ကျွန်မယုံကြည်တာ တစ်ခုရှိတယ်။ ကိုယ့်မိဘထက် ပိုကောင်းတဲ့သူ ဖြစ်ဖို့ကိုပဲ။ လူမျိုးတစ်ခုမှာပဲဖြစ်ဖြစ် နိုင်ငံ တစ်ခုမှာပဲဖြစ်ဖြစ် မျိုးဆက်သစ်တစ်ခုက အမြဲ သာနေမှ တိုးတက်မှုကိုပြတယ်။ မျိုးဆက်သစ်တွေက မတိုးတက်ဘူး၊ မသာလွန်ဘူးဆိုရင် ဆုတ်ယုတ်တဲ့သဘောရှိတယ်။ ဒါကြောင့် ကလေးတွေကို စာသင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးကို ပြုစုပျိုးထောင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ့်ရှေ့ကလူတွေထက် သာဖို့၊ ပိုကောင်းဖို့လိုတယ်။

ကျွန်မတို့ မိဘတွေမှာ အားသာချက်တွေရှိကြသလို အားနည်းချက်တွေလည်းရှိကြတယ်။ ကျွန်မတို့ သားသမီးတွေက သူတို့ရဲ့ ကောင်းတဲ့အချက်တွေကိုလည်း မြင်တွေ့ခွင့်ရသလို၊ သူတို့ရဲ့ မကောင်းတဲ့အချက်တွေကြောင့် နာကျင်ခံစားရတာတွေလည်းရှိတာပေါ့။ တခါတလေ မိဘဖြစ်နေတော့ ဘာမှ လုပ်လို့မရတဲ့ အခိုက်အတန့်တွေရှိတယ်။ မိဘတွေကို ပြန်ပြင်ဖို့ ပြောလို့မရတာတွေလည်း ရှိတယ်။ အဲ့ဒီ့အခါ ကျွန်မတို့အနေနဲ့ သင်ယူစရာအဖြစ်မှတ်ယူပြီး ကိုယ်လည်း မိဘဖြစ်တဲ့အခါ ဒီလိုမျိုး မလုပ်ဘူး၊ ဘယ်လိုပိုကောင်းအောင်လုပ်မယ်ဆိုတာမျိုးကို သင်ယူပြီး တွေးတောဆင်ခြင်နိုင်ဖို့လိုပါတယ်။ မိဘတွေရဲ့ ကောင်းတဲ့အချက်တွေတွေ့တဲ့အခါလည်း သင်ယူပြီး ဒီ့ထက်ပိုကောင်းအောင် ဘယ်လိုလုပ်ပေးရင်ရမလဲဆိုတာကို စဉ်းစားဖို့လိုတယ်။

ကိုယ်ဟာ ကိုယ့်မိဘထက် ပိုပြီးကောင်းတဲ့၊ ပိုပြီး အပြုသဘောဆောင်တဲ့၊ ပိုပြီး မျှတတဲ့ မိဘမျိုးဖြစ်လာမယ်၊ ကိုယ့်သားသမီးတွေ မိဘအရွယ်ရောက်တဲ့အခါမှာလည်း ကိုယ့်ထက်ပိုကောင်းတဲ့ မိဘတွေဖြစ်မယ်ဆိုရင် အနာဂါတ်မှာ ကလေးတွေရဲ့ အခြေအနေက ပျော်စရာကြီးပါ။

တခါတလေမှာ ကြုံရတယ်၊ ကိုယ်ကတော့ ကိုယ့်မိဘထက် ပိုကောင်းတဲ့ မိဘ ဖြစ်ချင်တယ်။ ဒါပေမယ့် ကိုယ့်မိဘတွေက သူတို့နည်း သူတို့ဟန်နဲ့ မြေးတွေကို ပြုစုပျိုးထောင်ဖို့ တွန်းအားပေးကြတယ်။ အခုခေတ်နည်းပညာတွေကို မယုံကြည်လို့ ရှေးနည်းရှေးဟန်ပဲ သုံးဖို့ ဆိုဆုံးမတာတွေလည်း ရှိကြတည်။

တကယ်က – စဉ်းစားကြည့်ပါလေ၊ အရင်က နေထိုင်ကျင်လည်ရတဲ့ ပုံနဲ့ အခုနဲ့ မတူဘူး။ မတူညီမှုတွေ အများကြီးရှိလာတဲ့အခါ ကလေးတွေ အနေနဲ့ သင်ယူတတ်မြောက်သင့်တာတွေ၊ လေ့လာသင့်ပုံတွေကလည်း ကွဲပြားလာတယ်။ အဲဒီ့အတွက် ရှေးယခင်ကအတိုင်း ၁၀၀ ရာခိုင်နှုန်း ထပ်တူညီအောင် ကလေးတွေကို ပြုစုပျိုးထောင် ဆိုဆုံးမလို့ မရတော့ဘူး။ အခြေအနေအလိုက် ပြောင်းလဲလုပ်ဆောင်ရတာတွေ၊ အရင်က မသိတာတွေ သိလာရလို့ ကွဲပြားစွာ လုပ်ဆောင်ဖို့ လိုတာတွေကို ကျွန်မတို့ သတိထားဖို့လိုတယ်။

ကျွန်မတို့ မိဘတွေ ပိုကောင်းတဲ့ မိဘတွေဖြစ်ဖို့၊ ကျွန်မတို့ရဲ့ မိဘတွေ (ကလေးတွေရဲ့ ဖိုးဖိုး ဖွါးဖွါးတွေ)ရဲ့ ပံ့ပိုးမှုလည်း အများကြီးလိုအပ်တယ်။ အဖိုးအဖွားတွေက မိဘတွေကို ပိုကောင်းတဲ့ မိဘတွေအဖြစ် ရောက်အောင် ကြိုးပမ်းတဲ့နေရာမှာ ကူညီပေးဖို့လိုတယ်၊ တိုက်တွန်းအားပေးဖို့လိုတယ်၊ အမြင်တွေကို သေချာ နားထောင်ပေးဖို့လိုတယ်။ ကိုယ့်တုန်းကနဲ့ မတူလို့ မကောင်းဘူးပြောတာထက် ဘာလို့ မတူသလဲ၊ မတူညီစွာ လုပ်ဆောင်ခြင်းရဲ့ ကောင်းကျိုးကိုလည်း မြင်အောင် ကြည့်ဖို့လိုတယ်။ ကျွန်မတို့ မိဘတွေကလည်း ဖိုးဖိုး ဖွါးဖွါးတွေကို သေချာ ရှင်းပြဖို့လိုပါတယ်။

ကျွန်မကတော့ ကျွန်မ မိဘတွေရဲ့ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် ပြောဆိုဆက်ဆံပုံ၊ သားသမီးတွေအပေါ် ထားတဲ့ သဘောတရား၊ ပြသတဲ့ မေတ္တာတရားတွေ အပေါ် သင်ယူတယ်။ ကောင်းတဲ့ အရာတွေကိုလည်း ပိုကောင်းအောင် ကြိုးစားလုပ်ဆောင်ကြည့်ချင်တယ်။ ကျွန်မမိဘတွေရဲ့ အားနည်းချက်တွေကိုလည်း သင်ယူပြီး အဲ့ဒီ့အားနည်းချက်မျိုး ကိုယ့်မှာ မရှိအောင်၊ နည်းနိုင်သမျှနည်းအောင် စွမ်းဆောင်ဖို့ သင်ယူတယ်။ ကျွန်မ ကလေးတွေ မိဘဖြစ်လာတဲ့ အခါ ကျွန်မဆီက ကောင်းတာတွေယူ၊ မကောင်းတာတွေဖယ်ပြီး ပိုကောင်းတဲ့ မိဘတွေ ဖြစ်ကြရင် တစ်နေ့မှာ ပိုငြိမ်းချမ်းတဲ့၊ ပိုသာယာတဲ့၊ ပိုအေးချမ်းတဲ့ ကမ္ဘာကြီး ဖြစ်လာမလား………….

မေတ္တာဖြင့်…
Sayarma-ဆရာမ