ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ ဖြစ်စဉ်မှာ ကလေးရယ်၊ မိခင်ရယ်၊ ဖခင်ရယ်၊ အခြား မိသားစုဝင်တွေရယ်၊ ပတ်ဝန်းကျင်ကလူတွေရယ် အစရှိသဖြင့် လူများစွာ ပါဝင်ပါတယ်။ ကလေးတစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းဖို့ အားလုံးက တစ်နည်းမဟုတ် တစ်နည်း အရေးကြီးပါတယ်။ ကလေးအပါအဝင် အရေးကြီးတဲ့ သူတွေအားလုံးဟာ အသင်းအဖွဲ့ထဲက အဖွဲ့ဝင်တွေအဖြစ် မြင်ကြည့်ရပါမယ်။ အသင်းအဖွဲ့ထဲမှာ၊ လုပ်ငန်းခွင်မှာ ပါဝင်တဲ့သူတွေဟာ ကောင်းမွန်စွာ ပူးပေါင်းမှုမရှိဘူး၊ အပြန်အလှန် လေးစားမှု မရှိကြဘူးဆိုရင် လုပ်ငန်းဟာ ဘယ် အဆင်ပြေပါ့မလဲ။
ဒီတော့ ကျွန်မတို့ ကလေးတွေကို ပြုစုပျိုးထောင်ကြတဲ့အခါ အပြန်အလှန် လေးစား တန်ဖိုးထားပြီး ပူးပေါင်းမှု အားကောင်းတဲ့ အသင်းအဖွဲ့အဖြစ် ရပ်တည်မှ ကလေးရဲ့ အနာဂါတ်ပိုပြီးကောင်းမွန်မှာပေါ့။ ဒါကြောင့် ပူးပေါင်း လက်တွဲလုပ်ဆောင်သူတွေလို သဘောထားပြီး ပြုစုပျိုးထောင်ခြင်းအကြောင်းကို မျှဝေပေးချင်ပါတယ်။
လုပ်ငန်းခွင်မှာ ကျွန်မတို့တွေဟာ တာဝန်တွေ ကိုယ်စီယူကြတယ်၊ ယူထားတဲ့ တာဝန်တွေကို ကျေပွန်ဖို့ အပြန်အလှန် ချိတ်ဆက် လုပ်ဆောင်ရတယ်၊ ဆွေးနွေးတိုင်ပင်ရတယ်။ ဒီလိုပါပဲ အသင်းအဖွဲ့သဏ္ဍာန် ကလေးပြုစုပျိုးထောင်ခြင်းမှာလည်း ကလေးရော အခြားသက်ဆိုင်သူတွေဟာ အပြန်အလှန် နားထောင်ပေးရတယ်၊ ဆွေးနွေးတိုင်ပင်ရတယ်။ ကလေးကိုယ်တိုင်က အဖွဲ့ဝင်ဖြစ်တဲ့အတွက် သူ့ကိုလည်း လေးစားပြီး သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ပေးရတယ်၊ သူနဲ့ညှိနှိုင်းရတယ်၊ သူဟာ သူ့ဘဝအတွက် အရေးပါတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ငယ်စဉ်ကတည်းက သိဖို့ ကူညီပေးရပါတယ်။
ကလေးတွေနဲ့ အတူတူ သဘောတူညီမှု ရှိရှိ စည်းမျဉ်းတွေချတာဟာ အရေးပါတဲ့အချက်ပါပဲ။ ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်ကို ကလေးနဲ့ အတူတူ သတ်မှတ်တာကအစ၊ ဘာတွေကို ဘယ်လို လုပ်ဆောင်ကြမယ် ဆိုတာမျိုးတွေအထိ ကလေးတွေနဲ့ အတူတူ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချခြင်းဟာ ကလေးတွေအတွက် အထောက်အကူပြုပါတယ်။
လူကြီးတွေနဲ့ မတူညီတဲ့ အမြင်တွေရှိတဲ့အခါ လူကြီးတွေက သူလို ကိုယ်လို လူကြီးတွေနဲ့ စကားပြောသလိုပဲ သေချာလေး မတူကွဲပြားတဲ့ အမြင်တွေကို ဆွေးနွေးဖို့လိုပါတယ်။ ငါလူကြီး – ငါနင့်ထက် ထမင်း အနှစ် သုံးဆယ် ပါစားလာတာ ဆိုတဲ့ စကားလုံးမျိုးနဲ့ ကလေးတွေကို နားမထောင်၊ ကလေးတွေရဲ့ အတွေးအမြင်တွေကို ပိတ်မပစ်သင့်ပါဘူး။ ကလေးက ဘာကြောင့် မတူညီစွာ တွေးသလဲ၊ ကိုယ့်လိုတွေးအောင် သူ့ကို ဘယ်လိုရှင်းပြမလဲဆိုတာကို သိအောင် လုပ်ဖို့လိုပါတယ်။
အသင်းအဖွဲ့တစ်ခုထဲကလူတစ်ယောက်လို သဘောထားခံရပြီး ကြီးပြင်းရတဲ့ ကလေးတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အသင်းအဖွဲ့ထဲက ဝန်ထမ်းကောင်း၊ ဒါမှမဟုတ် အသင်းအဖွဲ့တွေကို ထိရောက်စွာ ဦးဆောင်နိုင်တဲ့သူဖြစ်နိုင်ပါတယ်။ ငယ်စဉ်မှာကတည်းက ငါလူကြီး – ငါပြောတာအမှန် – ငါပြောတာ လိုက်လုပ် ၊ ဆိုတဲ့ ဝန်းကျင်မှာ ကြီးပြင်းခဲ့ရင် သူကိုယ်တိုင် လုပ်ငန်းခွင်ထဲက အကြီးအကဲ ဖြစ်တဲ့အခါ သူပြောသမျှ အမှန်ဆိုပြီး၊ အဖွဲ့သားတွေကို မလေးစားတဲ့သူတစ်ယောက်ဖြစ်လာရင် ကျွန်မတို့ပဲ စိတ်မကောင်းဖြစ်ရမှာ။ ဒီတော့ ကလေးတွေကို တန်ဖိုးထားလေးစားပြီး ပြုစုပျိုးထောင်ပေးပါ။ ငါတို့က မိဘပဲ၊ ငါတို့က လူကြီးတွေပဲဆိုပြီး ကလေးတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားမထောင်တာမျိုး မလုပ်ကြရင် ကျွန်မတို့ ကလေးတွေအတွက် အရမ်းကောင်းမှာ။
ကျွန်မတို့နိုင်ငံမှာလည်း ကောင်းမွန်တဲ့ ခေါင်းဆောင်တွေလိုချင်တယ်၊ မကောင်းတဲ့သူတွေကိုလည်း ဖယ်ရှားချင်တယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ဖက်က စွမ်းဆောင်ကြရအောင်နော်။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo credit – https://www.quickanddirtytips.com/sites/default/files/styles/article_main_image/public/images/19941/respectful-family-compressor.png?itok=M2GMWai8&fbclid=IwAR3npUNbnkhavkYsYLvEaLjMKSesxOn9Jfyr96jjHJLJz00caE2Pv4uwLNo