ကိုဗစ်ကာလကစလို့ အခုချိန်ထိ ကျွန်မတို့နိုင်ငံမှာရော ကမ္ဘာတစ်ဝှမ်းမှာပါ ပညာရေး အတွက် နည်းပညာကို ပိုလို့ အားကိုးလာရပါတယ်။ ရည်ရွယ်ချက်တွေလည်း မတူညီကြသလို အသုံးဝင်ပုံတွေလည်း မတူညီကြပါဘူး။ ကျွန်မသဘောကျတဲ့ အင်တာနက်စာမျက်နှာတွေထဲက မိဘတွေ၊ ဆရာ၊မတွေအတွက် အကျိုးများမယ့် စာမျက်နှာ (၅)ခုကို မျှဝေပေးပါ့မယ်။

၁) www.slidesgo.com
အွန်လိုင်းကနေ စာသင်ဖို့အတွက် Powerpoint Slides လှလှလေးတွေကို ရှာဖွေနိုင်တဲ့နေရာပါ။ သင်ကြားရေးမှမဟုတ်ဘူး အခြားနယ်ပယ်တွေအတွက်လည်း အသင့်ပြင်ထားပေးတဲ့ powerpoint slides တွေ အများကြီးရှိပါတယ်။ အချို့ slides တွေက စာသင်ဖို့အတွက် အဆင်သင့်ပြင်ဆင်ထားတာလေးတွေလည်းရှိပါတယ်။ ဥပမာ – သဒ္ဒါသင်ခန်းစာသင်တဲ့ powerpoint ဆိုရင် အဲဒီ့ သဒ္ဒါဆိုင်ရာ သင်ကြားပုံအဆင့်ဆင့်နဲ့ အချို့အရေးကြီးတဲ့ အချက်တွေကို တခါတည်းထည့်ပေးထားပြီးသားပါ။ ဆိုတော့ ကိုယ့်ဖက်က သိပ်မကျွမ်းကျင်ဘူးဆိုရင်တောင် အဆင်အရမ်းပြေပါတယ်။

၂) www.liveworksheets.com
စာသင်တဲ့အခါ ကလေးတွေကို Screenshare ပြီး လေ့ကျင့်ခန်းတွေ လုပ်ခိုင်းချင်ရင် ဒီမှာ လာကြည့်လို့ရပါတယ်။ Live Worksheets ဆိုတဲ့အတိုင်း လေ့ကျင့်ခန်းလေးတွေက ကလေးတွေနဲ့ ချက်ချင်း တိုက်ရိုက် လုပ်လို့ရပါတယ်။ ဥပမာ – ယှဉ်တွဲရတဲ့ လေ့ကျင့်ခန်းဆိုရင်လည်း သူ့မှာ ယှဉ်တွဲဖို့ နေရာလေးတွေသေချာလုပ်ထားပြီးအဖြေပါ တိုက်လို့ရပါတယ်။ အသံထွက်သင်ခန်းစာလေးတွေလည်းရှိပါတယ်။

၃) www.education.com
ကျွန်မရဲ့ အဖွဲ့က ဆရာမတစ်ယောက်အကြံပြုလို့ ဒီစာမျက်နှာလေးကို တွေ့တာပါ။ ဒီထဲမှာ အတန်းအလိုက် ဘာသာရပ်အလိုက် ကလေးတွေအတွက် အသုံးပြုလို့ရတဲ့ worksheets ကို အလွယ်တကူ ရှာဖွေပြီး Download လုပ်လို့ရပါတယ်။ ဒီဇိုင်းအားဖြင့်ရော လုပ်ငန်းပုံစံအားဖြင့်ပါ မတူကွဲပြားတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီထဲက သင်ခန်းစာတွေကို ကိုယ့်ကလေးနဲ့ ကိုက်ညီတာ ရွေးချယ် download လုပ်ပြီး သင်ပေးနိုင်ပါတယ်။

၄) www.kahoot.com
ကျွန်မသိပ်ကြိုက်တဲ့ စာမျက်နှာလေးပါ။ ကလေးတွေကို ဉာဏ်စမ်းမေးခွန်းတွေ မေးတဲ့အခါ ပဟေဠိတွေ ပြင်ဆင်ပြီး စဉ်းစားခိုင်းတဲ့အခါ သုံးလို့ရသလို၊ ကလေးတွေအတွက် မှားမှန်မေးခွန်းတွေ၊ အဖြေမှန်ရွေးပြီး ကလေးတွေရဲ့ သင်ယူမှုကို စစ်ဆေးတာတွေ လုပ်လို့ရပါတယ်။ အဓိကကတော့ သူဟာ ကလေးတွေအတွက်လည်း ပျော်စရာကောင်းတဲ့ စစ်ဆေးမှုမျိုးကို လုပ်နိုင်တာ သဘောကျမိပါတယ်။

၅) www.pinterest.com
ဒီစာမျက်နှာလေးကတော့ ဆရာ၊မတွေ အကြားမှာ တော်တော်လေး ရေပန်းစားတဲ့ စာမျက်နှာလေးပါ။ သိလိုတဲ့ သင်ခန်းစာတွေ၊ အကြောင်းအရာတွေကို Google လိုမျိုး စုစုစည်းစည်း တွေ့နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ worksheet သို့မဟုတ် အခြား သင်ခန်းစာ အကြောင်းအရာနဲ့ ပတ်သက်တာကို ရှာလိုက်ရင် ဆင်တူတာတွေကို စုစည်းပေးထားတော့ အချက်အလက်ရှာတွေတဲ့သူတွေအတွက် တော်တော် အဆင်ပြေပါတယ်။ ကျွန်မဆိုရင်လည်း ကလေးတွေကို သင်ဖို့တင်မဟုတ်ဘဲ ကိုယ်ပိုင် အနုပညာနဲ့ဆိုင်တဲ့ လုပ်ငန်းလေးတွေကအစ pinterest မှာ ရှာဖွေလေ့လာပြီး အသုံးချဖြစ်ပါတယ်။

အခုစုစည်းပြခဲ့တာကတော့ ကျွန်မသဘောကျမိတဲ့အထဲက စာမျက်နှာ (၅)ခုပါ။ အခုစာဖတ်နေတဲ့ မိဘတွေ၊ ဆရာ၊မတွေမှာရော အသုံးဝင်မယ့်၊ စိတ်ဝင်စားစရာကောင်းတဲ့ စာမျက်နှာတွေကို သိထားပါလား။ သိထားရင် ကျွန်မကိုရော ကျန်တဲ့ စာဖတ်နေသူတွေကိုပါ မျှဝေပေးပါဦး။

အားလုံး မတူညီစွာ သင်ယူဖို့ ကျွန်တို့ အားလုံး ဝိုင်းကူစို့နော်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo retrieved from – https://92campus.com/is-online-education-system-as…/