လူဖြစ်လာတဲ့အခါ လူ့ဝန်းကျင်က အားလုံးအတွက် အရေးပါတယ်။ ပတ်ဝန်းကျင်ကလူတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေက ဘယ်လိုနေထိုင်ပြုမူသလဲဆိုတာ ကိုယ့်အပြောအဆို၊ နေထိုင်ပုံနဲ့ တွေးခေါ်ပုံတွေအပေါ် သက်ရောက်မှုရှိတာကိုး။ တစ်ခုခုဆို ဟဲ့ သူများတွေ ကဲ့ရဲ့လိမ့်မယ် ဒီလိုမနေနဲ့၊ ဒီလိုနေ စသဖြင့် ဆုံးမမှုတွေ လမ်းညွှန်မှုတွေကအစ ကိုယ်မဟုတ်တဲ့ ပြင်ပအရာတွေအပေါ် မှီခိုမှု ရှိတယ်။

ကျွန်မအရင်ကရော အခုရော ကိုယ့်ကိုလူတိုင်းက ချစ်စေချင်တယ်၊ ကိုယ့်လုပ်ရပ်အပေါ် လူတိုင်းက အကောင်းမြင်စေချင်တယ်။ လူတိုင်းက ကိုယ့်ကို အသိမှတ်ပြုစေချင်တယ်။ တကယ့် လက်တွေ့မှာ ကိုယ်ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားကြိုးစား ကိုယ့်ကို မကြိုက်တဲ့သူ၊ အမြင်ကပ်တဲ့သူ၊ ကွယ်ရာမှာ အတင်းတုပ်တဲ့သူ၊ ကိုယ်အဆင်မပြေရင် ပျော်နေတဲ့သူတွေကို ကြုံရတာ ရှိတယ်။ ဒါဟာရှောင်လွှဲလို့ မရတဲ့ အရာတခုပဲ။ အခုအချိန်ထိ အဲ့လိုလူတွေနဲ့ တွေ့တဲ့အခါ နေသားမကျသေးပေမယ့် ကိုယ့်ကို လူတိုင်းက မကြိုက်နိုင်ဘူးဆိုတဲ့ သဘောတရားကို ပိုပြီး လက်ခံလာနိုင်တယ်။

လူတိုင်းက ကိုယ့်ကို မကြိုက်တာဟာ မှန်သလို၊ လူတိုင်းကလည်း ကိုယ့်ကို မမုန်းဘူးဆိုတာ မမေ့ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကို မကောင်းမြင်ကြတဲ့သူတွေရှိသလို၊ ကိုယ့်ကို အားကိုးနေတဲ့၊ ကိုယ့်ကိုအသိမှတ်ပြုပေးတဲ့၊ ကိုယ့်ကို ကူညီချင်နေတဲ့ သူတွေလည်း အများကြီးရှိပါသေးတယ်။

ကျွန်မအရမ်းသဘောကျတဲ့ ဆရာတော် Ajan Brahm ရေးထားတဲ့ စောင်းရွဲ့နေတဲ့ အုတ်ခဲလေး တစ်လုံးတရားကို မျှဝေပါဦးမယ်။ သြစတျေးလျမှာ ဘုန်းဘုန်း ကျောင်းစဆောက်တော့ ငွေကြေးချို့တဲ့မှုကြောင့် အခြားလူလည်း မငှားနိုင်ခဲ့ဘူး။ ကိုယ်တိုင် အစအဆုံးလုပ်ခဲ့ရတာ။ ပထမဆုံးဆောက်လုပ်တဲ့ အဆောက်ဦနံရံလေးကို သေချာ အကောင်းဆုံးလုပ်ခဲ့တယ်။ အဆုံးသတ်မှာ ကြည့်လိုက်တော့ အုတ်ခဲတစ်လုံးက စောင်းရွဲ့နေတယ်။ စိတ်တွေ ညစ်သွားတယ်။ နံရံပြန်ဖြိုပြီး အသစ်ဆောက်ရအောင်လည်း ပိုက်ဆံက မပေါတော့ ဒီတိုင်း အစောင်းအတိုင်းထားရတယ်။ စောင်းရွဲ့နေတဲ့ အုတ်ခဲကြောင့် မပြီးပြည့်စုံတဲ့ နံရံရှိတဲ့ဖက်ကို ရှက်လို့ ဧည့်သည်လာရင်တောင် မပြဘူး။ တနေ့ အခြားနယ်က ဘုန်းကြီးလာလည်ရင်း တွေ့သွားတော့ လက်ရာသေသပ်တဲ့ နံရံဖြစ်ကြောင်း ချီးကျူးတယ်။ ဒါပေမယ့် ဘုန်းဘုန်းက – ဟာ စောင်းနေတဲ့ အုတ်ခဲကြီးနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ – လို့ပြောတော့၊ ဧည့်သည်ဘုန်းကြီးက ကျန်တဲ့အုတ်ခဲ ၉၉၉လုံးမှမရွဲ့စောင်းတာလို့ ပြန်ဖြေတယ်။ ဒီတော့မှ နှစ်ရှည်လများ စောင်းရွဲ့နေတဲ့ အုတ်ခဲတစ်လုံးအပေါ် အာရုံစိုက်ခဲ့ပြီး ကျန်တဲ့ တည့်မတ်လှပတဲ့ အုတ်ခဲ ၉၉၉လုံးရဲ့ အလှကို မခံစားနိုင်ခဲ့မှန်း သဘောပေါက်သွားတယ်။

ဒီဥပမာလိုပဲ ကျွန်မတို့တွေဟာ နေ့စဉ်ဘဝမှာ ဘယ်လောက် အကောင်းဆုံးလုပ်လုပ်၊ မကောင်းတာတခု အပြောခံရရင် အဲဒီ့ မကောင်းတာပဲ စွဲသွားတတ်တယ်။ ချစ်ကြောင်း ခင်ကြောင်း လူအများကြီးလာပြောပေမယ့် တစ်ယောက်က မုန်းတယ်ပြောရင် အဲ့ တစ်ယောက်ကြောင့်ပဲ ကျန်တဲ့ချစ်ခင်မှုတွေကို မမြင်နိုင်တော့ဘူးဖြစ်သွားတယ်။ အလုပ်ခွင်မှာလဲ မကောင်းဆုံး ဘယ်လောက် ပံ့ပိုးပေးပေး၊ တခုခု မကြိုက်တာတွေ့ရင် အဲဒီ့တခုအပေါ်မှာပဲ ဖိပြီး ပြောကြတယ်။

ကျွန်မတို့ ဘဝမှာ၊ အလုပ်ခွင်ထဲမှာ ကိုယ့်ကို မကြိုက်တဲ့သူတွေ၊ ကိုယ့်ကို အမြင်ကတ်တဲ့သူတွေ၊ ကိုယ့်အတင်းကို ကွယ်ရာမှာ ပြောတဲ့သူတွေနဲ့ ကြုံမှာပဲ။ ဒါပေမယ့် ကိုယ့်တဘဝလုံးဟာ အဲဒီ့သူတွေနဲ့ပဲ ပြည့်နှက်နေတာမျိုးမဟုတ်ဘူးဆိုတာကိုတော့ သတိပြုမိဖို့လိုတယ်။ ကိုယ့်ကို ကောင်းတဲ့၊ ကိုယ်ကအကျိုးပြုနိုင်သလို ကိုယ့်ကိုအကျိုးပြုနိုင်မယ့်သူတွေလည်း ရှိတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။

ကလေးတွေကို ပညာပေးတဲ့အခါ အကောင်းအဆိုး ဒွန်တွဲနေတဲ့ ဘဝအကြောင်းနဲ့ အဆိုးတွေ ကြုံလာတဲ့အခါ ကောင်းတာလေးတွေ သတိရပေးဖို့ကို သင်ပေးဖို့လိုပါတယ်။ ကောင်းတဲ့သူတွေကိုကြည့်ပဲ တွေ့မှာမဟုတ်သလို၊ ဆိုးတဲ့သူတွေကြည့်ပဲ တွေ့မှာမဟုတ်ပါဘူး။ အကောင်းအဆိုးသီးသန့် ရွေးချယ်လို့မလွယ်ပေမယ့် ကိုယ်တိုင်က ဆိုးတဲ့သူဖြစ်အောင် နေမလား၊ ကောင်းတဲ့သူဖြစ်အောင်နေမလားဆိုတဲ့ ရွေးချယ်မှုကတော့ရှိပါတယ်။ သူများတွေကို ပြုပြင်ပြောင်းလဲဖို့ စွမ်းချင်မှ စွမ်းနိုင်ပေမယ့် ကိုယ်တိုင်ကတော့ ကောင်းမွန်သူ၊ သူတပါးအပေါ် စေတနာထားသူ၊ သူတပါး ကောင်းကျိုး ဆောင်ရွက်နိုင်သူအဖြစ် ရွေးချယ်နေထိုင်ဖို့ သင်ပေးရမှာ ကျွန်မတို့တွေရဲ့ တာဝန်ပါပဲ။

လူတိုင်းက ကိုယ့်အပေါ် ကောင်းမှာ မဟုတ်ဘူး။ လူတိုင်းကလည်း ကိုယ့်ကို မကူညီဘဲထားမှာမဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ပုံသေထားပြီး တွက်ချက်လို့ မရဘူး။ ဒါပေမယ့် ကိုယ်တိုင်ကတော့ ကောင်းမွန်သော ရွေးချယ်မှုတွေနဲ့ တနေ့ထပ်တနေ့ ပိုကောင်းသောသူတွေ ဖြစ်နိုင်အောင် ကျွန်မတို့တွေရဲ့ ကလေးတွေကို ပံ့ပိုးပေးကြရအောင်နော်။

မေတ္တာဖြင့်…
Sayarma-ဆရာမ