ကလေးတွေ ငယ်စဉ် လဲကျတဲ့အခါမှာဖြစ်ဖြစ်၊ တခုခု ထိခိုက်မိတာမှာဖြစ်ဖြစ် လူကြီးတွေက အရာတခုခု (သို့) လူတယောက်ယောက်ကို လက်ညှိုးထိုး အပြစ်တင်ပြကြတယ်။ ကလေးကို ချော့ရင်း “သူ့ကြောင့်ဖြစ်တာလား ဟုတ်လား သူ့ကို ရိုက်ဦးမယ်” စသဖြင့် ကလေးစိတ်ကျေနပ်အောင် ပြောတတ်ကြတယ်။
ကျွန်မတို့ ငယ်စဉ်အချိန်မှာ ခဏခဏ လဲကျတာမျိုး၊ ထိခိုက်မိတာမျိုး များစွာ ကြုံဖူးတယ်။ ထပ်ခါတလဲလဲ အခြားသူအပေါ်မှာဖြစ်ဖြစ် အရာဝတ္ထုတခုခုပေါ်မှာဖြစ်ဖြစ် လွှဲချပြီး စိတ်သက်သာအောင် လုပ်ကြတယ်။ တခါတလေမှာ ဝမ်းနည်းနေတဲ့၊ ထိခိုက်မိတဲ့ ကလေးကို သေချာ မလုပ်ရကောင်းလားဆိုပြီး ဆူငေါက်ကြတယ်။
မွေးကင်းစကတည်းကနေ ကြီးတဲ့အထိ ကိစ္စကြီးငယ်ကြုံလာတဲ့အခါ ကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူကိုသော်လည်းကောင်း အပြစ်တင်တတ်လာကြတယ်။ လုပ်ငန်းခွင်ထဲ ဝင်တဲ့အခါ၊ လူကြီးတွေဖြစ်လာတဲ့အခါ ပြသနာတွေ ကြုံလာရင် ငယ်စဉ်ကလိုမျိုး အခြားသူကို အပြစ်ပုံချတတ်လာကြတယ်။ လူအပေါ်မဟုတ်ရင်တောင် ကံတရားအပေါ် အပြစ်ပုံချတတ်လာကြတယ်။
စဉ်းစားကြည့်ပါ။ ကျွန်မတို့တွေဟာ မွေးကင်းစကလေးကတည်းက Blame Culture (အပြစ်ပုံချ ယဉ်ကျေးမှု/ လက်ညှိုးထိုးယဉ်ကျေးမှု)ကြီးတခုကို စဉ်ဆက်မပြတ် ဖန်တီးလာခဲ့ကြတာ။ ကျွန်မတို့ကိုယ်တိုင်လည်း ပါဝင်ခဲ့ကြတယ်မလား။
Blame Culture ဆိုတာ ကိစ္စရပ်တခုခုဖြစ်လာတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ အခြားသူအပေါ်ပဲ အပြစ်ပုံချတာ၊ အခြားသူကို လက်ညှိုးထိုးရှုံ့ချတာမျိုးကို ဆိုလိုပါတယ်။ လုပ်ငန်းခွင်မှာဆို ခေါင်းဆောင်က အမှားလုပ်မိရင်တောင် ရာထူးနိမ့်သူက တာဝန်ယူဖို့ အပြစ်ပုံချတာမျိုးတွေ၊ ကိုယ်မှားတာကို ကိုယ်တိုင်မသိဘဲ သူများကိုပဲ ဖိဆူတာမျိုးတွေပေါ့။
ပြသနာတစ်ခုရဲ့ အကြောင်းရင်းကို သေချာ နားလည်ဖို့ မကြိုးစားဘဲ ကိုယ့်ထက်နိမ့်သူ၊ ကိုယ်နိုင်လို့ရမယ့်သူ၊ အားနည်းသူကို လက်ညှိုးထိုး အပြစ်ပုံချလိုက်တာမျိုး၊ ဖိအားပေးတာမျိုးဟာ Blame Culture ထဲမှာပါပါတယ်။
ကျွန်မတို့ငယ်ငယ်ကဆိုရင် ပန်းကန်တွေကွဲရင် အဆူခံရ၊ အရိုက်ခံရ ခဏခဏဖြစ်တယ်။ လူကြီးတွေကြောင့်ကွဲရင်တော့ မသိချင်ယောင်ဆောင်နေကြတယ်။ အဲ့ဒါမျိုးကျွန်မ သိပ်စိတ်ဆိုးတာ။ တခါတလေ လူကြီးတွေက အခြားတခုနဲ့ စိတ်ဆိုးလာရင် ကလေးတွေကို လာမဲကြတာရှိသေးတယ်။
ပြသနာတစ်ခုကို ဖြေရှင်းဖို့အတွက်ဆိုရင် ပါဝင်ပတ်သက်သူတွေဟာ ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်ကိုယူပြီး တာဝန်ခံမှု ရှိရှိနဲ့ ဝိုင်းဝန်းအဖြေရှာရမှာမဟုတ်လား။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် လက်ညှိုးထိုး အပြစ်ရှာနေရုံနဲ့ ပြသနာတွေက ဖြေရှင်းနိုင်မှာမှ မဟုတ်တာ။
တိုးတက်တဲ့နိုင်ငံတစ်ခု၊ အဝန်းအဝိုင်းဖြစ်ဖို့ဆိုရင် အပြစ်ပုံချရင်း အချိန်ကုန်ဆုံးသွားသူတွေထက် ပြသနာရဲ့ ဇစ်မြစ်ကို နားလည်အောင် ကြိုးစားပြီး အကောင်းဆုံးဖြေရှင်းနိုင်တဲ့သူတွေ လိုအပ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု၊ အလုပ်ခွင်ဖြစ်ဖို့ဆိုရင် အိမ်ထောင်ဦးစီး၊ခေါင်းဆောင်ကအစ Blame Culture မရှိအောင် ကြိုးစားရမှာပါ။
တာဝန်သိ၊ တာဝန်ခံတတ်တဲ့သူတွေရှိတဲ့ အသိုင်းအဝန်းဖြစ်မှ ကျွန်မတို့အတွက် ပျော်ရွှင်စရာကောင်းမယ်၊ ပိုလို့တိုးတက်လာမယ်။ ဒီလိုဖြစ်ဖို့ မွေးကင်းစကတည်းက စရမှာ။ ကျွန်မတို့ရဲ့ အဝန်းအဝိုင်းလေးတိုးတက်ဖို့ များများမစွမ်းနိုင်ရင်အောင် ကိစ္စကြီးငယ်ကြုံလာတဲ့အခါ အခြားသူကိုလက်ညှိုးထိုးဖို့၊ အပြစ်ပုံချဖို့ မစဉ်းစားဘဲ ပြသနာရဲ့ အဓိကအကြောင်းရင်းကို ရှာဖွေပြီး ကိုယ်တိုင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုပါတယ်။
Blame Cultureကနေလွန်မြောက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သားကောင်း၊သမီးရတနာများ ပြုစုပျိုးထောင်နိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ