ပြီးခဲ့သည့် အပတ်က စကားဝိုင်းလေးလုပ်ဖို့နဲ့ ဘာကြောင့်လုပ်ဖို့လိုအပ်တာ စကားဝိုင်းလုပ်တဲ့အချိန်မှာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို မျှဝေခဲ့ပါတယ်နော်။ စာဖတ်သူတို့ကိုပြောခဲ့သလို ဒီနေ့တော့ “စကားဝိုင်း” ဆိုတာဘာလဲနဲ့ “မိသားစုစကားဝိုင်း” လေး စတင်ဖန်တီးဖို့အတွက် အကြောင်းအရာလေးတွေကို မျှဝေသွားပါမယ်နော်။ “မိသားစု” စကားဝိုင်း လေးတစ်ခုဖန်တီးကြရအောင်နော်။
“စကားဝိုင်း” ဆိုတာ လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက်ပိုတဲ့လူတွေကြားမှာ စာနဲ့ဖြစ်ဖြစ်၊ စကားနဲ့ဖြစ်ဖြစ် ပြောဆိုဆက်သွယ်ခြင်းကို ဆိုလိုပါတယ်။ စကားဝိုင်းကို အမျိုးအစားခွဲပါက မတူညီတဲ့ စကားဝိုင်းအမျိုးမျိုးထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဥပမာ – မိသားစုအတွင်း စကားဝိုင်းပြုလုပ်ပါက ထိုစကားဝိုင်းကို “မိသားစု စကားဝိုင်း”လို့ ခေါ်ပြီး နိုင်ငံခေါင်းဆောင်များနိုင်ငံအတွက် ဆွေးနွေးမှုစကားဝိုင်းတွေပြုလုပ်တာကိုတော့ “နိုင်ငံရေး စကားဝိုင်း” လို့ခေါ်ပါ။ ဒီလိုပါပဲ သဘာဝပတ်ဝန်းကျင်အကြောင်း ဒါမှမဟုတ် ကျန်းမာရေးအကြောင်း စတဲ့ ကိုယ်ဆွေးနွေးပြောဆိုတဲ့ အကြောင်းအရာပေါ်မူတည်ပြီး စကားဝိုင်းအမျိုးအစားများကွဲပြားနိုင်ပါ တယ်။
စာဖတ်သူအားလုံးကို “မိသားစု စကားဝိုင်း” လေးတစ်ခုဖန်တီးဖို့ တောင်းဆိုပါတယ်။ အိမ်ရှိမိသားစုဝင်အားလုံး ပါဝင်နိုင်ဖို့ အိပ်ယာမဝင်ခင် သို့မဟုတ် မိသားစုစုံချိန်တွင်ပြုလုပ်ပေးဖို့တောင်းဆိုပါတယ်။ တစ်ပတ် တစ်ချိန် သို့မဟုတ် နှစ်ပတ် တစ်ချိန်လောက်ဖန်တီးပေးဖို့တောင်းဆိုပါတယ်နော်။ အရေးအကြီးဆုံးကတော့ နှလုံးသားနဲ့ နားထောင်ပေးဖို့ပါနော်။ နောက်တစ်ခုအနေနဲ့ စကားဝိုင်းပြုလုပ်ရာတွင် အရုပ်လေးတစ်ရုပ် သို့မဟုတ် ပစ္စည်းလေး တစ်ခုခုသုံးစေချင်ပါတယ်။ ထိုပစ္စည်း သို့မဟုတ် အရုပ်လေးကို စကားဝိုင်းအလယ်တွင် ထားပေးပါ။ စကားပြောချင်သူက ထိုအရုပ်၊ ပစ္စည်းလေးကို ကောက်ယူပြီး စကားစပြောနိုင်ပါတယ်။ ပြီးပါက ထိုအရုပ်၊ ပစ္စည်းလေးကို စကားဝိုင်းအလယ်တွင် ပြန်ထားပေးပါနော်။ နောက်ထပ်စကားပြောချင်သူက အရုပ်၊ ပစ္စည်းလေးကို ကောက်ယူ၍စကားပြောဆိုနိုင်ပါတယ်။ ပြီးပါက ထိုအရုပ်၊ ပစ္စည်းလေးကိုစကားဝိုင်း အလယ်တွင် ပြန်ထားပေးပါနော်။ ခုလိုပုံစံဖြင့် ပြုလုပ်စေပြီး စကားမပြောချင် မမျှဝေချင်သေးသော မိသားစုဝင်များကို အရမ်းမတိုက်တွန်းပါနဲ့။ အားလုံးက စကားဝိုင်းလေးကို ယုံကြည်လာပါက ပါဝင်လာမည်ကို အာမခံပါတယ်နော်။
စာဖတ်သူတို့ သိချင်နေမှာပေါ့နော်။ “မိသားစု စကားဝိုင်း”မှာ ဘယ်လိုအကြောင်းအရာ ဘာတွေကို ဆွေးနွေးပြောဆိုသင့်လဲပေါ့။ မိသားစု တစ်စုနဲ့တစ်စုကတော့ ကွက်တိ တူညီနိုင်မှာမဟုတ်ပါဘူးနော်။ မိသားစုဝင်အချင်းချင်းပို၍ နားလည်မှုနှင့် တစ်ခုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးပြောစေချင်ပါတယ်။ ဥပမာ – ဒီနေ့ “မိသားစု စကားဝိုင်း”လေးကတော့ မိမိရည်မှန်းချက်အကြောင်းလေးတွေပြောကြရအောင်နော်။ ဒီလိုခေါင်းစဉ်မျိုးက မိသားစုဝင်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ အချင်းချင်းဖြည့်ဆည်းသွားစေနိုင်မှာပါ။ မိသားစုဝင် အချင်းချင်း ပိုမိုရင်းနှီးနားလည်လာနိုင်စေမယ့် အကြောင်းအရာတွေနဲ့လည်း စကားဝိုင်း ဖန်တီး နိုင်ပါတယ်နော်။ စကားပြောနေချိန်မှာ စကားပြောတဲ့သူက ငိုနေတာ၊ စိတ်မကောင်းစရာ တစ်ခုခုပြောနေတာဆိုရင် နှလုံးသားဖြင့်သာသေချာနားထောင်ပေးပါနော်။ ဘာစကားကိုမှ ဝင်ရောက်မပြောမိပါစေနဲ့နော်။ စကားဝိုင်းတွင် ပြောဆိုခဲ့တဲ့အကြောင်းအရာတွေကို စကားဝိုင်းမလုပ်နေတဲ့ ပြင်ပအခြားအချိန်တွေမှာ စနောက်ခြင်း မပြုလုပ်ပါစေနဲ့နော်။ စကားဝိုင်းတွင်ပါဝင်သူအားလုံးက စကားဝိုင်းကို အပြည့်အဝ ယုံကြည်မှုရှိဖို့က အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
စာဖတ်သူအားလုံး ပျော်ရွှင်စရာ “မိသားစု စကားဝိုင်း” လေးတစ်ခုအမြန်ဆုံးကောင်အထည်ဖော်ဖန်တီး နိုင်ပါစေနော်။ စကားဝိုင်း ဖန်တီးပြီးပါက စကားဝိုင်းအတွေ့အကြုံနှင့် ပြောင်းလဲမှုများကို (Chat Box ) သိုမဟုတ် (Comments ) မှာ စာပို့ထားစေချင်ပါတယ်နော်။ ကျွန်မလည်း အားလုံး၏ အတွေ့အကြုံတွေကနေ သင်ယူချင်ပါတယ်နော်။ မိသားစု အားလုံး ပိုမိုနားလည်နိုင်စေဖို့ “မိသားစု စကားဝိုင်း” လေးဖန်တီးစို့။
ဘာကြောင့်စကားဝိုင်းလုပ်သင့်တယ်ဆိုတဲ့အကြောင်းပြချက်က အားပျော့နေတယ်။ ဘယ်လိုအကြောင်းအရာမျိုးတွေ စပြောသင့်တယ်။ နောက်ပိုင်း ယုံကြည်မှုရလာရင် ဘယ်လိုဟာမျိုးတွေပြောသင့်တယ်ဆိုတာမျိုး အကြံပေးရမယ်။
မေတ္တာဖြင့်
ဆရာမခင်
ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ …