ယနေ့ခေတ် ပညာရေးစနစ်တွင် ကျောင်းသားကျောင်းသူများ၏ သင်ကြားသင်ယူမှု တိုးတက်စေရန် ဆရာဆရာမ များက cooperative learning ဟုခေါ်သော ပူးပေါင်းဆောင်ရွက်စေသည့် သင်ကြားမှုပုံစံကို အသုံးပြုလာကြပါသည်။ Cooperative learning (ပူးပေါင်းဆောင်ရွက်စေသည့် သင်ကြားမှု) ဆိုသည်မှာ ကျောင်းသားကျောင်းသူများအနေနှင့် အဖွဲ့ငယ်လေးများခွဲ၍ အချင်းချင်း ပူးပေါင်းကူညီလုပ်ဆောင်ရသော သင်ခန်းစာမျိုးကို ဆိုလိုပါသည်။ သင်ကြားရေးတွင် cooperative learning ကို အသုံးချရသည့် အကြောင်းရင်းမှာ ကျောင်းသားကျောင်းသူများအနေနှင့် တစ်ဦးတည်း လုပ်ဆောင်ခြင်းထက် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊ အဖွဲ့နှင့် လုပ်ဆောင်တတ်ရန်၊ တာဝန်ခွဲဝေယူတတ်ရန် သာမက မိမိ၏ တာဝန်ကို သိရှိပြီး ပြီးဆုံးသည်အထိဆောင်ရွက်တတ်ရန် ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်း (သို့မဟုတ်) အဖွဲ့ဖြင့်ဆောင်ရွက်ရာတွင် တစ်ဦးတည်းက ဦးဆောင်ပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ ပါဝင်သူအားလုံးက တာဝန်ကို ခွဲဝေယူကာ ပြီးမြောက်အောင်ဆောင်ရွက်တတ်ရန် အရေးကြီးပါသည်။

Cooperative Learning (ပူးပေါင်းလုပ်ဆောင်စေခြင်း)ကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ-

Critical Thinking ကို တိုးတက်စေခြင်း

အဖွဲ့ဖြင့်လုပ်ဆောင်ရာတွင် ကျောင်းသားကျောင်းသူများသည် မိမိတို့၏ အမြင်၊ ထင်မြင်ယူဆချက်များကို အများနှင့် ညှိနှိုင်းတိုင်ပင်ရာတွင် မိမိ၏အမြင် ယူဆချက်ကို အများက လက်ခံအောင်ပြောဆိုရသကဲ့သို့ အခြားသူ၏ အမြင်ကိုလည်း အလေးထားရန် သင်ယူရမည်ဖြစ်သည်။ မိမိ၏ ထင်မြင်ယူဆချက်ကိုပဲ ဦးစားပေးခြင်းမျိုးမဟုတ်ဘဲ အခြားသူ၏ ယူဆချက် အမြင်ကို သုံးသပ်ခြင်း ထောက်ပြပြောဆိုခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။  အဖွဲ့သားအားလုံး၏ အမြင် ယူဆချက်များကို ပေါင်းစပ်ထည့်သွင်းစဉ်းစား နိုင်မှသာလျှင် ကောင်းမွန်သော ရလဒ်ကို ရရှိမည် ဖြစ်ပါသည်။

ပြသာနာဖြေရှင်းနိုင်စွမ်း မြင့်မားလာခြင်း

Cooperative Learning တွင် ဆရာဆရာမ အသုံးပြုသော သင်ခန်းစာ သည် ကျောင်းသားကျောင်းသူများ၏ Problem solving skill (ပြသာနာကို ဖြေရှင်းနိုင်စွမ်း)ကို မြှင့်တင်ပေးနိုင်သော သင်ခန်းစာဖြစ်သင့်ပါသည်။ ထို့ပြင် အားလုံးပူးပေါင်းပါဝင်မှသာလျှင် ပြသာနာကိုဖြေရှင်းနိုင်ကာ ကောင်းမွန်သော ရလဒ်ကို ရရှိမည့်သင်ခန်းစာမျိုးကို အသုံးပြုသင့်ပါသည်။ ဥပမာအားဖြင့် Jigsaw (ပဟေဠိဆက်သော) သင်ခန်းစာမျိုးတွင် ကျောင်းသားတစ်ဦးနှင့် တစ်ဦး သိရှှိထားသော အကြောင်းအရာ အချက်အလက် မတူသောကြောင့် အားလုံးတူတူပူးပေါင်း ဆောင်ရွက်မှသာလျှင် အ‌ဖြေမှန်ကို ရရှိမည် ဖြစ်ပါသည်။

ဆက်ဆံရေးကောင်းလာခြင်း

အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရသောကြောင့် ကျောင်းသားကျောင်းသူများ၏ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေပါသည်။ ကျောင်းသားကျောင်းသူများ အနေနှင့် အများနှင့် အမြင်ဖလှယ်ခြင်း၊ အများ၏ ထင်မြင်ယူဆချက်ကို အလေးပေးနားထောင်ပေးခြင်း၊ မိမိ၏ အမြင် သုံးသပ်ချက်ကို ဖော်ပြခြင်း စသည်တို့ကို ပြုလုပ်ရမည် ဖြစ်သဖြင့် အများနှင့် ပြေလည်စွာ ညှိနှိုင်းပြောဆိုတတ်ရန် သင်ယူရမည်ဖြစ်သည်။

Cooperative Learning ကို အသုံးပြုခြင်းကြောင့် ရရှိသော အကျိုးရလဒ်များစွာရှိသည်မှန်သော်လည်း ဆရာဆရာမတို့အနေနှင့် ကျောင်းသားများကို နည်းမှန်လမ်းမှန် ဆောင်ရွက်တတ်ရန် ညွှန်ကြားမှုသည် အလွန်အရေးကြီးပါသည်။ နည်းမှန်လမ်းမှန်မလုပ်ဆောင်ပါက အဖွဲ့အတွင်း ပြသာနာများကြုံတွေ့နိုင်ပါသည်။ အဓိက ကြုံတွေ့ရသော ပြသာနာများမှာ တစ်ဦးတည်းက ဦးဆောင်၍ လုပ်ဆောင်ခြင်း၊ အဖွဲ့တွင်း နားလည်မှု အမြင်များကို သေချာညှိနှုင်းခြင်းမပြုနိုင်သောကြောင့် ဆက်ဆံရေးမပြေလည်ခြင်း၊ တစ်ဦးနှင့် တစ်ဦး သင်ယူမှု နှုန်းမတူညီသောကြောင့် သင်ယူမှုနှေးသော ကျောင်းသားကျောင်းသူများတွင် အခက်အခဲကြုံတွေ့ရခြင်းတို့ ဖြစ်တတ်ပါသည်။

ထိုသို့သော ပြသာနာများမကြုံတွေ့စေရန် ဆရာဆရာမတို့အနေနှင့် အဖွဲ့လိုက်ဆောင်ရွက်မှု မပြုခင် ပြုလုပ်သင့်သည်များမှာ-

  • အဖွဲ့လိုက်လုပ်ဆောင်ရသည့် အကြောင်းရင်း၊ ၎င်းတို့လုပ်ဆောင်ရမည့် Task (လုပ်ဆောင်မှု)၏ ရည်ရွယ်ချက်၊ တစ်ဦးချင်းစီ၏ တာဝန်များကို ကျောင်းသားကျောင်းသူများနှင့် အသေးစိတ်ဆွေးနွေးရမည်ဖြစ်သည်။
  • ကျောင်းသားကျောင်းသူတိုင်းက မိမိလုပ်ဆောင်ရမည့် တာဝန် ကိုသိရှိနားလည်အောင်လည်း ကူညီရမည် ဖြစ်သည်။
  • တစ်ဦးနှင့်တစ်ဦး သင်ယူနိုင်စွမ်း မတူသောကြောင့် ၎င်းတို့နှင့် ကိုက်ညီသော တာဝန်ကို လုပ်‌ဆောင်နိုင်ရန်လည်း ကူညီပေးရပါမည်။
  • ထို့ပြင် အဖွဲ့လိုက်ဆောင်ရွက်နေစဉ်တစ်လျှောက် ကျောင်းသားကျောင်းသူများ အခက်အခဲမရှိစေရန် စဉ်ဆက်မပြတ် စောင့်ကြည့်နေရမည်ဖြစ်သည်။ ထိုမှသာလျှင် ပူးပေါင်းဆောင်ရွက်စေသော သင်ခန်းစာသည် အောင်မြင်မည် ဖြစ်ပါသည်။

Cooperative Learning သည် သင်ခန်းစာအပေါ် ကျောင်းသားကျောင်းသူတို့၏ နားလည်မှုကို မြှင့်တင်နိုင်ရုံသာမက ၎င်းတို့၏ ဘဝတစ်လျှောက်လိုအပ်သော စွမ်းရည်များဖြစ်သည့် ပြသာနာဖြေရှင်းနိုင်စွမ်း၊ အများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုဆက်ဆံရေးတို့ကို တိုးတက်လာစေသောကြောင့် ဆရာဆရာမများအနေနှင့် အသုံးပြုသင့်သော သင်ကြားမှုနည်းနစ်တစ်ခုဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Reference:

https://www.cpsmanufacturingco.com/news/advantages-and-disadvantages-of-collaborative-learning

စာရေးသူ –  ဆရာမ ပွင့်ရည်ဝင်း

မေတ္တာဖြင့်…

ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ