အခုကာလမှာ လူတိုင်းနီးပါး ကြုံဖူးမယ်ထင်တယ် – စိတ်ထဲမှာ အကူညီမဲ့နေသလိုမျိုး၊ စိတ်တွေလေးလံပြီး ဝမ်းနည်းပက်လက်ဖြစ်နေသလိုမျိုးလေ။ ကျွန်မကတော့ စိတ်အခြေအနေတွေ ကောင်းမနေဘူး။ စိတ်ထဲမှာ ဝမ်းနည်းပြီး ထိခိုက်ခံစားနေရတယ်၊ အကူညီမဲ့နေသလို ခံစားရတယ်။ တခါတလေ ကူညီနိုင်ပေမယ့် မကူညီနိုင်ကြရကောင်းလားဆိုပြီး စိတ်ဆိုးရ ဒေါသထွက်ရနဲ့ပေါ့။ ကျွန်မစိတ်တွေ ပင်ပန်းလွန်းတဲ့အချိန် ကျွန်မလုပ်မိတဲ့ လုပ်ရပ်အချို့က ကျွန်မအတွက် အထောက်အကူပြုလို့ မျှဝေချင်ပါတယ်။

အကူညီမဲ့နေတယ်လို့ ခံစားရတဲ့ကာလတွေမှာ ကျွန်မက ကိုယ်ဘာလုပ်ရမလဲဆိုတာကို စဉ်းစားတယ်။ ဖြစ်နေတဲ့အခြေအနေကို ကိုယ်သိသလောက် သုံးသပ်ကြည့်တယ်။ ဘယ်လို ကွာဟမှုတွေရှိလဲ၊ ဘာတွေ လုပ်အပ်နေလဲ၊ ကိုယ်တိုင်က ဘာလုပ်နိုင်လဲ ဆိုတဲ့ မေးခွန်းတွေကို မေးကြည့်တယ်။ ပြီးရင် ကိုယ်နိုင်တဲ့ဝန်ကို ထမ်းတယ်၊ ကိုယ်လုပ်နိုင်တာထက် ပိုလုပ်ခွင့်ရှိလာရင်လည်း လုပ်တယ်၊ မသိရင် သင်ယူတယ်၊ ကြိုးစားပြီး လုပ်တယ်။ ကိုယ်တိုင်က အကူအညီတစ်ခုဖြစ်နေတယ်လို့ ခံစားရတဲ့အခါ အကူညီမဲ့နေတဲ့ ခံစားချက်က နည်းနည်းသက်သာလာတယ်။

ကျွန်မ ယုံကြည်တဲ့ ကျွန်မ အမျိုးသားကိုတော့ ကျွန်မရဲ့ စိတ်ထဲက ဆိုးခြင်း၊ကောင်းခြင်း ခံစားချက်တွေအပြင် ဦးနောက်ထဲ တွေးမိနေတဲ့ အတွေးတွေကို စီကာပတ်ကုံး သေသေချာချာ ပြောပြဖြစ်တယ်။ ကိုယ့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို သူနားလည်အောင် သေသေချာချာ ရှင်းပြရင်း ကိုယ့်ကိုကိုယ် ပြန်ကြားမိတယ်။ ပြောနေရင်း ချိတ်ဆက်မိသွားတာမျိုးတွေလည်းရှိတယ်။ အဲ့ဒီ့လို ပြောပြမှုကို နားထောင်ပေးပြီး ကိုယ့်လို လိုက်စဉ်းစားပေးတဲ့ အဖေါ်တစ်ယောက်ရှိတာလည်း အထောက်အကူပြုပါတယ်။ အခုကာလက ကိုယ်လိုသူလို ခံစားနေရတဲ့သူအချင်းချင်း အပြန်အလှန် နားထောင်ပေးကြဖို့ အရမ်းလိုအပ်တဲ့ ကာလလို့ မြင်တယ်။

ဒီလို အရမ်းခက်ခဲတဲ့ ကာလမှာ ချစ်ခြင်းမေတ္တာကလည်း အရေးပါတယ်။ ကျွန်မမှာ ခြောက်လကျော်ပဲ ရှိသေးတဲ့ သားလေးရှိတယ်။ သားက မျက်နှာတွေကို သေချာလိုက်ကြည့်ပြီး သင်ယူတဲ့အချိန်၊ မျက်လုံးနဲ့ သေချာ စူးစူးစိုက်စိုက် ကြည့်တတ်တဲ့အချိန်ဆိုတော့ သူနဲ့နေရင် ပစ္စုပ္ပါန်ကို တည့်တည့်ရှုဖို့ လိုအပ်တယ်။ မီးဖိုချောင်အလုပ်၊ ကျွန်မ ရုံးအလုပ် ခဏရပ်ပြီး သားကို ကြည့်ရရင် ရင်ထဲမှာ နွေးထွေးသွားသလို ခံစားရတယ်။ သားကို ချစ်လွန်းလို့ သားလို အခြားကလေးတွေအတွက် အစွမ်းကုန် ကြိုးစားရမယ်ဆိုတဲ့ စိတ်ခွန်အားရတယ်။

အချို့ အရာတွေကို လက်လွှတ်လိုက်ရတယ်။ ခင်မင်ရင်းနှီး ချစ်ခင်ခဲ့ရတဲ့သူတွေဟာ ကိုယ်နဲ့ တန်ဖိုးထားမှု မတူတာတွေကို တွေ့ရတဲ့အခါ လက်လွှတ်လိုက်ခြင်းအားဖြင့် ကိုယ့်ဘဝမှာ အဆိပ်ထုတ်လိုက်ရသလို ခံစားရတယ်။ မကောင်းတဲ့သူတွေနဲ့ မနေချင်ဘူး၊ ကောင်းတဲ့သူပဲ ဖြစ်ချင်တယ်ဆိုတဲ့ အတွေး၊ ကောင်းတဲ့သူတွေရှိတဲ့နေရာမှာ နေလိုတဲ့ အတွေးက ကောင်းသောနည်းနဲ့ ရှေ့ဆက်သွားဖို့ တွန်းအားဖြစ်စေတယ်။

ဆရာမ စာမျက်နှာကို လာပြီး ဖတ်ကြတဲ့သူတွေမှာ ကံကောင်းမှု ရှိကြတယ်ဆိုတာ မမေ့ပါနဲ့နော်။ အခုစာကို ဖတ်နိုင်ဖို့ ကျွန်မတို့မှာ ဖုန်း (သို့) ကွန်ပြူတာတွေရှိတယ်၊ အင်တာနက်ရတယ်၊ လုံခြုံနေသေးတယ်၊ စားဖို့ အဆင်ပြေနေတယ်၊ မိုးလုံလေလုံ ပြေးစရာမလိုတဲ့အခြေအနေမှာ ရှိနေကြတယ်။ ကျွန်မတို့လိုမျိုး အခြေအနေမရှိတဲ့သူတွေ အများကြီးရှိနေတယ်။ ကျွန်မတို့တွေ ဝိုင်းဝန်းကူညီကြရအောင်။ ကျွန်မတို့ အကူညီမဲ့သလို ခံစားရချိန်၊ အခြားသူတွေကို ကူညီနိုင်တဲ့နေရာကနေ ကူညီရင်း အခက်အခဲတွေကို အတူကျော်လွှားရအောင်။

မေတ္တာခြုံလို့ လုံနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo credit – Gemma Correll