Kahlil Gibranရဲ့ ကလေးများအကြောင်း ကဗျာလေးကို လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ဆရာကြီးဒေါက်တာသိန်းလွင်ရဲ့ RWCT-TOTမှာ စာဖတ်ဖူးတာ။ အခုပုံလေးကလည်း RWCT မှာ သုံးခဲ့တဲ့ စာကိုပြန်ထည့်ပေးထားတာပါ။ ကဗျာထဲမှာ ကျွန်မအကြိုက်ဆုံးအပိုင်းလေး (၃) ပိုင်းရှိတယ်။အပိုဒ် (၄) – သင့်အချစ်တွေ ပေးနိုင်ပေမဲ့ သင့်အတွေးတွေ မပေးနိုင်ပါဘူး။ သူတို့ ကိုယ်ခန္ဓာတွေအတွက် နေစရာအိမ်ပေးထားပေမဲ့ ဝိဉာဉ်တွေအတွက် မပေးနိုင်ပါဘူး။ အပိုဒ် (၅) – အကြောင်းကတော့ သူတို့ ဝိဉာဉ်တွေဟာ မနက်ဖန်ရဲ့ အိမ်ထဲမှာ နေပြီးအဲဒီအိမ်ကို သင်သွားမလည်နိုင်ပါဘူး။ အိမ်မက်ထဲမှာတောင် မသွားနိုင်ပါဘူး။ အပိုဒ် (၆) – သူတို့လို ဖြစ်အောင် သင်ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို သင့်လိုဖြစ်အောင် လုပ်ဖို့ မကြိုးစားပါနဲ့။ ကျွန်မတို့ မိဘတွေက ကလေးမွေးကင်းစကနေ သူတို့ ကြီးပြင်းသည်အထိ ပြုစုစောင့်ရှောက်ကြတဲ့အခါ ကလေးတွေကို စိတ်ခံစားချက်ရှိတဲ့ လူသားတွေ၊ စွမ်းရည်ကိုယ်စီရှိတဲ့ လူသားလေးတွေဆိုတာ မေ့ပြီး ကျွန်မတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေလို မသိစိတ်ကနေ မြင်မိလာတယ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်စေချင်တယ်။ ထားရာနေ စေရာသွားလုပ်စေချင်တယ်။ ကိုယ်ခိုင်းတဲ့အတိုင်း မလုပ်တော့ဘူးဆိုရင် ဒေါသထွက်တယ်၊ ဆူမယ်၊ ခြိမ်းခြောက်မယ် စသဖြင့်လုပ်တတ်ကြသေးတယ်။ ကလေးတွေကောင်းဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေးတွေကို ချုပ်ကိုင်တော့တာပါပဲ။ ကလေးတွေမှာ အနာဂါတ်တွေရှိတယ်။ အဲဒီ့အနာဂါတ်ကို သူတို့ကိုယ်တိုင် ပုံဖေါ်တဲ့အခါ ကျွန်မတို့ မိဘတွေ ဆရာ၊မတွေက ပံ့ပိုးသူတွေအဖြစ် ရှိနေဖို့လိုတာပါ။ ကျွန်မတို့တွေ မရခဲ့တဲ့ အခြေအနေတစ်ခုကို ကလေးတွေကို ဇွတ်တွန်းပို့တာက မတရားဘူးပေါ့။ ကလေးတွေကို ချစ်ရင် ကလေးတွေအကြောင်းသေချာနားလည်အောင် လုပ်ပေးပါ။ ကလေးတွေရဲ့ ခံစားချက်၊ ဝါသနာ၊ စိတ်ဝင်စားမှုတွေကို သေချာ သိအောင်လုပ်ပါ။ သူတို့ကိုယ်တိုင် သူတို့ရဲ့ အနာဂါတ်ကို ပုံဖေါ်နိုင်အောင် ဘေးကနေ ကူညီပေးပါ။ ကဗျာလေးကို ဆက်ဖတ်ပေးပါဦး။ ပြီးရင် ဘယ်စာပိုဒ်ကို အကြိုက်ဆုံးလဲ၊ ဘာလို့ ကြိုက်တာလဲဆိုတာလေး မျှဝေပေးနော်။ မျှဝေပြီးရင် အတတ်နိုင်ဆုံး လက်တွေ့အသုံးချဖို့ ကြိုးစားကြည့်ပါနော်။ကလေးတွေကို တန်ဖိုးရှိတဲ့ လူသားတွေအဖြစ် မြင်နိုင်အောင်ကြိုးစားပြီး အကောင်းဆုံးပံ့ပိုးပေးနိုင်ပါစေ။မေတ္တာဖြင့်… Sayarma-ဆရာမ