ဆရာဆရာမများအနေနှင့် အတန်းထဲတွင်မေးခွန်းများမေးပြီးနောက် အဖြေရရှိရန် မည်မျှစောင့်ဆိုင်းတတ်ပါသလဲ။ ပုံမှန်အားဖြင့် ဆရာဆရာမများသည် မေးခွန်းမေးပြီးနောက် ချက်ချင်းအဖြေရရန် ကြိုးစားတတ်ကြပါသည်။
ဆရာဆရာမများသည် ကျောင်းသားကျောင်းသူများ၏ လေ့လာသင်ယူမှုကို သိရှိရန် မေးခွန်းများမေးလေ့ရှိကြပါသည်။ မိမိတို့ သင်ကြားသော သင်ခန်စာကို နားလည်မှုရှိမရှိသိရှိရန် မေးခွန်းများမေးကြပြီး လွယ်ကူသောမေးခွန်းများ မေးသည့် အခါတွင် ကျောင်းသားကျောင်းသူများအနေနှင့် အလွယ်တကူဖြေကြားနိုင်သော်လည်း ခက်ခဲသော မေးခွန်းများအတွက်မူ စဉ်းစားရန် အချိန်ပေးရမည် ဖြစ်ပါသည်။ မေးခွန်းမေးပြီးနောက် အချိန်အနည်းငယ် (၁-၂မိနစ်) ခန့် စဉ်းစားချိန် ပေးခြင်းသည် ကျောင်းသားကျောင်းသူများ၏ သင်ကြားသင်ယူမှုကို တိုးတက်စေပါသည်။
စစ်တမ်းများအရ မေးခွန်းမေးပြီးနောက် ကျောင်းသားကျောင်းသူများအား စဉ်းစားချိန် ပေးခြင်းသည် သင်ကြားသင်ယူမှုတွင် အကျိုးကျေးဇူးရှိသည်ကို တွေ့ရပါသည်။ မေးခွန်းမေးပြီးနောက် စဉ်းစားရန် အချိန် ၁-၂မိနစ် ခန့်ပေးလိုက်ခြင်းသည် သိသာထင်ရှားသော သက်ရောက်မှုရှိပါသည်။ သို့သော် ဆရာဆရာမ များအနေနှင့်မူ စဉ်းစားချိန်ကို ၀.၉ စကန့်သာ ပေးတတ်ကြသည်ဟု စစ်တမ်းများအရ တွေ့ရပါသည်။ ဆရာဆရာမများအနေနှင့် စဉ်းစားရန် အချိန် ၁-၂ မိနစ် စောင့်ဆိုင်းရသည်ကို အလွန်ရှည်ကြာသည်ဟု ထင်မြင်တတ်ကြပါသည်။ မိမိ၏ အတန်းတွင် ၁-၂ မိနစ်ခန့် တိတ်ဆိတ်နေခြင်းကို သည်းခံရန် ခက်ခဲတတ်ကြပါသည်။ စဉ်းစားချိန်ပေးသည့်အခါတွင်လည်း စာသင်ခန်းအတွင်း တိတ်ဆိတ်မနေစေရန် မေးခွန်းကို ထပ်ခါထပ်ခါ မေးနေခြင်း၊ မေးခွန်းကို နောက်တစ်မျိုးပြောင်းမေးခြင်း၊ သင်ခန်းစာကို ထပ်ခါထပ်ခါရှင်းပြခြင်း စသည်တို့ကို ပြုလုပ်တတ်ကြပါသည်။ စဉ်းစားချိန်ပေးရာတွင် ဆရာမှ မည်သို့မျှဝင်ရောက်စွက်ဖက်မှုမလုပ်ဘဲ တိတ်ဆိတ်စွာဖြင့် ကျောင်းသားအနေနှင့် လွတ်လပ်စွာ စဉ်းစားရန် အချိန်ပေးရမည်ဖြစ်ပါသည်။
မေးခွန်းမေးပြီးနောက် ကျောင်းသားကျောင်းသူများကို ချက်ခြင်းဖြေကြားစေခြင်းမျိုးမပြုဘဲ စဉ်းစားရန် အချိန်ပေးလိုက်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူများအနေနှင့် မေးခွန်းကို သေချာနားလည်သဘောပေါက်ပြီး အဖြေကိုလည်း ပိုမို ယုံကြည်မှုရှိရှိဖြေကြားနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် အတန်းထဲတွင် ရှိသော ကျောင်းသားကျောင်းသူများသည် တစ်ဉီးနှင့် တစ်ဉီး လေ့လာသင်ယူပုံ အကျင့်စရိုက် စသည်တို့သည် တစ်ဉီးနှင့် တစ်ဉီး မတူညီကြသောကြောင့် ဆရာ၏ မေးခွန်းကို ချက်ချင်းဖြေနိုင်သည့်သူ ရှိနိုင်သော်လည်း အဖြေရရန် ခေတခဏ စဉ်းစားရသည့် ကျောင်းသားကျောင်းသူများလည်းရှိနိုင်ပါသည်။ အထူးသဖြင့် ကျောင်းသားကျောင်းသူများ၏ ထင်မြင်ယူဆချက်များကို မေးသောမေးခွန်းများတွင် ၎င်းတို့၏ ယူဆချက်ကို အများနှင့် ထုတ်ဖော်မပြောခင် ကျောင်းသားကျောင်းသူများအနေနှင့် စဉ်းစားရန် အချိန်လိုအပ်မည် ဖြစ်သည်။ ထို့ပြင် စဉ်းစားရန် အချိန်ပေးခြင်းကြောင့် ကျောင်းသားကျောင်းသူများအနေနှင့် သင်ခန်းစာကို ပြန်လည် ဆန်းစစ်တွေးတောရန် အလေ့အကျင့်ပြုလုပ်ပေးသကဲ့သို့ဖြစ်သောကြောင့် စဉ်းစားတတ်သော အလေ့အကျင့်ကို ပျိုးထောင်ပေးရာရောက်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဆရာဆရာမများအနေနှင့် စာသင်ခန်းအတွင်း တိတ်ဆိတ်နေခြင်းကို ကြောက်ရွံ့မနေဘဲ ကျောင်းသားကျောင်းသူများကို စဉ်းစားရန် အချိန်တစ်ခုပေးခြင်းဖြင့် ထိရောက်သော သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် ဆုမွန်ကောင်းပြုပါသည်။
စာရေးသူ – ဆရာမပွင့်ရည်ဝင်း
မေတ္တာဖြင့်…
Saya-ဆာယာ