေစဉ်တွင် မိမိ၏ ကိုယ်နေဟန်ထားကို သတိထားရပါမည်။ လက်ပိုက်ထားခြင်း၊ ကျောင်းသားကျောင်းသူများ ဆွေးနွေးနေစဉ်တွင် စိတ်မဝင်စားသောပုံစံပြမိခြင်းစသည်တို့သည်လည်း ကျောင်းသားကျောင်းသူများ၏ ပါဝင်ဆွေးနွေးလိုစိတ်ကို လျော့ကျစေပါသည်။ စိတ်ပါဝင်စားစွာနားထောင်ခြင်း၊ ကျောင်းသားကျောင်းသူများဆွေးနွေးနေစဉ်တွင် ခေါင်းငြှိတ်၍နားထောင်ခြင်း စသည့်အပြုအမူများသည် ဆွေးနွေးလိုစိတ်ကို ပိုမိုဖြစ်ပေါ်စေပါသည်။
မေးမည့်မေးခွန်း၊ ဆွေးနွေးမည့်အကြောင်းအရာကို ကြိုတင်စဉ်းစားထားပါ။
မေးခွန်းကို ကြိုတင်မစဉ်းစားဘဲ မှန်မှားမေးခွန်းများကိုချည်းသာ မေးမြန်းပါက ကျောင်းသားကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုကို ကျဆင်းစေနိုင်ပါသည်။ မိမိလိုချင်သော အဖြေကို ရရှိရန် မေးမြန်းသောမေးခွန်းများကို စနစ်တကျပြင်ဆင်ထားသင့်ပါသည်။ ဆရာဆရာမမေးမြန်းသောမေးခွန်းသည် “နားလည်လား၊ မေးစရာရှိသေးလား” စသည့်မေးခွန်းပုံစံမျိုးထက် ကျောင်းသားကျောင်းသူ၏ စဉ်းစားတွေးခေါ်မှုကို တွန်းအားပေးသော မေးခွန်းမျိုးအကြောင်းအရာမျိုး ဖြစ်သင့်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကျောင်းသားကျောင်းသူများ အနေဖြင့်မိမိတို့၏ ထင်မြင်ယူဆချက်များကို ယုံကြည်မှုရှိရှိဆွေးနွေးနိုင်စေရန် ဆရာဆရာမ၏ သင်ကြားရေးနည်းစနစ်သည်လည်း အရေးကြီးသော အခန်းကမှပါဝင်ကြောင်း တင်ပြအပ်ပါသည်။
စာရေးသူ-ဆရာမ ပွင့်ရည်ဝင်း
မေတ္တာဖြင့်…
Saya-ဆာယာ