ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ အကောင်းဆုံးကူညီပံ့ပိုးမှုတွေပေးနိုင်ဖို့ကအလွန်အရေးကြီး ပါတယ်။ ကလေးပြုစုပျိုးထောင်တဲ့အခါမှာ လုပ်ဆောင် သင့်တဲ့အရာတွေကတော့
အများကြီးရှိပါတယ်။
အဲ့ဒီထဲက တချို့ ကို ဒီနေရာမှာ မျှဝေပေးသွားပါမယ်။ ဒီနေရာမှာအဓိကပြောပြသွားချင် တာတွေကတော့ ကလေးအပေါ် အကောင်းဆုံးသော ပြုစုစောင့်ရှောက်ပေးနိုင်ဖို့
လှုံ့ဆော်မှု အားကောင်းတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကိုမျှဝေပေးသွားပါမယ်။
လှုံ့ဆော်မှု အားကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေး နိုင်ရင် ကလေးရဲ့ဦးနှောက်ဟာ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်လာပြီး၊ ကောင်းတဲ့ သင်ယူမှုတွေ ဖြစ်လာမှာပါပဲ။
ကလေးတစ်ယောက်ကို ပံ့ပိုးပေးတဲ့အခါမှာ အဓိကအနေနဲ့ ဗီဇ နဲ့ ပတ်ဝန်းကျင် ဆိုတဲ့ အချက်နှစ်ချက်ကိုထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်။
ဗီဇဆိုတာ ပြုပြင်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကသာပြုပြင်လို့ရတဲ့အရာဖြစ်ပြီး ကလေးအပေါ် ပံ့ပိုးနိုင်တဲ့အရာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ မကောင်းတဲ့ ပတ်ဝန်းကျင် ဆိုပြီး နှစ်မျိုးရှိပါတယ်။
ကောင်းတဲ့ ပတ်ဝန်းကျင်ဆိုတာ ကလေးအတွက် ကောင်းမွန်တဲ့အစာအာဟာရ၊ ပြုစုစောင့်ရှောက်မှု နဲ့
ကောင်းမွန်တဲ့ လှုံ့ဆော်မှုကိုပေးတဲ့ ပတ်ဝန်းကျင်မျိုးကို ဆိုလိုတာပါ။ ကောင်းကောင်းမွန်မွန်ဖေးမခြင်း၊ကောင်ကောင်းမွန်မွန် ပြောဆိုပေးခြင်း၊ လိုအပ်ချက်၊ အစာအာရဖြည့်ဆည်းခြင်း၊
ကြင်ကြင်နာနာဆက်ဆံပေးခြင်း နဲ့ လိုအပ် တဲ့အရာတွေကို ပံ့ပိုးပေးခြင်းတွေနဲ့ပြည့်စုံတဲ့ ပတ်ဝန်းကျင်ဟာကလေးတွေအတွက် လှုံ့ဆော်မှုအားကောင်းတဲ့ ပတ်ဝန်းကျင်ပါ။ ဒီလို ပံ့ပိုးပေးခြင်းက ကလေးအတွက်ဦးနှောက်ကို အစွမ်းကုန်ဖွံ့ဖြိုးလာစေပြီး ကောင်းမွန်တဲ့ ကျန်းမာရေး၊ သင်ယူမှု နဲ့ အပြုအမူကောင်းတွေကိုရရှိစေနိုင်မှာပါ။
အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ ဆန့်ကျင်ဘက်တွေကို ပြုလုပ်တဲ့၊ ဖြည့်ဆည်းပေးတဲ့ ပတ်ဝန်းကျင်ဟာ ကလေးတွေအတွက် မကောင်းတဲ့ ပတ်ဝန်းကျင်ပါဘဲ။ ကလေးအပေါ် ကြမ်းတမ်းတဲ့အပြုအမူ၊ကြမ်းတမ်းတဲ့ ပြုမူဆက်ဆံမှုတွေကြောင့် ကလေးများအတွက် မကောင်းတဲ့ အကျိုးဆက်ကို
ရရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေအတွက် သင်ယူ မှု၊ အပြုအမူ၊ ကျန်မာရေးတို့မှာ မကောင်းတဲ့အရာတွေသာ ရရှိသွားနိုင်မှာပါ။
ဒီနေရာမှာ သတိထားသင့်တဲ့ အချက် တစ်ခုရှိလာပါတယ်။ ကလေးတွေဟာ လူကြီးတွေနဲ့ပတ်ဝန်းကျင်ကနေပြီး အရာအားလုံးကို သင်ယူကြပါတယ်။ ဒါကြောင့် ကောင်းတဲ့အရာ၊
နူးညံ့သိမ့်မွေ့တဲ့အရာတွေနဲ အပြုသဘောဆောင်ခြင်းတွေ သင်ယူနိုင်အောင် လူကြီးမိဘ၊ဆရာဆရာမများက ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်ဖို့ အလွန် အရေးကြီးပါတယ်။ ဒါမှသာ
ကလေးများအတွက် ကောင်းမွန်တဲ့ သင်ယူခြင်းများဖြင့်ကောင်းမွန်တဲ့ အလေ့အကျင့်၊အပြုအမူကောင်းတွေကိုသာ ရရှိနိုင်မှာပါ။
အဓိကအချက်အနေနဲ့ကတော့ ကလေးတစ်ယောက်အတွက် ကောင်းမွန်တဲ့ အပြုအမူကောင်းတွေဖြစ်လာနိုင်ဖို့ ဆိုရင် စိတ်ရှည်ရှည်နဲ့ ထပ်ခါ ထပ်ခါ လေ့ကျင့်ပေးဖို့ လိုပါတယ်။ အလေ့အကျင့် မှသည် အလေ့အထသို့ ဆိုတဲ့ စကားအတိုင်း အလေ့အကျင့်များများ လုပ်ပေးမယ်ဆိုရင် အလေ့အထတွေပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။
ဒီလိုပြုစုစောင်ရှောက်ပေးတဲ့အခါမှာလည်း စည်းကမ်းဟာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။စည်းကမ်း ဆိုတာကို တားဆီးပိတ်ပင်ခြင်း သဘောကို ဆောင်တဲ့ အရာလို့ အများအားဖြင့် နားလည်ထားတက်ကြတယ်။ တကယ်တော့ စည်းကမ်းဆိုတာ နည်းလမ်းပေးခြင်းသာ ဖြစ်ဖို့လိုတာပါ။
ကလေးတွေအတွက် အပြုသဘော ဆောင်တဲ့ စည်းကမ်းဖြစ်အောင် ပြုစုနိုင်ရန် လိုအပ်ပါတယ်။ အပြုသဘောဆောင်တယ်ဆိုတဲ့နေရာမှာ အကျိုးအကြောင်းပြ ဆုံးမ လမ်းညွန်တာ၊ စည်းကမ်းကို လူကြီးတွေက တိုက်ရိုက်ချမှတ်တာမျိုး မဟုတ်ဘဲ အပြန်အလှန် နားလည်မှုနဲ့ တည်ဆောင်ပေးတာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ဘာမလုပ်ရလို့ တားဆီးတာထက်
ဘာလုပ်ရမယ်ဆိုတာကို လမ်းညွန် သွန်သင်ပေးဖို့ အရေးကြီးပါတယ်။
အချုပ် ပြောရရင် ကလေးတွေ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြုစုပျိုးထောင်တဲ့နေရာမှာလှုံ့ဆော်မှုအားကောင်းပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့နဲ့၊ အပြုသဘောဆောင်တဲ့ စည်းကမ်းတွေနဲ့ ပြုစုပျိုးထောင်ဖို့ အရေးကြီးပါတယ်။
မေတ္တာဖြင့်…
မျိုးဆွေသန့်
ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ…
ကိုးကား – ဆရာကြီး ဒေါက်တာ သိန်းလွင် (ကလေးစိတ်ပညာ၊ ပါရဂူ)၊ ကလေးစိတ်ပညာ သင်တန်းမှ။