သိပ်မကြာခင်ကမှ ဘဟာအီဘာသာအကြောင်းကို ကြားဖူးလာတယ်။ ဘဟာအီဘာသာရေးမှာ ကြိုက်တဲ့အချက်က ပညာရေးကို အားပေးတဲ့အချက်ပဲ။ ဘာကြောင့်ဒီလိုအားပေးသလဲဆိုတော့ ဒီယုံကြည်မှုရဲ့ ရှုထောင့်အရဆိုရင် ဘာသာရေးဆိုတာကိုက ပညာရေးတမျိုးပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ရှေးရှေးက ပေါ်ခဲ့ဖူးတဲ့ ဘာသာတရားမှန်သမျှဟာ ဘုရားသခင်ကနေ လူသားတွေကို တောက်လျှောက် သင်ကြားပေးနေခဲ့တာလို့သူတို့ကယူဆတယ်။ ဒါကြောင့် ဘာသာအယူဝါဒတွေကွဲနေပေမယ့်လည်း ဘာသာရေးအားလုံးဟာ ဘုရားသခင်ရဲ့ ပညာရေးဖြစ်တယ်လို့ယူဆကြတယ်တဲ့။
ဒါကြောင့် ဘဟာအီဘာသာမှာ ပညာရေးဆိုတာအရေးကြီးတယ်၊ ကလေးတိုင်းပညာတတ်ရမယ်ဆိုတဲ့အယူအဆကို ယုံကြည်ကြတယ်။ ပညာသင်ယူခွင့်ဟာ ကလေးတွေရဲ့ အခွင့်အရေးဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ သဘောချင်းတူညီတယ်။ မိန်းမ ယောက်ျား ဘယ်သူမဆိုဟာ ကိုယ့်လုပ်အားနဲ့ ရှာဖွေရရှိလာတဲ့ ငွေကြေးရဲ့ တစ်စိတ်တစ်ပိုင်းကို ကလေးရဲ့ပညာရေးအတွက် ထည့်ဝင်ရမယ်လို့ ဘဟာအီဘာသာရေးကျမ်းတွေက ဆိုပါတယ်။ ဘဟာအီ ဘာသာရေးခေါင်းဆောင် ဘဟာအွလ္လာက “ လူကို အဖိုးအနဂ္ဂထိုက်တဲ့ ကျောက်မြက်တွေပြည့်နေတဲ့ရတနာတွင်းတစ်တွင်းလို့ သဘောထားပါ။အဲ့ဒီရတနာတွေကို ရှာဖွေတွေ့နိုင်စေမယ့်၊ လူသားမျိုးနွယ်အကျိုးရှိစေနိုင်မယ့်အရာဟာ ပညာရေးသာဖြစ်တယ်” လို့ ရေးသားခဲ့ပါတယ်။
ကလေးတွေကိုသင်ကြားတဲ့အခါမှာလည်း စိတ်ကောင်းရှိဖို့၊ ရည်ရည်မွန်မွန်ရှိဖို့ဆိုတာကို အဓိကထားရမယ်။ သိပ္ပံပညာတွေတတ်ပြီး ရိုင်းစိုင်းနေတာထက် မတတ်ဘဲ ယဉ်ကျေးနေတာက ပိုကောင်းတယ်လို့ဆိုတယ်။ ငွေကြေးနဲ့ အလုပ်အကိုင်ကိုပဲ ဦးတည်တဲ့ညာရေးမျိုးထက် နာမ်တရားကို အလေးပေးတဲ့ စိတ်ဝိဉာဉ်သန့်စင်ရေးအထိ ဦးတည်သွားတဲ့ပညာရေးမျိုးကိုမှ ပညာရေးအစစ်လို့သူတို့က ယုံကြည်ကြတယ်။
ပညာရေးကနေ ငြိမ်းချမ်းရေးကို သွားရမယ်လို့ယုံကြည်ကြတယ်။ ပညာရေးဆိုတာ ပြဿနာအားလုံးရဲ့ သော့ချက်သဘောမျိုးကိုယုံကြည်ကြတယ်။ ပညာရေးဆိုတာ ငွေရှာဖို့၊ တိုးတက်ဖို့အတွက်ပဲ မဟုတ်ဘဲ လူသားအချင်းချင်းမှာ နားလည်လက်ခံခြင်း၊ စာနာခြင်းတွေတိုးပွားအောင်လုပ်ဆောင်ဖို့တာဝန်ရှိတယ်လို့ ဘဟာအီဘာသာဝင်တွေက ယုံကြည်ကြတယ်။ ဒါကြောင့် “ကမ္ဘာလုံးဆိုင်ရာ မသင်မနေရ ပညာရေးစနစ်ကို တည်ထောင်ရမည်” ဆိုတာဟာ ဘဟာအီဘာသာဝင်တွေရဲ့အဓိက ယုံကြည်ချက်တစ်ခုဖြစ်တယ်။
ဘဟာအီရဲ့ ပညာရေးမှာ နောက်ထပ်ထူးခြားတာက အမျိုးသမီးတွေကို ပညာပေးဖို့ကို အထူးအလေးအထားပြောတယ်။ အမျိုးသမီးတွေကို ပညာရေးမှ ချန်လှန်ထားတဲ့ အချို့သော ရှေးရိုးကျင့်သုံးပုံ တွေနဲ့ကွာခြားပါတယ်။ မိန်းကလေးဆိုတာ တစ်နေ့ကျရင် အမေဖြစ်လာမယ်၊ မိသားစုတစ်စုမှာ အမေတွေပညာတတ်လာတဲ့အခါ မိသားစုတစ်စုလုံးကို ကူညီလိုက်တာနဲ့ အတူတူပဲလို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ဘဟာအီဘာသာရေးမှ မိန်းကလေးတွေပညာတတ်ရေးကို အလေးပေးတယ်။
ဘဟာအီဘာသာဟာ ဘာသာရေးတွေထဲမှာ ၁၉ ရာစု အလယ်လောက်မှ စတင်ပေါ်ထွန်းလာတဲ့ ဘာသာဖြစ်ပြီး ဘာသာဝင်အနည်းဆုံးဘာသာတစ်ခုသာရှိနေပါသေးတယ်။ မြန်မာနိုင်ငံကိုတော့ ၁၈၇၈ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီး တာမွေမြို့နယ်မှာ အဖွဲ့ချုပ်ရှိတယ်လို့ဆိုပါတယ်။ ကိုးကွယ်သူလူဦးရေ မများသေးတဲ့ ဘာသာရေးတစ်ခုဖြစ်ပေမယ့် သူတို့ရဲ့ ပညာရေးအပေါ်အမြင်ဟာ စိတ်ဝင်စားစရာ၊ အတုယူစရာကောင်းတာမို့ တဆင့်ဖောက်သည်ချ ပြန်လည်ဝေမျှလိုက်ပါတယ်။
Ref:
စာရေးသူ – ဆရာအောင်ကျော်ဖြိုး
မေတ္တာဖြင့်…
Saya-ဆာယာ