ရှုတ်ထွေးလှသော ကမ္ဘာလောကကြီးထဲတွင် မိဘများမှ ကလေးများကို တိုးတက်ကြီးပွားစေလိုလျှင် ကလေးများကို တွေးတောစဉ်းစားတတ်ဖို့ သင်ကြားပေးရန် လိုအပ်ပါသည်။ ထို့ကြောင့် မိဘများအနေနဲ့ ကလေးများအား ငယ်စဉ်ကတည်းက Critical Thinking လို့ခေါ်သည့် ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်ခြင်း စသည့် စွမ်းရည်များ မြင့်တင်ပေးရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ ထို့ပြင် critical (ဝေဖန်မှု) သည် အရာရာတိုင်းကို Negative sense (ငြင်းပယ်ခြင်း/ဆန့်ကျင်ခြင်း) များ အမြဲတမ်း ဝေဖန်၍ အပြစ်တင်ခြင်းမျိုးမဟုတ်ပေ။ ကလေးများမှ ကိစ္စရပ်တိုင်းကို ကျိုးကြောင်းဆက်စပ်၍ တွေးတောခြင်း၊ မတူညီသော အမြင်များစွာ တွေးတော၍ အနီးစပ်ဆုံးအဖြေရရှိအောင် သုံးသပ်နိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခြင်းနှင့် ပြဿနာများ ဖြေရှင်းနိုင်မှုစွမ်းရည်များ မြင့်တင်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် မိဘများအနေနဲ့ ကလေးများ၏ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုကို မြင့်တင်ပေးနိုင်သော ပြုုစုပျိုးထောင်ခြင်း နည်းလမ်းများအား သိရှိနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါသည်။
ကလေးများ၏ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုများ မြှင့်တင်ပေးရန် ပြုစုပျိုးထောင်ရမည့် နည်းလမ်းများမှာ-
၁) ကလေးများအား လုံလောက်သော ကစားချိန်ပေးခြင်း
မိဘများမှ ကလေးများ၏ တနေ့တာလုပ်ငန်းစဉ်များကို စနစ်တကျ စီမံပေးရန် လိုအပ်သကဲ့သို့ ကလေးများအတွက် လုံလောက်သော ကစားချိန်များလည်း ဖန်တီးပေးရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများသည် သူတို့၏ လွတ်လပ်သော ကိုယ်ပိုင်အချိန်များကသာ သူတို့၏ စိတ်ကူးပုံဖော်မှုများ၊ တီထွင်ဖန်တီးမှုများနှင့် စဉ်းစားတွေခေါ်ခြင်းတွေကို ဖြစ်ပေါ်စေရန် အထောက်အကူပြုပေးသောကြောင့် ဖြစ်ပါသည်။
၂) ကလေးများ ဖြစ်ချင်သည့်အရာ လုပ်နိုင်အောင် ကူညီပေးခြင်း
ကလေးများ၏ လက်တွေ့လုပ်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် သူတို့ကိုယ်တိုင် တာဝန်ယူလုပ်ဆောင်တတ်စေရန် မိဘများမှ ကူညီပေးရန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်မှုများမှတဆင့် ကလေးများသည် မိမိတို့တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၏ အကြောင်းအရာ သဘာတရားများ၊ အဖြစ်အပျက်များ၊ အကျိုးသက်ရောက်မှုများကို လေ့လာနိုင်မည်ဖြစ်သည်။
၃) ကလေးများ စာဖတ်ခြင်းကို အားပေးခြင်း
လူကြီး မိဘများသည် ကလေးများ၏ စာဖတ်ခြင်းကို အသိအမှတ်ပြု၍ နားထောင်ပေးရန် လိုအပ်ပါသည်။ ထိုမှသာ ကလေးများသည် စာဖတ်ခြင်းမှ ရရှိသော ဗဟုသုတများ၊ သတင်းအချက်အလက်များကို ယူဆောင်နိုင်ပြီး လိုအပ်သည့်အချိန် ပြဿနာများဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်စေမည်။
၄) ကလေးများ၏ လူမှု့ ပေါင်းသင်းဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်ပေးခြင်း
မိဘများမှ ကလေးများသင်ယူချင်သော စိတ်ဝင်စားသည့်အကြောင်းအရာ၊ ကျွမ်းကျင်တတ်မြောက်ချင်သည့်အရာများ (သို့) ဝါသနာများကို မေးမြန်း ဆွေးနွေးရမည်ဖြစ်သည်။ ထိုမှသာ ကလေးများမှ မိမိကိုယ်ကို ပြန်လည်လေ့လာသုံးသပ်ခြင်းဖြင့် မိမိဖြစ်ချင်သောအရာများကို သိရှိနိုင်ပြီး မိဘများမှလည်း ကလေးများ၏ဝါသနာအလိုက် လေ့လာချင်သည်များကို သက်ဆိုင်ရာအဖွဲ့များနဲ့ ချိတ်ဆက်လုပ်ဆောင်ပေးရမည်ဖြစ်သည်။
၅) ကလေးများ၏ အနာဂါတ်ကို ကာကွယ်ပေးခြင်း
မိဘများမှ ထိုသို့ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်နိုင်မှုတိုးတက်စေရန် ပြုစုပျိုးထောင်ခြင်းဖြင့် ကလေးများ၏ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း၏ အရေးပါမှုကို နားလည်နိုင်ရန် ကူညီထောက်ပံ့ပေးသည်။ ကလေးများ ငယ်စဉ်ကတည်းက တွေးတောခြင်းဖြင့် နောက်ဆုံးတွင် လူကြီးတွေလို တွေးတောလာနိုင်ပြီး မိမိအနာဂါတ်ကို ကိုယ်တိုင်ဖန်တီး ရွေးချယ်၍ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့် မိဘများအနေဖြင့် အထက်တွင်ဖော်ပြထားသော ၂၁ရာစု ကလေးများအတွက် မရှိမဖြစ်လိုအပ်သော ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုစွမ်းရည်ကို မြှင့်တင်နိုင်ရန် ပြုစုပျိုးထောင်ပေးနိုင်သည့် နည်းလမ်းများကို သိရှိ၍ မိမိတို့၏ ကလေးများကို ခေတ်နှင့်တပြေးညီ တွေးတော ကြံဆ လက်တွေ့အကောင်းအထည်ဖော်နိုင်သော သားကောင်း/သမီးကောင်းများဖြစ်အောင် ပြုစုပျိုးထောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်-
မေတ္တာဖြင့်
ဆာရာဖောင်ဒေးရှင်း
ကိုးကားချက် – Carole Richards ရေးသားထားမှုကို ကိုးကားထားပါသည်
Photo Credit-https://news.siu.edu/…/050520-tips-for-teaching-kids-at…