ပုံပြင်တို့ စာဖတ်တာတို့ဆိုရင် ကျွန်မတို့တွေက အမြဲတမ်းလိုလို စိတ်နှလုံးသားပိုင်း၊ ကိုယ်ကျင့်တရားပိုင်းကို အဓိကထားပြောကြတယ်။ အမှန်က ပုံပြင်ဆိုတာ ဘာသာရပ်တိုင်းမှာ သုံးလို့ရတယ်။ ပုံပြင်ထဲက အကြောင်းအရာပေါ် မူတည်ပြီး ဘယ်လို ချိတ်ဆက်ပေးမယ်ဆိုတာ စဉ်းစားပြင်ဆင်ရတာပါ။ ဒီနေ့တော့ ကျွန်မသိသလောက် ပုံပြင်ကနေ သင်္ချာဘယ်လို သင်လို့ရလဲဆိုတာကို မျှဝေပေးပါ့မယ်။ပုံပြင်စာအုပ်ထဲမှာ ဇာတ်ကောင်တွေ၊ အကြောင်းအရာတွေ၊ ပုံဖေါ်ထားပုံတွေကို ကြည့်ပြီး ဘယ်ပုံပြင်ကိုတော့ သင်္ချာရဲ့ ဘယ်အပိုင်းကို သင်မလဲ၊ ဘယ်အတန်းကို သင်မလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ စာအုပ်တစ်အုပ်ကိုလည်း အကြောင်းအရာ အများကြီး၊ အတန်းအများကြီးကို သင်လို့ရပါတယ်။ကျွန်မတို့ အားလုံးသိတဲ့ ယုန်နဲ့လိပ်ပုံပြင်ကို ဥပမာပေးပြီး ရှင်းပြပါ့မယ်။ ပုံပြင်ထဲမှာ ယုန်နဲ့လိပ် အပြေးပြိုင်ကြတယ်။ အရမ်းငယ်တဲ့ ကလေးတွေဆိုရင် အနှေး၊ အမြန် သဘောတရားကို သင်ပေးလို့ရတယ်။ နောက် ဆက်ပြီး ယုန်လို မြန်တဲ့ အကောင်တွေအကြောင်းပြော၊ လိပ်လို နှေးနှေးလေးသွားတဲ့ အကောင်တွေ အကြောင်း ဆက်ပြောပေါ့။ပုံထဲမှာ အပင်လေးတွေပါခဲ့ရင် အပင်လေးတွေရဲ့ အရေအတွက်ကိုလိုက်ပြီး ရေတွက်ခိုင်းလို့ ရတယ်။ အလွယ်ဆုံးက စာအုပ်ထဲမှာ ယုန်လေးရဲ့ ပုံ ဘယ်နှစ်ပုံ ပါလဲ ဆိုတာမျိုး မေးလို့ရတယ်။ အရမ်းငယ်တဲ့ ကလေးတွေကို ရုပ်ပုံနဲ့ သင်္ချာသဘောတရားနဲ့ ချိတ်ဆက် သင်လို့ရတယ်။နည်းနည်းကြီးတဲ့ ကလေးတွေဆိုရင် အပြေးပြိုင်တာ ဖြစ်တဲ့အတွက်၊ အနှေးအမြန် သဘောတရား၊ အကွာအဝေးရဲ့ သဘောတရား၊ အရှိန်ရဲ့ သဘောတရားတွေကို သင်ပေးလို့ရနေပါပြီ။ယုန်နဲ့လိပ် ပုံပြင်ကို ဖတ်ပြပြီးတဲ့အခါ ယုန်နဲ့လိပ်ရဲ့ သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ၁၀ ပေ အဖြစ် သတ်မှတ်ပေးကြည့်ရအောင်။ ဒါဆိုရင် ယုန်က ပုံမှန်နှုန်းနဲ့သွားခဲ့သည်ရှိသော် ဘယ်လောက်ကြာရင် ပန်းတိုင်ရောက်မလဲ။ လိပ်ကရော ကြာချိန် ဘယ်လောက်ရှိမလဲ။ သူတို့ မသိရင် စာတွေဖတ်တာ၊ ယေဘူယျ ဗဟုသုတတွေ ရှာဖွေတာလုပ်ခိုင်းလို့ရတယ်။ ကိုယ်က ပြောပြလို့လဲရတယ်။အကယ်၍ ယုန်က တစ်ပေကို ကြာချိန် ၁၀ စက္ကန့်နဲ့သွားရင် ပန်းတိုင်ရောက်ဖို့ ဘယ်လောက် ကြာနိုင်လဲ။ လိပ်က တစ်ပေကို ကြာချိန် ၃၀ စက္ကန့်နဲ့ သွားရင် ပန်းတိုင်ရောက်ဖို့ ဘယ်လောက်ကြာမလဲ၊ ယုန်တစ်ကောင်ဟာ မိနစ် (၂၀) ဆက်တိုက်ပြေးရင် အကွာအဝေး ဘယ်လောက်ကို ရောက်မလဲ။ စတဲ့ မေးခွန်းမျိုးတွေ ဖန်တီးပြီး မေးလို့ရတယ်။ ဒါဟာ အချိန်တွေ၊ အကွာအဝေးတွေကို တွက်ပြတာပါ။နည်းနည်းပိုခက်စေချင်ရင် – ယုန်နဲ့ လိပ်ရဲ့ ပြိုင်ပွဲဟာ မြစ်ကိုလည်း ဖြတ်ရတယ်၊ တောင်ကိုလည်း တက်ရမယ်ဆိုပါစို့။ မြေပြန့်မှာ သွားနိုင်နှုန်းနဲ့ မြစ်ကိုဖြတ်ချိန်၊ တောင်ကို တက်ချိန်ရဲ့ သွားနိုင်နှုန်းတွေကို တွက်ခိုင်းလို့ရတယ်။ အဖြေတွေ ဘယ်လိုရလဲ၊ ဘယ်လို စဉ်းစားလဲဆိုတာတွေ ဆွေးနွေးလို့ရတယ်။ဒီလောက်ဆိုရင် ကျွန်မဘာကြောင့် ပုံပြင်တွေကနေ သင်္ချာသင်လို့ ရတယ်လို့ပြောသလဲ ဆိုတာကို သဘောပေါက်မယ်ထင်ပါတယ်။ ပုံပြင်တစ်ခုနဲ့တစ်ခု မတူပါဘူး။ မတူတဲ့အတွက် သင်္ချာနဲ့ ချိတ်နိုင်ဖို့ လွယ်တာ ခက်တာ ကွာဟနိုင်သလို သင်္ချာရဲ့ ဘယ်အပိုင်းကို ချိတ်မယ်ဆိုတာ သေချာ စဉ်းစားဖို့လိုပါတယ်။ဒီစာကို ဖတ်ပြီးတဲ့အခါ ပုံပြင်တွေကို moral values ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေ၊ သွန်သင်မှုတွေပေးဖို့အတွက်ပဲ မဟုတ်ဘဲ အတွက်အချက်တွေ၊ သင်္ချာဆိုင်ရာ တွေးခေါ်မှုတွေ သင်ပေးရာမှာ အသုံးပြုဖို့ စဉ်းစားနိုင်ကြပါစေ။သင်္ချာဟာ ကြောက်စရာမဟုတ်ဘဲ ပျော်စရာကြီးကွာ၊ အသုံးဝင်တယ်နော် ဆိုတဲ့ မှတ်ချက်တွေ ကလေးတွေဆီကနေ ကြားရအောင် ကြိုးစားကြမယ်လေ။ မေတ္တာဖြင့်… Sayarma-ဆရာမPhoto Credit – https://pluspng.com/…/png-hare-and-tortoise-tortoise…