ကိုယ့်ထက် အသက်၊ ဂုဏ်၊ ဝါ ကြီးတဲ့သူတွေကို လေးစားဖို့ ကျွန်မတို့ကို လူကြီးတွေက ငယ်ငယ်လေးကတည်းက အတန်တန် သင်ပေးကြတယ်။ လေးစားမှုဆိုတာ ငယ်သောသူက၊ ကြီးသောသူကိုသာ ပေးရတယ်ဆိုတဲ့ သဘောတရားကို ကျွန်မတို့ကို နှုတ်ကနေ မပြောလည်း အတွေ့အကြုံတွေကနေတဆင့် သင်ယူခဲ့ရတယ်။
တကယ်က အပြန်အလှန်လေးစားခြင်းကို သင်ယူခဲ့ရမှာ။ ကျွန်မ အမြဲပြောသလိုပဲ ကလေးမှာလည်း ကလေးသိက္ခာနဲ့ ကလေးရှိတယ်။ လူကြီးမှာလည်း လူကြီးရဲ့ ဂုဏ်တွေဝါတွေရှိတယ်။ ကလေးတွေ၊ လူငယ်တွေ သိတဲ့အရာ လူကြီးတွေ သိချင်မှ သိမယ်ဆိုတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် မတူညီတဲ့ အရည်အသွေးတွေ၊ မတူညီတဲ့ လုပ်နိုင်စွမ်းတွေရှိကြတာမို့ အပြန်အလှန် လေးစားဖို့ ထိုက်တန်တယ်လို့ ကျွန်မမြင်မိတယ်။
အပြန်အလှန်လေးစားတယ်ဆိုတာ တစ်ယောက်ရဲ့ ဖြစ်တည်မှုတွေ၊ တန်ဖိုးထားမှုတွေကို အခြားတစ်ယောက်က အသိမှတ်ပြုပေးတာလို့ ကျွန်မမြင်မိတယ်။ မတူညီကွဲပြားမှုတွေကို သိလျက်နဲ့ မတူညီရတဲ့ အကြောင်းရင်းတွေကို နားလည်အောင်လုပ်ပြီး အရှိကို အရှိတိုင်း လက်ခံတာလည်း လေးစားခြင်းဖြစ်တယ်လို့ မြင်တယ်။
ကလေးတွေကို လေးစားတတ်အောင် သင်တဲ့အခါ —
၁) မတူညီစွာ ထူးခြားကြတဲ့ ကျွန်မတို့ လူသားတွေအကြောင်း သင်ပေးပါ။ ကမ္ဘာပေါ်ကလူတွေကို ၁၂၃၄၅၆ ဆိုပြီး အစဉ်လိုက် စီစဉ်လို့မရပါဘူး။ တစ်ယောက် အားသာချက်နဲ့ တစ်ယောက်မတူသလို၊ တိုးတက်ဖို့ လိုနေတဲ့ အပိုင်းတွေကလည်း မတူညီကြဘူးလေ။ အကောင်းအဆိုး ကိုယ်စီမှာ ရှိတာကို လက်ခံပြီး မတူညီစွာ ထူးချျွန်ကြတဲ့ အရာတွေကို မြင်အောင် သင်ပေးဖို့ လိုပါတယ်။
၂) ကလေးတွေကို နားထောင်ပေးပါ။ ကလေးတွေရဲ့ မျှဝေမှုတွေ၊ အတွေးတွေကို နားထောင်ပေးရင်းနဲ့ ကလေးတွေရဲ့ အမြင်ကို၊ ဖြစ်တည်မှုကို လေးစားပေးပါ။ သူတို့တွေပြောနေတာက လူကြီးတွေအတွက် နားလည်ဖို့ လွယ်ချင်မှ လွယ်လိမ့်မယ်၊ ဒါပေမယ့် စိတ်ကို ဖွင့်ပြီး နားထောင်ပေးခြင်းဟာ သူတို့ကို လေးစားရာရောက်ပါတယ်။ လက်တွေ့ဘဝကနေ လေးစားတတ်အောင် သင်ပေးကြပါ။
၃) သင်တဲ့အတိုင်းလုပ်ပါ။ လူကြီးတွေက ကလေးတွေကို ဟိုလိုလုပ်၊ ဒီလိုလုပ်၊ ဟိုလိုမလုပ်နဲ့ ဒီလိုမဟုတ်နဲ့ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ကိုယ်တိုင်ကျတော့ အဲ့လို မနေဘူး။ ဒါဟာ ကလေးကို မလေးစားရာ ရောက်ပါတယ်။ကလေးကို သင်တဲ့အတိုင်း ကိုယ်တိုင် ပြုမူနိုင်ဖို့က အရေးကြီးပါတယ်။ ပြောတဲ့အတိုင်း ကိုယ်တိုင်မလုပ်တာဟာ အနိုင်ကျင့်ရာ ရောက်ပါတယ်။
၄) အသိမှတ်ပြုပေးပါ။ ကလေးတွေဟာ လူကြီးတွေရဲ့ အသိမှတ်ပြုမှုကို သိပ်ခံချင်ပါတယ်။ သူတို့ကို တော်တယ်လို့ ထင်စေချင်တယ်။ လူကြီးတွေရဲ့ ယုံကြည်မှု၊ အသိမှတ်ပြုမှုကို လိုချင်တယ်။ အဲဒီ့အတွက် ကလေးတွေ ကောင်းတာတွေ လုပ်တဲ့အခါ (သေးသေးလေးဖြစ်ဖြစ်) အသိမှတ်ပြုပေးပါ။ ကလေးတွေရဲ့ အရည်အချင်းကို ယုံကြည်လက်ခံပေးပါ။
၅) ယဉ်ကျေးတဲ့ စကားလုံး အသုံးအနှုန်းကို သုံးပါ။ ကလေးတွေကို ယဉ်ကျေးတဲ့ စကားလုံးတွေသင်သလို ကိုယ်တိုင်ကလည်း ယဉ်ကျေးစွာ ပြောဆိုပါ။ ကိုယ်ကကျတော့ ဆဲဆိုနေပြီး ကလေးကိုကျတော့ ယဉ်ကျေးသိမ်မွေ့စေချင်လို့ မရပါဘူး။ ကိုယ်က ကလေးကို စကားပြောတဲ့အခါ ယဉ်ကျေးပြီး လေးစားစွာ ပြောပါ။
အပြန်အလှန် လေးစားတတ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ အပြန်အလှန်လေးစားတတ်တဲ့ လူကြီးတွေ၊ လူငယ်တွေနဲ့ ကလေးတွေလိုပါတယ်။ ကလေးတွေကိုပဲ လေးစားတတ်ဖို့ သင်ရုံနဲ့ မလုံလောက်ဘဲ ကလေးတွေ၊ လူငယ်တွေကိုပါ လူကြီးတွေက လေးစားတတ်ဖို့ သင်ယူရပါမယ်။
အပြန်အလှန် လေးစားကြတဲ့ အသိုင်းအဝန်းရှိရင် ပိုကောင်းမွန်တဲ့ လူသားတွေဖြစ်လာနိုင်ပါတယ်။ ကျွန်မကတော့ တရားမျှတ၊ ခွင့်တူညီမျှပြီး အပြန်အလှန် လေးစားတတ်ကြတဲ့ လူ့အသိုင်းအဝန်းတစ်ခုအတွက် ကြိုးစားချင်တယ်။ အတူတူ လက်တွဲပြီး ကြိုးစားကြရအောင်။
မေတ္တာဖြင့်…
Sayarma-ဆရာမ