ယခု မျှဝေပေးသွားမှာကတော့ အလုပ်ခွင်မှာ မတူကွဲပြားချက်များနဲ့အတူ အားလုံးခြုံငုံပြီးတော့ ပါဝင်နိုင်တဲ့ အလုပ်ခွင်ပုံစံအား ဆွေးနွေး မျှဝေသွားမှာ ဖြစ်ပါတယ်။ ကဲ ဒီတော့ စနေကြပုံစံအတိုင်း မေးခွန်းလေးတွေနဲ့ စာဖတ်သူတွေရဲ့ လက်ရှိ အလုပ်ခွင်ပုံစံလေးကို ပြန်မြင်ယောင်စေချင်ပါတယ်။ အဲဒီတော့ မေးခွန်းလေးတွေက စာဖတ်သူတို့ရဲ့ အလုပ်ခွင်လေးက “ဘယ်သူတွေအတွက် အကျိုးပြုလုပ်ဆောင်ပေးနေတဲ့ အလုပ်ခွင်မျိုးလဲ၊ အလုပ်ထဲမှာ လုပ်ကိုင်နေတဲ့ သူတွေကရော ဘယ်လိုလူမျိုးတွေ ပါဝင်လုပ်ကိုင်နေပါသလဲ”ဆိုတာ စဉ်းစား၍ အရင်မြင်ယောင်ကြည့်ပါ။ အခု စာဖတ်သူတွေရဲ့ အလုပ်ခွင်လေးကို မြင်ယောင်ကြည့်ပြီးပြီဆိုတော့ စာဖတ်သူအနေနဲ့ “Diversity and Inclusion in the workplace” အဓိပ္ပါယ်လေးကို ဘယ်လိုနားလည်ပါသလဲ။ စာဖတ်သူတွေရဲ့ အမြင်လေးတွေ စဉ်းစားပြီးပြီဆိုရင်တော့ အဲစကားလုံးလေးတွေရဲ့ အဓိပ္ပါယ်လေးကို မျှဝေပေးချင်ပါတယ်။
“Diversity” မတူညီ ကွဲပြားခြားနားမှုဆိုတာက ကျွန်ုပ်တို့ လူ့ပတ်ဝန်းကျင်တွင် တည်ရှိနေပြီးတဲ့ လူမျိုးမတူမှုများ၊ ဘာသာမတူမှုများ၊ ရိုးရာ ယဉ်ကျေးမှု ကွဲပြားမှုများ၊ ကျား/မ အခန်းကဏ္ဍများ၊ လိင်ပိုင်း ခံယူချက်မတူမှုများ၊ အသက်အရွယ် အပိုင်းအခြားမတူသူများ၊ ဘာသာစကားမတူ ကွဲပြားမှုများ၊ ယုံကြည်မှုများ ကွဲပြားမှုများကို ခေါ်ပါတယ်။ အဲဒါပြီးတော့ “Inclusion” ဆိုတာက ဖော်ပြခဲ့တဲ့ မတူ ကွဲပြားတဲ့အရာများ အားလုံးပါဝင်ခွင့်ရှိပြီးတော့ အတူတကွ လုပ်ဆောင်နေခြင်းကိုဆိုလိုပါတယ်။ ဒီတော့ “Diversity and Inclusion in the workplace” ရဲ့ အဓိပ္ပါယ်ကတော့ ကျွနိုပ်တို့အလုပ်ခွင်မှာ လူမျိုးမတူတဲ့သူများ၊ ဘာသာမတူတဲ့သူများ၊ အသက်အရွယ်မတူ၊ မတူညီတဲ့အမြင်များရှိတဲ့လူများ အားလုံးပါဝင်၍ ငြိမ်းချမ်းစွာ အလုပ်လုပ်ကိုင်နေကြတဲ့ ပတ်ဝန်းကျင် (သို့) အသိုင်းအဝန်းတစ်ခုကို ဆိုလိုပါတယ်။
ဒီတော့ စာဖတ်သူတို့အနေနဲ့ ဆွေးနွေးသုံးသပ်ဖို့ လိုအပ်တဲ့အချက်လေးကတော့ ကျွန်ုပ်တို့အလုပ်ခွင်မှာ အရင် ၂၀ ရာစုနှစ်နဲ့ ၂၁ ရာစုနှစ် ကွဲပြားခြားနားတာတွေရှိပါသလား။ ဘယ်လို မတူကွဲပြားတဲ့အရာများအချင်းချင်း အတူတူ ငြိမ်းချမ်းစွာ တည်ရှိနိုင်ပြီးတော့ ဘယ်အတိုင်းအတာအထိ အားလုံးပါဝင်နိုင်မှုများ တိုးတက်နေပြီသလဲ။ ဥပမာ – အလုပ်ခွင်မှာ အမျိုးသမီးများနဲ့ အမျိုးသားများ အလုပ်လုပ်ကိုင်တဲ့ဦးရေ မျှတမှုရှိလာသလား (သို့) အမျိုးသမီးများဟာ အရင်ကထက် အလုပ်ခွင်မှာ အလုပ်လုပ်လာကြသလား။ ဒီတော့ စာဖတ်သူအနေနဲ့ရော ဘာကြောင့် ကျွနိုပ်တို့ရဲ့ အလုပ်ခွင်က မတူကွဲပြားတဲ့သူများနှင့် အားလုံးအတူတူ တွဲဖက်လုပ်ကိုင်သင့်တယ်လို့ မြင်မိပါသလဲ။ (သို့မဟုတ်) အတူတူလုပ်ဆောင်ရင်ရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မြင်မိပါသလဲ။
ဘာကြောင့် ကျွန်ုပ်တို့အလုပ်ခွင်မှာ မတူညီ ကွဲပြားတဲ့သူများ အားလုံး ပါဝင်လုပ်ဆောင်သင့်သလဲဆိုတော့ ၁) အလုပ်မှာ မတူ ကွဲပြား ခြားနားတဲ့ အမြင်များစွာကို ဖော်ထုတ်ပေးနိုင်ခြင်း၊ ၂) တီထွင် ကြံဆံ ဖန်တီးမှုများကို လည်း မြင့်မားစေခြင်း၊ ၃) ပြဿနာများကိုလည်း လွယ်ကူ လျင်မြန်စွာ ဖြေရှင်းနိုင်ခြင်း၊ ၄) ထိရောက်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း၊ ၅) diverse အလုပ်ခွင်မှာ လုပ်ငန်းပြီးမြောက်မှုများ မြန်ဆန်၍ အလုပ်အတွက် အကျိုးအမြတ်များ တိုးပွားလာနိုင်ခြင်း၊၊ ၆) ဝန်ထမ်းအချင်းချင်း ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်မှုများလည်း တိုးတက် မြင့်မားလာခြင်း၊ ၇) ဝန်ထမ်းများ ပြောင်းရွေ့မှုများကိုလည်း လျော့ချနိုင်ခြင်း၊ ၈) အဖွဲ့အစည်းနာမည်များ ထင်ပေါ် ကျော်ကြားလာခြင်း၊ ၉) လူအများရဲ့ စိတ်ဝင်စားမှုကို ခံရပြီး အလုပ်လုပ်လိုသူများ များပြားလာခြင်း စသည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်ပါသည်။ ထို့အပြင် ဝန်းထမ်းများ အချင်းချင်း မတူ ကွဲပြားမှုများကို အပြန်အလှန် လေ့လာသင်ယူခွင့်ရရှိပြီး မတူကွဲပြားမှုများအပေါ် အားလုံးအတူတကွ ငြိမ်းချမ်းစွာ အလုပ်လုပ်နိုင်တဲ့ အလုပ်နေရာလေး ဖြစ်လာပါမယ်။
ထို့ကြောင့် ကျွန်ုပ်တို့ဟာ မိမိနဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်/နယ်ပယ်များကို အတားအဆီးတစ်ခုအသွင်ကနေ ထိုမတူညီမှုများကို အခြေခံတဲ့ ဘဝရဲ့ အနှစ်သာရရှိတဲ့ အတွေ့အကြုံတွေကို လက်တွေ့ကိုယ်တိုင်ပါဝင်၍ လုပ်ဆောင်သင်ကြောင်းနှင့် မတူကွဲပြားမှုများကို အားလုံးလက်ခံနိုင်၍ အလုပ်ခွင်တွင် အားလုံးပါဝင်လုပ်ဆောင်နိုင်စေရန် ဖန်တီးသင့်ကြောင်းကို စာဖတ်သူများအား မျှဝေပေးလိုက်ပါတယ်။ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုးကားချက် – https://www.talentlyft.com/en/blog/article/244/top-10-benefits-of-diversity-in-the-workplace
စာရေးသူ-ဆရာမပန်းအိုစိုး
မေတ္တာဖြင့်…
Saya-ဆာယာ