၂၀၂၀ ဒီဇင်ဘာလမှာ ကျွန်မရဲ့ သားသားလေးကို ရိုးရိုးမွေးဖွားခဲ့တယ်။ ခြောက်လအထိ မိခင်နို့ကလွဲပြီး ဘာဖြည့်စွက်စာမှလည်း မကျွေးဘူး။ ကလေးတစ်ဖက်၊ အလုပ်တစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက်နဲ့ အဆင်ပြေသလို အကောင်းဆုံးကြိုးစားနေထိုင်ခဲ့တယ်။

ကလးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ပြီး မွေးပြီးတဲ့အခါ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုများစွာ ဖြစ်တာ အားလုံးသိပြီးသားပါ။ အများစုက ဝ လာကြတယ်။ အဲဒီ့အထဲမှာ ကျွန်မ အပါအဝင်ပါ။ အရင်က ခါးဆိုဒ်က ၂၈၊ အခု ၃၈။ ပေါင် ၂၀ ကျော်ဝိတ်တက်လာတယ်။ မှန်ထဲကြည့်လိုက်ရင် ကိုယ့်ကိုကိုယ်တောင် မမှတ်မိချင်ဘူး။ ဒါဟာ ကိုယ်ပါလို့လည်း လက်မခံချင်ဘူး။ လက်မခံနိုင်ဘူးပေါ့။

လွန်ခဲ့တဲ့ ၄ လကျော်လောက်က မန်းလေးက မိဘတွေကို ကန်တော့ဖို့၊ သားလေးကိုလည်း ပြဖို့ ပြင်ဆင်တဲ့အခါ ကျွန်မ သိပ်ကြောက်တာ။ စိတ်ထဲလေးပြီး စိတ်ညစ်တာ။ ဘာကိုကြောက်လဲဆိုရင် ကိုယ့်ကိုမြင်လိုက်တာနဲ့ ဟယ် ဝလိုက်တာ၊ ဟယ် ခန္ဓာကိုယ်က ဘယ်လိုပုံဖြစ်နေတယ်ဆိုတာကို ထပ်ခါ ထပ်ခါ ပြောကြတော့မှာဆိုတဲ့အပေါ် ကြောက်တာ။

ထင်တဲ့အတိုင်းပါပဲ၊ တော်တော်များများက တွေ့တာနဲ့ အရမ်းဝလာကြောင်း ပြောတာ။ မပြောတဲ့သူကလည်း မျက်လုံး အပေါ်ယံမှာတော့ ဟုတ်တယ် နောက်မှ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာမျိုး ပြန်ပြောပေမယ့် အတွင်းစိတ်မှာ ကိုယ့်ကိုကိုယ် မေတ္တာထားနိုင်စိတ်ပိုလျော့လာခဲ့တာ။ ကိုယ့်မှာ ဖြစ်တည်လာတဲ့ ခန္ဓာကိုယ် အပြောင်းအလဲကို ပိုပြီး လက်မခံနိုင်ဖြစ်ပြီး စိတ်ဓါတ်ကျလာခဲ့တယ်။

ကျွန်မတို့ အသိုင်းအဝန်းမှာလေ ပထမဆုံးတွေ့ရင် မင်္ဂလာပါလို့ နှုတ်ဆက်ဖို့ သင်ကြပေမယ့် တခါတလေမှာ နှုတ်ဆက်တဲ့ စကားလုံးတွေက တဖက်လူအတွက် အမင်္ဂလာဖြစ်စေတယ်။ ဟယ် အသားမဲလာလိုက်တာ၊ ဟယ် ပိန်ချုံးနေပြီနော် စသဖြင့် တဖက်လူရဲ့ အပြောင်းအလဲကို သိတဲ့အထိ ဂရုစိုက်တယ်ဆိုတာ ပြချင်ကြတဲ့ ဂျင်း လူတိုင်းမိကြတယ်။

ကျွန်မငယ်ငယ်ကဆို အသားမဲလို ကပ္ပလီပေါက်စလို့တောင် အခေါ်ခံရတယ်။ အသားမဲရင် ပတ္တမြားခဲဆိုပြီး အမေက ပြန်ပြောတတ်အောင် သင်ပေမယ့် အသားမဲတဲ့အပေါ် ခဏခဏပြောခံလာရတဲ့အခါ အမေပြောတဲ့ ပတ္တမြားခဲဆိုတာလဲ တိုးမပေါက်ပါဘူး။ အဲလို ပြောခံရတာက ကိုယ့်ရဲ့ ယုံကြည်မှုကို အရမ်းထိခိုက်စေပါတယ်။ ကျွန်မဆို သြစတျေးလျလိုနိုင်ငံမှာ ပညာတွေ သင်ပြီးတာတောင် အဲဒီ့သက်ရောက်မှုကို အရမ်းခံရတယ်။

ကျွန်မ အမျိုးသားက ရှမ်းပါ။ ဆိုတော့ သူတို့ တစ်မိသားစုလုံးက ဖွေးဖွေးနုနုလေးတွေ။ ပိန်ပိန်ပါးပါးလေးတွေ။ ငယ်ငယ်က ကိုယ့်ရဲ့ အသားရည်အပေါ်မှာ လှောင်ပြောင်တာ ခဏခဏခံလာရတော့ သူတို့ရဲ့ ရှမ်း အသိုင်းဝန်းထဲကို ဝင်ရမှာကြောက်တယ်။ ဖြူဖြူနုနုလေးတွေကြား မဲမဲသဲသဲဖြစ်တယ်လို့ ပြောခံရမှာ အရမ်းကြောက်တယ်။ သူတို့နဲ့ တွဲသွားရင် သူများတွေ ပြောကြမှာကိုလည်း ရှက်တယ်။ မခံစားနိုင်အောင်ဖြစ်ခဲ့ရတာ။ ကျွန်မကံကောင်းတာက ကျွန်မကို မခွဲခြားတဲ့ မိသားစုနဲ့ ကြုံခွင့်ရခဲ့တာ။ သူတို့မိသားစု ဘယ်လောက် ကောင်းကောင်း၊ အခုအချိန်ထိ တခါတလေမှာ ကြောက်စိတ်နဲ့ သိမ်ငယ်စိတ်က ပေါ်ပေါ်လာတတ်သေးတယ်။

ဆိုတော့ ကိုယ်ခန္ဓာရဲ့ ဖြစ်တည်မှုအပေါ်မှာ စနောက်တာ၊ အရှက်ရစေတာဟာ တော်တော်လေးပြင်းတဲ့ ရိုက်ချက်တစ်ခုလိုပါပဲ။ အဲဒီ့ရိုက်ချက်ကြောင့် စိတ်ထဲမှာပြင်းပြင်းထန်ထန် ဒဏ်ရာရစေတယ်။ ဘယ်လို ပညာတတ်တတ်။ ဘယ်လို ပညာပေးလုပ်ငန်းတွေလုပ်လုပ်၊ ဒဏ်ရာက စိတ်ထဲမှာ ရှိတဲ့အခါ ကုသရ အရမ်းခက်ခဲတယ်ဆိုတာ ကျွန်မကိုယ်တွေ့ပါပဲ။

ကျွန်မကတော့လေ ကလေးတွေကို ငယ်စဉ်ကတည်းက သူတို့ရဲ့ ခန္ဓာကိုယ် ပိန်မှု၊ ဝမှု၊ အရပ်ပုမှု၊ ရှည်မှု၊ အသားဖြူမှု၊ မဲမှုတွေနဲ့ သူတို့ရဲ့ ပြောင်းလဲလို့မရတဲ့ ဖြစ်တည်မှုတွေအပေါ် စနောက်တာတွေ မလုပ်စေချင်ဘူး။ ဒဏ်ရာဆိုတာ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ထားစေချင်တာ။

လူတိုင်းလည်း အကောင်းမွန်ဆုံးလို့ထင်ရတဲ့ ကိုယ်ခန္ဓာကိုယ်ပိုင်ဆိုင်ချင်ကြမှာပဲ။ ကိုယ့်စိတ်တိုင်းကျ အသားရောင်၊ ရုပ်ရည်နဲ့ အချိုးအစားတိုင်း ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ရှိနေတဲ့ ခန္ဓာကိုယ် အသားအရာင်နဲ့ အခြား ဖြစ်တည်မှုတွေကို တန်ဖိုးထားတတ်အောင် အခြားသူရဲ့ ဖြစ်တည်မှုကိုလည်း တန်ဖိုးထားတတ်အောင် ကျွန်မတို့ သင်ပေးရမှာ။

နိုင်ငံအေးချမ်းသားတဲ့ တစ်နေ့မှာ ကိုယ်ခန္ဓာဖြစ်တည်မှုတွေအပေါ် အရှက်မခွဲတဲ့၊ အရှက်မရစေတဲ့ အသိုင်းအဝန်းဖြစ်အောင် တပါတည်းကြိုးစားကြရအောင်လေ။


မေတ္တာဖြင့်..
Sayarma-ဆရာမ

photo credit to – https://i2.wp.com/…/uploads/2019/09/bodypositivity.jpg…