နေ့စဉ်နဲ့အမျှ စိတ်ခံစားချက် တွေကို ထိန်းချုပ်ရတယ်။ တချို့ခံစားချက်တွေကို ကျော်ဖြတ်ရတယ်။ တချို့ကို ရင်နဲ့မဆန့်လက်ခံရပြီး ပင်ပန်းကြရတာ လူတိုင်းနီးပါးပါပဲ။ ဒီလို ခံစားချက်တွေကို ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားချိန်မှာ ပိုပြီးဆိုးရွားလာတယ်။ နေ့စဉ်လှုပ်ရှားနေရာကနေ ရုတ်တရက် အိမ်ထဲမှာနေကြရမယ် စကားတောင် ဝေးဝေးကနေပဲ ပြောကြရတော့တဲ့အခြေအနေကို ရောက်သွားရတယ်။ ဒီလိုအခြေအနေကို တချို့တွေကျော်လွှားနိုင်ကြပြီ။ တချိူ့ကတော့ မကျော်လွှားနိုင်ကြသေးပါဘူး။ အဲ့လိုအခြေအနေတွေထဲမှာ ကလေးတွေလဲပါပါတယ်။ ကလေးလို့ပြောရင် ကလေးအရွယ် အားလုံးပါဝင်ပါတယ်။ကလေးတွေဟာ ဖြူစင်တယ်၊ ဘာမှ သိတာမဟုတ်ဘူးလို့ ထင်ကြတယ်၊ သတ်မှတ်တယ်။ အမှန်က အဲ့လို မဟုတ်ပါဘူး။ ကလေးတွေမှာလဲ ခံစားချက်တွေရှိတယ်။ ဖွင့်ပြီး ပြောပြချင်တာတွေရှိတယ်။ သူတို့ ခံစားရတာတွေကို သူတို့စိတ်ချယုံကြည်ရတဲ့ နေရာမှာ သိမ်းထားပြီး ရှေ့ဆက် ချင်ကြတယ်။ဒါကြောင့် ကျွန်မတို့က ကလေးအတွက် လုံခြုံစိတ်ချရတဲ့နေရာ လေးအဖြစ် ကိုယ်တိုင် ဖန်တီးပြီး နေစေချင်တယ်။ လုံခြုံစိတ်ချရတဲ့နေရာဆိုတာ ဘယ်လိုမျိုးလဲ စဉ်းစားကြည့်ပေးပါ။ လုံခြုံစိတ်ချရတဲ့နေရာလို့ပြောရင် ဘာတွေပြေးမြင်မိလဲ။ တွေးကြည့်ပါ။ ရုပ်ရှင်ထဲက မီးခံသေတ္တာကြီးလိုလား၊ အိမ်က ဗီရိုလိုမျိုးလား၊ အရီးရဲ့ ခေါင်းအုံးအောက်မှာ ထားတဲ့ ပိုက်ဆံအိတ်လား၊ ဘကြီးရဲ့ အံဝှက်လား၊ ဘာကိုပြေးမြင်မိလဲ။ အခု ဥပမာပေးသွားတဲ့ အရာအားလုံးဟာ ကိုယ် ဘာလေးပဲ အဲ့ဒီနေရာတွေမှာ သိမ်းခဲ့သိမ်းခဲ့ ဘယ်သူမှ မသိဘဲ ကိုယ်နဲ့ သက်မဲ့ဖြစ်တဲ့ အဲ့ဒီ လုံခြုံတဲ့နေရာလေးပဲသိတာပါ။ ဒီလိုပါပဲ ကလေးတွေ အတွက် ကျွန်မတို့ဟာ သက်ရှိ လုံခြုံရာ နေရာလေး အဖြစ် ကိုယ်တိုင် ရှိနေပေးဖို့လိုပါတယ်။ ကလေးငယ်လေးတွေဟာ စကားမပြောတတ်ခင်ကတည်းက သူတို့ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေကို ဟန်မဆောင်ဘဲ ပြသကြတယ်။ စကားပြောတတ်လာတဲ့အခါ လူကြီးတွေကို ပြောပြကြတယ်။ အဲ့ဒီအချိန်ကစလို့ အရေးကြီးပါပြီ။ သူတို့ပြောတာတွေကို အရေးမကြီးတာလို၊ အရေးမပါတာလို၊ ဂရုမစိုက်တာလို မလုပ်သင့်ဆုံးပါဘဲ။ အလုပ်များလို့ နေမကောင်းလို့ ပင်ပန်းလို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ကလေးတွေရဲ့ ခံစားချက် ပြောပြချင်တာတွေကို လျစ်လျူရှုလိုက်မိရင် သူတို့တွေဟာ ဟန်ဆောင်တတ်သွားတာ၊ လူတွေကို ကြောက်တာ၊ ယုံကြည်မှု နည်းသွားတာတွေ ဖြစ်လာကြပါတယ်။ ဒါက လျစ်လျူရှုလို့ ဖြစ်လာတာတွေပါ။ ဆန့်ကျင်ဘက် လုပ်မိရင်လဲ ကလေးတွေဟာ အမှန်မပြောတော့တာတွေ၊ လိမ်တတ်တာတွေအပြင် လူတွေကို အယုံအကြည်နည်းပြီး မလေးစားတတ်သူတွေဖြစ်လာတတ်ပါတယ်။ ဒါတွေကို ဖြစ်ရပ်လေး နှစ်ခုနဲ့ ဥပမာပေးကြည့်ပါမယ်။ တစ်ခါက ကျောင်းသူ တစ်ဦးဟာ ကျောင်းတက်ချိန်မှသာမိဘနဲ့နေပြီး ကျောင်းပိတ်ချိန်မှာ အဖိုးအဖွားနဲ့နေတယ်။ ကလေးက လေးတန်း ငါးတန်းအရွယ်၊ အပျိုဖော်ဝင်ခါစ အရွယ်ဖြစ်တယ်။ ကျောင်းမှာ ယောင်္ကျားလေး သူငယ်ချင်းတွေရှိတယ်။ အတူတူကစားကြတယ်၊ စာမေးပွဲတွေ အတူတူဖြေကြတယ်။ ကလေးတွေဟာ ရင်းရင်းနှီးနှီး အေးအေးဆေးဆေးပါပဲ။ တစ်ရက် ကျောင်းသူလေးနဲ့ သူ့မ အမေ ဈေးကအပြန်မှာ ကလေးတွေရဲ့ အတန်းက ဆရာမက ကျောင်းသူလေးဟာ ကျောင်းမှာ သူငယ်ချင်းပေါင်းတာ မှားနေကြောင်း၊ အပျိုဖော်ဝင်ပြီး စိတ်တွေကစားနေကြောင်းနဲ့ အာရုံတွေများနေကြောင်းကို ကျောင်းသူလေးရဲ့ ရှေ့မှာပဲ သူမ အမေကို ပြောလိုက်တော့တယ်။ အဲ့အချိန်ကစလို့ ကလေးက လူတွေကို ကြောက်တတ်လာတယ်။ ငါမရှိတဲ့အချိန်မှာလဲ ဆရာမတွေဟာ အမေဈေးသွားလို့ တွေ့တိုင်း ဒီလိုပဲပြောနေတာလားဆိုတာ ဖြစ်လာတယ်။ တော်ရုံ လူတိုင်းနဲ့အဆင်ပြေတဲ့ ကလေးဟာ လူတွေနဲ့ သိပ်စကားမပြောဘူး။ နောက်နှစ်ကျောင်းပြန်ဖွင့်တဲ့အခါ သူငယ်ချင်းတွေနဲ့ပါ ခပ်တန်းတန်း ဆက်ဆံရေးတွေဖြစ်ပြီး ဆရာမကိုရော ဆရာမရှိတဲ့အနီးအနားကိုပါ မကပ်ရဲတော့ပါဘူး။ ဒါကို အမေက သတိထားမိလာတော့ ကလေးကို ယုံကြည်ကြောင်း၊ ဆရာမပြောတာတွေကို လုံးဝ အမှန်ဖြစ်တယ်လို့ လက်မခံကြောင်း ဖြောင်းဖြပြီး ကျောင်းသူလေး ပြောပြသမျှကို အမေက နားထောင်ပြီး နှစ်သိမ့်ပေးပါတယ်။ ဒီလို လုပ်ပေးပြီးတဲ့နောက်မှာ ကလေးဟာ အမေနဲ့ အရင်းနှီးဆုံး သူငယ်ချင်း လို့ဆိုရမလား၊ အမေကို အလုံခြုံဆုံးသော ရင်ဖွင့်ရာ အဖြစ်နဲ့ထားပြီး အရင်ကလိုပဲ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာခဲ့တယ်။ နောက် ကလေးလေးကတော့ လိုအပ်တာ မှန်သမျှကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေတဲ့ မိသားစု စုံလင် ရှိတယ်။ စားစရာ၊ ကစားစရာ၊ ကျောင်းတက်တာကအစ သူများထက်ပိုပြီး ပြည့်စုံတယ်လို့ဆိုလို့ရတယ်။ သူလေးကြတော့ ကျောင်းမှာ ပျော်တယ်၊ အိမ်မှာ မပျော်ဘူးဆိုတဲ့ စကား ပြောထွက်လာတယ်။ ဘယ်ပျော်ပါ့မလဲ ကလေးက အိမ်ရောက်တာနဲ့ စာအုပ်တွေနဲ့ပဲနေရ စာသင်ရ ပြီးရင်အိပ်ရာဝင်၊ မနက်ပြန်ထ စာပြန်သင် ဒီလိုနဲ့ပဲ လည်နေတော့တာ။ ကျောင်းမှာ သူပျော်ခဲ့တာတွေ လုပ်နိုင်ခဲ့တာတွေ ဆရာမက ဆုချတာတွေကို ပျော်ပျော်ရွှင်ရွှင် ပြောချင်ပေမယ့် အိမ်မှာ နားထောင်ပေးမယ့်သူမရှိဘူး။ တစ်အိမ်လုံး နေ့ဘက်မှ အလုပ်လုပ် ညဘက် ပင်ပန်းပြီး ကလေးကို အချိန်ပေးနိုင်တာ နည်းတယ်။ ကလေးက သူ့စိတ်ထဲရှိတာတွေကို ဆရာမကိုပြောတယ်။ အိမ်မှာ ခံစားရတာ တွေကို ပြောပြတယ်။ ပြောပြီးတိုင်းမှာ သူ့ရဲ့ လူကြီးတွေကို ပြန်မပြောဖို့ မှာရတာလဲအမောပါပဲ။ နောက်ပိုင်း ကလေးက အိမ်မှာ မပျော်ဘူးဆိုတာလဲ သိပ်မကြားရတော့ပါဘူး။ သူ့ရဲ့ ဖြစ်ပျက်သမျှတွေကို နားထောင်ပြီး သူ့အခက်အခဲတွေကို ဆရာမက ကူညီပေးနေတာဆိုတာ သိသွားပြီးတဲ့နောက် ကလေးဟာ ယုံကြည်မှု ထားနိုင်စိတ်၊ မျှဝေနိုင်စိတ် နဲ့ ကူညီလိုစိတ်တွေများလာခဲ့တယ်။
ဒီအဖြစ်အပျက်နှစ်ခုဟာ တကယ်ဖြစ်ခဲ့တယ်။ ကလေးတွေ ဘယ်လိုအခြေအနေမှာ ပျော်ရွှင်ကြလဲဆိုတာ ပြန်သုံးသပ်ကြည့်ပါ။ သူတို့အကြောင်း သူတို့ေရှ့မှာ ပြောတာကြိုက်တာလား၊ သူတို့ ဝမ်းနည်း ဝမ်းသာ လေးတွေ ရင်ဖွင့်သမျှ သိမ်းထားပေးတယ်၊ ကူညီပေးတယ်ဆိုတာကို သဘောကျမိကြတာလားဆိုတာကို သုံးသပ်ကြည့်ပါ။
ကျွန်မတို့က သက်ရှိတွေဖြစ်တယ်။ ခံစားချက်တွေနဲ့ လွမ်းမိုးချင်ကြတယ်။ တခါလေမှာ ငါကလူကြီး ငါကဆရာမ ဆိုပြီး ကလေးတွေရဲ့ ယုံကြည်လို့ ပြောသမျှကို တခြားတစ်ယောက်ကို မမျှဝေစေချင်ပါဘူး။ မလိုအပ်တာတွေကိုလဲ အချင်းချင်း မပြောမိေစရပါဘူး။ မိဘနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်ဆိုရင် ကလေးမပါဘဲဆွေးနွေးတိုင်ပင်ရမှာဖြစ်တယ်။ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေဟာ ကျွန်မတို့လို လူကြီးတွေလိုပါပဲ ခံစားရတယ်၊ ကျော်ဖြတ်ရတယ်၊ ရှင်သန်ရတာမျိုးမို့ ကလေးတွေအတွက် အလုံခြုံဆုံးသော သက်ရှိ မီးခံ သေတ္တာ လိုမျိုး ၊ ဘကြီးရဲ့ အံဝှက်လိုမျိုး ကျင့်ကြံနေထိုင်းရင်း ကလေးတွေ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားတဲ့အခါ ငြိမ်းအေး လုံခြုံသော နေရာလေးကို ဖန်တီး တည်ဆောက်ကြရအောင်။
စာရေးသူ – ဆရာမခြူးစစ်စိုး
မေတ္တာဖြင့်…
Saya-ဆာယာ