စာဖတ်သူတို့လည်းသိပါတယ်နော်။ လူတစ်ယောက် စိတ်ဓာတ်ကျနေရင် ဘာမှမလုပ်ချင်သလို ဘာလုပ်လုပ် အဆင်မပြေမှုတွေ ဖြစ်တတ်တယ်ဆိုတာ။ ဒါကြောင့် စာဖတ်သူအားလုံးကို စိတ်ဓာတ်ကျရတဲ့ အကြောင်းအရင်းနဲ့ ကုသရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမယ့် ဆောင်းပါးတစ်ခုဖြစ်ပါတယ်။
စိတ်ဓာတ်ကျတယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ခံစားချက်၊ ကိုယ့်ရဲ့အတွေး၊ မိသားစုအခြေအနေ၊ သဘာဝဘေးအန္တရာယ်နဲ့ ကိုယ့်ရဲ့ဖြစ်တည်မှု အခြေအနေအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ နောက်တစ်ခုအနေနဲ့က စိတ်ဓာတ်ကျတာဟာ စိတ်ဖိစီးမှု သေးသေးလေးတွေကနေလည်း အစပျိုးတတ်ပါတယ်။ ဥပမာ – အိပ်ယာထနောက်ကျလို့ မနက်စာမစားလိုက်ရတာ၊ အလုပ်နောက်ကျမှာစိုးရိမ်တာ၊ ဗိုက်ဆာဆာနဲ့အလုပ်သွား နေရတာ၊ ကလေးတွေဆို ကျောင်းနောက်ကျတော့မှာစိုးရိမ်တာ၊ ကျောင်းကားမမီတော့မှာစိုးရိမ်တာ၊ အိမ်စာမပြီးသေးတာ စတဲ့ကိစ္စသေးသေးလေးတွေက စိတ်ဓာတ်ကျခြင်းရဲ့ လမ်းစတွေဖြစ်ပါတယ်။
ခုလိုကာလမှာဆိုရင်တော့ လူကြီးရော လူငယ်ပါ အခြေအနေအမျိုးမျိုးကြောင့် “စိတ်ဓာတ်ကျ”တာတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေအနေနဲ့ကတော့ မိသားစုဝင်ငွေ၊ နေ့စဉ်စားဝတ်နေရေး၊ သား၊သမီးရှေ့ရေး၊ ကျန်းမာရေးအတွက်တွေကြောင့်ဖြစ်ပြီး လူငယ်တွေကတော့ လမ်းပျောက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့အခြေအနေဖြစ်နေတတ်ပါတယ်။ အခြေအနေအားလုံးအတူတူရင်ဆိုင်နေရပေမယ့် လူတိုင်း ဖြစ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူးနော်။ အဓိကကွာဟချက်ကတော့ ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းအား၊ အခြေအနေတွေကို တွေးပြီးခံစားတာတွေကြောင့်ဖြစ်ပါတယ်။
လေ့လာချက်တွေအရ လူတိုင်းမှာ စိတ်ဓာတ်ကျတာကနေ စိတ်ဒဏ်ရာတွေရရှိတတ်ကြပါတယ်။ အဓိကကတော့ ACEs (Adverse Childhood Experience) လို့ခေါ်တဲ့ ကလေးဘဝက အတွေ့အကြုံဆိုးတွေကြောင့် ဖြစ်ပါတယ်။ အတွေ့အကြုံဆိုးတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
- မတော်တဆထိခိုက်ခြင်း
- အနိုင်ကျင့်ခံရခြင်း
- အိမ်တွင်း အကြမ်းဖက်ခြင်း
- ကိုယ့်ချစ်ရတဲ့လူတစ်ယောက် ဆုံးရှုံးရခြင်း
- ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း
- စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း
- မိသားစု၊ မိဘတွေနဲ့ ခွဲခွာရခြင်း
- လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း
- ဆင်းရဲ့နွမ်းပါးခြင်း စတဲ့ ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေရတယ်။ စိတ်ဖိစီးမှုတွေကြောင့် စိတ်ဓာတ်တွေကျတယ်။ စိတ်ဓာတ်ကျတာတွေကြောင့် နောက်ဆုံး စိတ်ဒဏ်အထိဖြစ်သွားတတ်ပါ တယ်။ ဒါတွေအားလုံးကို ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ကိုယ့်နဲ့ကိုက်ညီတဲ့ နည်းလမ်း သုံးဖို့တော့ အင်မတန်အရေးကြီးပါတယ်။
ဒီနေရာမှာ ကျွန်မရဲ့ ငယ်ဘဝအကြောင်းနည်းနည်းပြောမယ်နော်။ ကျွန်မငယ်ငယ်တုန်းက မိဘတွေနဲ့ခွဲနေခဲ့ရ တယ်။ ဘာမှမသိသေးတဲ့ မွေးကင်းစအရွယ်မှာ ကျွန်မကို မိဘတွေက အမနဲ့ထားခဲ့ကြတယ်။ ကျွန်မဆယ်ကျော်သက်အထိ ကျွန်မ အမက ကျွန်မ အမေလို့ယူဆခဲ့တယ်။ စိတ်ထဲမှာတော့ အမက အမေမဟုတ်ဘူးဆိုတာသိနေတယ်။ အဲ့အမှန်တရားကိုကျွန်မလက်မခံနိုင်ခဲ့ဘူး။ ကျွန်မဖြစ်တဲ့ စိတ်ဒဏ်က အတွေးကနေဖြစ်လာတာပေါ့နော်။ ကျွန်မအတွေးထဲမှာ အဖေနဲ့အမေက ငါ့ကိုမချစ်လို့ ငယ်ငယ်လေးကတည်း က အမနဲ့ထားရစ်ခဲ့တယ်ပေါ့။ အဲအတွေးကမှတ်မှတ်ရရဆို ကျွန်မဘွဲ့ရတဲ့နေ့အထိ ရှိနေဆဲပဲ။ ဘာလို့လဲဆိုတော့ အကို၊အမ တွေက ဒါနဲ့ပဲစကြတာလေ။ နင့်ကို အဖေနဲ့အမေက မချစ်လို့ ငယ်ငယ်လေးကတည်းက ထားခဲ့တာ၊ တစ်ခါတလေ ကျွန်မကို “လှည်းလမ်းထဲကတွေ့တယ်” စသဖြင့် အစခံခဲ့ရတာတွေက ပိုပြီး နာကျင်စေတယ်။ ကျွန်မငိုတော့မှ သူတို့က “စတာပါ ညီမလေးရယ်” ဆိုပြီး ပြန်ချော့တယ်။
နောက်ပိုင်း ကျွန်မ စာအုပ်တွေအများကြီးဖတ်ဖြစ်လာတာရယ်။ နောက်တစ်ခုက အဖေနဲ့အမေ ခဏခဏပြောတာက သမီးကို မချစ်လို့ထားခဲ့တာ မဟုတ်ပါဘူးတဲ့။ မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေထားခဲ့ရတာပါလို့ ပြောတယ်။ မိဘတွေပြောစကားရယ် ကျွန်မရဲ့ စာဖတ်အတွေ့အကြုံကြောင့် ကျွန်မအတွေးတွေကို ပြန်ပြောင်းတွေးနိုင်ခဲ့တယ်။ ဒီနေရာမှာအဓိကပြောချင်တာက စိတ်ဓာတ်ကျတာ၊ စိတ်ဒဏ်ရာကုသတဲ့နေရာမှာ ကိုယ်တိုင်ကြိုးစားဖို့လိုသလို ကိုယ့်ပတ်ဝန်းကျင်ကလည်းအရေးကြီးတယ်ဆိုတာကို ပြောပြချင်တာပါ။
ကိုယ့်အရည်အချင်းတွေ ကိုယ့်လုပ်ရည်ကိုင်ရည်တွေ မြင့်လာရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးလာပြီးတော့ အဆင်ပြေတာတွေ ပိုများလာပါတယ်။ ဒါကြောင့် အားလုံးကိုပြောပြချင်တာက စိတ်ဓာတ်မကျချင်ရင် အရည်အချင်းတွေမြင့်တက်လာအောင် အမြဲတမ်း လေ့လာကြိုးစားဖို့လိုအပ်ပါတယ်။ နောက်တစ်ခုအနေနဲ့က စိတ်ပိုင်းဆိုင်ရာဖြစ်ပါတယ်။ ဘာလဲဆိုတော့ကာ နှောင်ကြိုးမပါဘဲ၊ ဘာမှပြန်ပြီးမမျှော်လင့်တဲ့ စေတနာနဲ့ အများအကျိုးကို ဆောင်ရွက်နိုင်ရင် အဲဒါကို လွတ်လပ်တဲ့မေတ္တာလို့ခေါ်ပါတယ်။ လွတ်လပ်တဲ့မေတ္တာဟာ အင်မတန်ကောင်းတဲ့ဆေးဖြစ်ပါတယ်။ ကရုဏာဟာလည်း စိတ်ရဲ့မြင့်မြတ်တဲ့ အရည်အသွေးတစ်မျိုးဖြစ်လို့ တကယ်စစ်မှန်တဲ့ကရုဏာထားနိုင်ရင် စိတ်ရဲ့ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ကြောင့် အခြားသူများ “ဒုက္ခ” မရောက်ရအောင် “သတိ” နဲ့ “ဉာဏ်” နဲ့ ထိန်းသိမ်းမယ်ဆိုရင် အဲ့ဒီစိတ်စေတနာ မြင့်မြတ်မှုကြောင့် ကိုယ့်မှာ စိတ်အေးချမ်းရတယ်။
အခြားသူတွေအဆင်ပြေနေတာ၊ ကြီးပွားချမ်းသာနေတာ၊ ပျော်ပျော်ရွှင်ရွှင်နေကြတာတွေကို မြင်ရ၊ ကြားရရင် “မနာလိုဝန်တိုစိတ်” မဖြစ်ဘူး၊ “ငြူစူစောင်းမြောင်း” မပြောဘူး။ ဒါတွေအားလုံးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ “ဝမ်းသာအားရတဲ့စိတ်”ဖြစ်တဲ့ “မုဒိတာစိတ်” ဖြစ်ခြင်းဟာလည်း စိတ်ကျန်းမာရေးအတွက် အင်မတန်မှ ကောင်းတဲ့ဆေးတစ်မျိုးပါပဲ။ ကိုယ်တတ်နိုင်သလောက် ကိုယ့်အတွက်ရော၊ အများအတွက်ပါ အဆင်ပြေအောင် ကြိုးစားပြီး ကိုယ်မတတ်နိုင်တဲ့ အဆင်မပြေမှုတွေ တွေ့ကြုံရတဲ့အခါ စိတ်မညစ်၊ စိတ်ဓာတ်မကျဘဲ “ဥပေက္ခာစိတ်” နဲ့ နေနိုင်ရင်လည်း အဲဒီ “ဥပေက္ခာစိတ်”က စိတ်အတွက် အားဆေးတစ်မျိုးဖြစ်ပြန်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့ သတိပဌာန်တရားတွေကို ဘဝထဲရောက်လာအောင် လုပ်နိုင်ရင်၊ ကျင့်သုံးနိုင်ရင် “စိတ်ဓာတ်ကျခြင်း”တွေ မဖြစ်နိုင်ပါဘူး။ စာဖတ်သူတို့ရဲ့ ဘာသာတရားရဲ့ အဆုံးအမ တွေအတိုင်း လိုက်နာကျင့်ကြံလို့လည်းရပါတယ်နော်။
အချို့သူတွေ “စိတ်ဓာတ်ကျရခြင်း” အကြောင်းက ကိုယ့်စရိုက်၊ ဝါသနာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မသိခြင်းလည်းဖြစ်ပါတယ်။ ယနေ့ခေတ်ဟာ ပစ္စည်းဂုဏ်၊ ရာထူးဂုဏ်နဲ့ ပြိုင်ဆိုင်မှုတွေပိုပိုပြီးအလေးထားသလို ဂုဏ်ပကာသနတွေကို ပိုမက်မောလာကြတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကို ပိုပြီးအလေးပေး တန်ဖိုးထားကြပြန်တယ်။ ကိုယ့်ရဲ့တန်ဖိုးကို ရုပ်ရည်၊ ဘွဲ့ထူးတွေ၊ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေနဲ့ တိုင်းတာကြတယ်။ ကိုယ့်တန်ဖိုးကို အကျင့်စာရိတ္တကောင်းတာ၊ မေတ္တာ ကရုဏာထားနိုင်တာ၊ သည်းခံနိုင်တာ၊ ခွင့်လွှတ်နိုင်တာ၊ ရောင့်ရဲတင်းတိမ်နိုင်တာတို့နဲ့ တိုင်းတာ မဟုတ်တော့ဘူး။
လူတွေဟာ ရာနှုန်းပြည့် နေရာတိုင်းမှာတော်တဲ့သူ မရှိပါဘူး။ တစ်နေရာမှာတော်မယ်၊ နောက်တစ်နေရာမှာတော့ သင့်တော်ရုံပေါ့။ ကိုယ့်အားသန်တဲ့အလုပ်၊ စိတ်ဝင်စားတဲ့အလုပ်ကို လုပ်ပြီး ဘဝကို အဆင်ပြေပြေ စိတ်ချမ်းသာ အောင် နေသွားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ တစ်ခါမအောင်မြင်ရုံ၊ တစ်နေရာမှာ မထူးချွန်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာမှ သုံးမရတော့ဘူးလို့မတွေးလိုက်ပါနဲ့။ ဒီလိုအတွေးတွေက “စိတ်ဓာတ်ကျခြင်း”ကို ဖြစ်စေတဲ့ အစပထမပါပဲ။ အလယ်တန်းဆင့်တောင် ကျောင်းမပြီးခဲ့တဲ့ သောမတ်စ်အယ်ဒီဆင် (Thomas Edison) တောင် “သိပ္ပံပညာရှင်ကြီး” ဖြစ်သေးတာပဲ။
စိတ်ဓာတ်မကျဖို့အတွက် ကျွန်မတို့ နေထိုင်နေတဲ့ ပတ်ဝန်းကျင်ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါ တယ်။ ပတ်ဝန်းကျင်ရှိလူအားလုံးမှာလည်း တာဝန်အပြည့်ရှိပါတယ်။ အဓိကကတော့ “ဝန်ဆောင်မှုပေးတဲ့အလုပ်” လုပ်ကိုင်တဲ့သူတိုင်း စိတ်ဓာတ်ကျရတဲ့အကြောင်းအရင်းတွေ သိထားရမှာဖြစ်ပါ တယ်။ လိုက်နာလုပ်ဆောင်ဖို့လည်းအရေးကြီးပါတယ်။ ကျွန်မတို့ကူညီရမှာကတော့ အချင်းချင်း လုံခြုံမှုပေးတာ၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောပေးတာ၊ စိတ်ကိုထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးတာ၊ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပေးတာ၊ နားလည်မှုပေးတာ အနုပညာတွေအတူတူဖန်တီးတာ။ ဒါတွေလုပ်ပေးတာဟာ စိတ်ဓာတ်ကျနေတဲ့သူတွေကို ကုသပေးတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
အချို့ကတော့ စာဖတ်တာ၊ အားကစားလုပ်တာ၊ အနုပညာဖန်တီးတာ၊ မိသားစုနဲ့အချိန်ကုန်တာ၊ စိတ်ငြိမ်းချမ်း အောင် ဘာသာတရားအဆုံးအမနဲ့နေတာ (တရားထိုင်တာ)၊ သင်ယူမှုအသစ်တစ်ခုလုပ်တာ စတဲ့ လုပ်ငန်းစဉ် တွေကလည်း စိတ်ဓာတ်ကျတာကို ကုသပေးပါတယ်။
စိတ် အတက်၊ အကျဆိုတာ လူတိုင်းဖြစ်တယ်။ ဒါက သဘာဝပါပဲ။ တချို့က “တက်” တဲ့အခါမှာ သိပ်တက်ပြီးတော့ “ကျ” တဲ့အခါမှာ သိပ်ကျတယ်။ တချို့ကတော့ အတက်အကျနည်းတယ်။ အချို့ကတော့ ပုံမှန်ဖြစ်နေတတ်တယ်။ ကိုယ့်စိတ်ကို ကောင်းကောင်းသိတဲ့သူဟာ အမြဲတမ်းပုံမှန် မဟုတ်တောင် “စိတ်အတက်အကျ” နည်းအောင် ထိန်းထားနိုင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ အရည်အချင်းတွေ ကောင်းသထက်ကောင်းလာအောင် အမြဲသင်ယူပြီး ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်ဖို့က “စိတ်ဓာတ်ကျခြင်း” ကို ကုစားပေးနိုင်သည့် အဓိက အရေးကြီး အချက် နှစ်ချက်ဖြစ်ပါတယ်။
ကိုးကား – ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်)
စာရေးသူ-ဆရာမခင်ခင်
မေတ္တာဖြင့်…
Saya-ဆာယာ