အနုပညာဆိုတာ လူတွေရဲ့စိတ်ကို သိမ်မွေ့စေ၊ လူတွေကို အပန်းပြေစေတဲ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း တစ်စိတ်တစ်ပိုင်း ဖော်ပြနေပါတယ်။ ကလေးတွေနဲ့ပတ်သက်တဲ့ အနုပညာ လုပ်ငန်းတွေဆိုတာကတော့ တေးသီချင်းတွေနားထောင်တာ၊ သီဆိုတာ၊ တူရိယာတွေတီးမှုတ်တာ၊ ကခုန် တာ၊ ပြဇာတ်တွေ၊ ကျောင်းကပွဲတွေမှာ သရုပ်ဆောင်တာ၊ ပန်းချီဆွဲတာ၊ သဲ၊ ရွှံ့စတာတွေနဲ့ ပုံဖော်တာ၊ ဘလောက်တုံးတွေနဲ့တည်ဆောက်တာနဲ့ တခြားလက်မှုပညာဖန်တီးမှုပြုလုပ်တာတွေ ဖြစ်ပါတယ်။ ဒီ အနု ပညာဆိုင်ရာလုပ်ငန်းတွေဟာ ကလေးငယ်လေးတွေရဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုကိုလည်း တိုးတက် ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။တွေ့ရှိချက်တစ်ခုအရ ဂီတကိုအခြေခံတဲ့ လှုပ်ရှားမှုတွေဟာ လူမှုဆက်ဆံရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတွေဖြစ်တဲ့ သူတစ်ပါးကိုကူညီခြင်း၊ ဂရုစိုက်တတ်ခြင်း၊ ဝေမျှတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း စတဲ့ အပြုအမူတွေကို အားကောင်းစေပါတယ်တဲ့။ ဒါ့အပြင် ဂီတနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ ကလေး တွေဟာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတာ၊ ဆက်ဆံရေးကောင်းတာ၊ အမှီအခိုကင်းတာကိုလည်း တွေ့ရှိ ရပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်ခန့် မိဘတွေက သီချင်းဆိုပြတာကို နားထောင်ရတဲ့ ကလေးတွေမှာ နားမထောင်ရတဲ့ ကလေးတွေထက် လူမှုဆက်ဆံရေး အလေ့အထကောင်းလေးတွေ ရှိနေတာကို သိရှိရပါတယ်။ အကသင်တန်းကို တစ်ပတ်လျှင်နှစ်ကြိမ် တက်တဲ့ကလေးတွေကလည်း ရှက်ကြောက်တတ်ခြင်းနှင့် စိုးရိမ်မှုများခြင်း (စိတ်လှုပ်ရှားမှုကို မိမိကိုယ်တွင်းဗဟိုပြုဖော်ပြခြင်း)၊ ရန်လိုခြင်း (စိတ်လှုပ်ရှားမှုကို ပြင်ပသို့ ဗဟိုပြုဖော်ပြခြင်း) တို့ လျော့နည်းသွားတတ်ကြောင်း တွေ့ရှိရပါတယ်။ ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် ကလေးငယ်လေးတွေဟာ အထက်မှာပြောခဲ့သလိုမျိုး အနုပညာနဲ့ သက် ဆိုင်တဲ့ လှုပ်ရှားမှုလေးတွေမှာ ပါဝင်ကြမယ်ဆိုရင် သူတို့ရဲ့ စိတ်လှုပ်ရှားခံစားမှုတွေကို ထိန်းသိမ်းနိုင်ကြတယ် လို့ ဆိုနိုင်ပါတယ်။ ဒီအနုပညာလှုပ်ရှားမှုတွေဟာ ကလေးတွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်နဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေအပေါ် အပြုသဘောဆောင်တဲ့ ရေရှည်သက်ရောက်မှုတွေ ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။ ကလေးတွေကို ဒီအနုပညာလှုပ်ရှားမှုလေးတွေနဲ့ ရင်းနှီးစေဖို့၊ ပါဝင်နိုင်စေဖို့ အိမ်မှာရော၊ ကျောင်းမှာပါ စီစဉ် ပေးလို့ရပါတယ်။ ကျောင်းအနေနဲ့ ပန်းချီ၊ ဂီတ၊ အကဆိုင်ရာသင်ခန်းစာချိန်တွေ ထည့်ထားတာ၊ ပန်းချီပြခန်း၊ ပြဇာတ်၊ ပြတိုက်လေ့လာရေးခရီးသွားတာ အစရှိတဲ့အစီအစဉ်လေးတွေ လုပ်ပေးလို့ရပါတယ်။ မိဘတွေအနေ နဲ့ ကျောင်းကသင်ကြားပေးတဲ့ အနုပညာဆိုင်ရာအတန်းတွေ၊ သင်ခန်းစာတွေအတွက် ပံ့ပိုးပေးတာ၊ ကိုယ်တိုင် လည်း ကလေးစိတ်ဝင်စားဝါသနာပါတဲ့ အနုပညာလှုပ်ရှားမှုလေးတွေအတွက် လိုအပ်တာတွေ ပြင်ဆင်စီစဉ် ပေးတာလေးတွေ ပြုလုပ်ပေးလို့ရပါတယ်။ မိဘရော၊ ဆရာရောက မိမိတို့ရဲ့ သားသမီး၊ တပည့်လေးတွေ အတွက် သူတို့စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ အနုပညာဆိုင်ရာ လုပ်ငန်းစဉ်လေးတွေကို ဝိုင်းဝန်းပံ့ပိုးပေးကြမယ် ဆိုရင် အများကြီးအကျိုးရှိမှာပါ။ ဒီလိုပံ့ပိုးပေးခြင်းဖြင့် မိမိတို့ရဲ့ သားသမီး၊ တပည့်လေးတွေဟာ စိတ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လူမှုဆက်ဆံရေးစွမ်းရည်ကောင်းတွေ ရရှိမယ့်အပြင် နောင်တစ်ချိန်မှာလည်း လူ့ အဖွဲ့အစည်းအတွက် အနုပညာကို မြတ်နိုးခံစားတတ်တဲ့၊ ယဉ်ကျေးမှု၊ စာနာမှုမြင့်မားတဲ့သူတွေအနေနဲ့ အလှဆင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။စာရေးသူ – လွင်လွင်မာမေတ္တာဖြင့်ဆာယာဖောင်ဒေးရှင်း အဖွဲ့သားများ…Ref: https://va.gapitc.org, hsecp.orgPhoto Credit-https://www.senecaacademy.org/10-reasons-why-integrating…/