ကလေးများကို သင်ကြားမှုပြုလုပ်ပြီးသည့်အခါ သင်ကြားသူများက ကလေးများ၏ သင်ခန်းစာအပေါ် နားလည်တတ်မြောက်မှုအပြင် အမြဲမှတ်မိနေစေရေးကိုပါ မျှော်လင့်လေ့ရှိကြသည်။ ကလေးများက သင်ယူပြီးသော သင်ခန်းစာ၏ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း သင်ခန်းစာတစ်ခုလုံးကိုလည်းကောင်း မေ့သွားပါက ဉာဏ်မကောင်းဘူးဟု သင်ကြားသူများသာမက သင်ယူသူကလေးများ ကိုယ်တိုင်ပင် ကောက်ချက်ချ ပြောဆိုလေ့ရှိပါသည်။ ကျွန်ုပ်တို့၏ မှတ်ဉာဏ်သည်ကား အချိန်ကြာမြင့်လာသည်နှင့်အမျှ မှတ်ဉာဏ်ဟောင်းများကို မေ့လျော့တက်သွားသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်, ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ မှတ်ဉာဏ်နှင့် ပတ်သတ်၍ ပြုလုပ်နိုင်သော အရာများလည်း ရှိသေးသည်။
အခြေခံအားဖြင့် သင်ကြားသူရော သင်ယူသည့်ကလေးပါ မှတ်ဉာဏ်၏ အလုပ်လုပ်ပုံကို သိရှိနားလည်ရန် အလွန် အရေးကြီးပါသည်။ မှတ်ဉာဏ်၏ အလုပ်လုပ်ပုံကို နားလည်မှသာ သင်ကြားသူအနေဖြင့် ကလေးများ၏ မှတ်ဉာဏ်တွင် သင်ခန်းစာများကို ရေရှည်မှတ်မိနေစေရန် လုပ်ဆောင်သင့်သည်များကို ထည့်သွင်းစဉ်းစားနိုင်မည် ဖြစ်ပြီး သင်ယူသူကလေးများ အနေဖြင့်လည်း မိမိတို့၏ မှတ်ဉာဏ်အတွက် လုပ်ဆောင်ရန်များနှင့် လေ့ကျင့်ခန်း များကို တွေးတောလုပ်ဆောင်နိုင်ကြမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဦးနှောက်နှင့် မှတ်ဉာဏ် အလုပ်လုပ်ပုံသည် အလွန်စိတ်ဝင်စားစရာကောင်းလှပါသည်။ ကျွန်ုပ်တို့ မှတ်ဉာဏ်မှ တစ်စုံတစ်ခုကို သတိရသည့်အခါတိုင်း (သို့မဟုတ်) သတိရဖို့စဉ်းစားသည့်အခါတိုင်း ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ မှတ်ဉာဏ်ကွန်ရက်ဟုခေါ်သော memory network ကို ချက်ချင်းအသိလှမ်းပေးပါသည်။ ထို့နောက်, hippocampus ဟုခေါ်သော ဦးနှောက်၏ အစိတ်အပိုင်းနှင့် အခြားအစိတ်အပိုင်းများက memory network နှင့်အတူတူ မှတ်ဉာဏ်ကို ပုံကြမ်းမှ အချောသပ်ပုံထိ ရေးဆွဲသကဲ့သို့ တဆင့်ချင်း တည်ဆောက်သွားကြပါသည်။ ထို့ကြောင့်သာ ကျွန်ုပ်တို့၏ စိတ်ထဲတွင် မှတ်ဉာဏ်ပေါ်လာကာ ဤမှတ်ဉာဏ်ကို ပြန်လည်ပြောပြနိုင်ခြင်း ဖြစ်ပါသည်။ မှတ်ဉာဏ် အသစ်များကိုလည်း ဤနည်းအတိုင်း ဦးနှောက်ထဲတွင် တည်ဆောက်သွားကြပါသည်။
သိပ္ပံပညာရှင်များ ယူဆထားသော မှတ်ဉာဏ်တည်ဆောက်ခြင်း အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပထမအဆင့်ဖြစ်သော မှတ်တမ်းတင်သည့် အဆင့်ကို Encoding ဟုခေါ်ပါသည်။ ကျွန်ုပ်တို့သည် ဖြစ်ရပ်တစ်ခုကို အတည်ပြုသိရှိသည့်အခါ၊ အချက်အလက်တစ်ခုကို သင်ယူရရှိသည့်အခါ၊ ကျွန်ုပ်တို့မှတ်မိလိုသော တစ်စုံတစ်ခုကို တွေ့ကြုံရသည့်အခါ၊ ကျွန်ုပ်တို့၏ ဦးနှောက်အစိတ်အပိုင်းများသည် ပထမဦးစွာ မှတ်တမ်းတင်သည့် အလုပ်ကို စတင်လုပ်ဆောင်ပါသည်။ ဥပမာအားဖြင့် လူတစ်ယောက်ကို သူ၏ မိတ်ဆွေတစ်ယောက်က အခြားသူတစ်ယောက်နှင့် မိတ်ဆက်ပေးပြီး ခဏအကြာတွင် မိတ်ဆွေအသစ်၏ နာမည်ကို ထိုလူမေ့သွားပါက ထိုလူ၏ မှတ်ဉာဏ်မကောင်းသောကြောင့်ဟု မဆိုနိုင်ပါ။ အမှန်မှာ မိတ်ဆက်ပေးနေချိန်တွင် ထိုလူက အာရုံမစိုက်ခြင်း (သို့မဟုတ်) သတိမမူမိခြင်းများကြောင့် ထိုလူ၏ ဦးနှောက်က မိတ်ဆွေအသစ်၏ နာမည်ကို မှတ်ဉာဏ်ထဲမှာ မှတ်တမ်းမတင် လိုက်နိုင်ခြင်းကြောင့်သာဖြစ်သည်။
မှတ်ဉာဏ်တည်ဆောက်ခြင်း၏ ဒုတိယအဆင့်ကို Consolidation မှတ်ဉာဏ် ထိန်းသိမ်းထားသည့် အဆင့်ဟု ခေါ်ပါသည်။ မှတ်တမ်းတင်ထားသော အရာများကို ကျွန်ုပ်တို့၏ ဦးနှောက်က မှတ်ဉာဏ်ထဲတွင် ထိန်းသိမ်း ပေးထားပါသည်။ သို့သော် ၎င်းမှတ်ဉာဏ်ကို ပြန်လည်တွေးတောခြင်းမရှိပါက ရိုးရိုးသာမန်မှတ်ဉာဏ်အဖြစ် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပါလိမ့်မည်။
ထို့ကြောင့် တတိယအဆင့်ဖြစ်သော ပြန်လည်တွေးတောခြင်းအဆင့် Retrievalသည် အလွန်အရေးကြီး ပါသည်။ မှတ်ဉာဏ်များကို ပြန်လည်တွေးတောခြင်းဟာ မှတ်ဉာဏ်အားကောင်းစေဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါ သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ မှတ်ဉာဏ်တစ်ခုကို အမှတ်ရတိုင်း ကျွန်ုပ်တို့ အာရုံကြောများမှ တဆင့် မှတ်ဉာဏ်များကို ပိုမိုအားကောင်းစေပြီး မှတ်မိလွယ်စေပါသည်။ အကျိုးဆက်အနေဖြင့် ၎င်းမှတ်ဉာဏ်အကြောင်းကို ပြန်လည်စဉ်းစားသည့် အခါတိုင်း အရမ်းကြီးမစဉ်းစားရဘဲ စဉ်းစားရလွယ်ကူစေပါသည်။
ကျွန်ုပ်တို့၏ မှတ်ဉာဏ်အားကောင်းစေရန် တစ်နည်းအားဖြင့် ဉာဏ်ကောင်းစေရန် လုပ်ဆောင်နိုင်သော အခြားအရာများလည်းရှိပါသေးသည်။ အချိန်မှန်အိပ်စက်အနားယူခြင်းနှင့် သင့်တင့်မျှတစွာ အစာစားခြင်းတို့သည် ခန္ဓာကိုယ်ကို သန်စွမ်းစေရုံသာမက ဦးနှောက်၏ လုပ်ဆောင်ချက်များကို ကျန်းမာစွာ လုပ်ဆောင်ရန်၊ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်ပါသည်။ ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလည်း ဦးနှောက်၏ လိုအပ်သော အောက်စီဂျင်ပမာဏကို ဦးနှောက်ထဲသို့ ထိရောက်စွာ စီးဆင်းစေသောကြောင့် များစွာ အထောက်အကူပြုပါသည်။ စိတ်ပိုင်းဆိုင်ရာ တက်ကြွစွာနေထိုင်ခြင်းနှင့် အသစ်အသစ်များကို သင်ယူခြင်းကဲ့သို့သော ဦးနှောက်ကို အလုပ်လုပ်စေသည့် အလေ့အကျင့်များကို မွေးမြူခြင်းသည်လည်း ဉာဏ်ကောင်းလာစေရန် အလွန် အထောက်အကူပြုပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့၏ မှတ်ဉာဏ်များကို တည်ဆောက်ရာတွင် ကျွန်ုပ်တို့၏ ဦးနောက်သည် ကျွနု်််ပ်တို့ တွေ့ကြုံသင်ယူရသော ဖြစ်ရပ် (သို့မဟုတ်) သင်ခန်းစာများကို ပထမဦးစွာ မှတ်တမ်းတင်ပါသည်။ ၎င်းနောက် ထိုမှတ်တမ်းကို မှတ်ဉာဏ်ထဲတွင် ထိန်းသိမ်းထားပေးပါသည်။ ထိုထိန်းသိမ်းထားသော မှတ်ဉာဏ်များကို ပြန်လည်တွေးတောခြင်း အောက်မေ့ သတိရခြင်းမရှိပါက အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်သွားမည် ဖြစ်ပြီး ပြန်လည်တွေးတောခြင်းသည် မှတ်ဉာဏ်အားကောင်းစေရန် အကောင်းဆုံးအချက်ဖြစ်ပါသည်။ ထို့ကြောင့် သင်ကြား သင်ယူသူများ အနေဖြင့် သင်ကြားထားသော သင်ခန်းစာများကို ရေရှည်မှတ်မိနေစေရန် ကျွန်ုပ်တို့၏ မှတ်ဉာဏ် အလုပ်လုပ်ပုံကို သတိပြုကာ ပိုမိုထိရောက်သော နည်းလမ်းများဖြင့် မှတ်ဉာဏ်အားကောင်းအောင် ပြုလုပ်နိုင်သော နည်းလမ်းများကို မျှဝေလိုက်ရပါသည်။

စာရေးသူ-ဇင်မောင်မောင်
ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ…

Reference
https://youtu.be/TUoJc0NPajQ