စိန့်န်ကေလ်ဒါ ဆိုတဲ့ မူလတန်းကျောင်းလေးမှာ ကျမ အလုပ်သင်ကျောင်းဆရာမအဖြစ် ရသတ္တပတ်အနည်းငယ်သွားသင်ပေးခဲ့တယ်။ ကျမလို အခြား တက္ကသလိုလ်ကျောင်းသူတွေလည်း ရှိတာပေါ့။ ကျမကတော့ ကျောင်းသား ၅၀ လောက်ရှိတဲ့ ပဉ္စမတန်း ကိုသင်တယ်။ သင်တယ်ဆိုတာလည်း ကိုယ်တတ်သလောက်မှတ်သလောက်ကို ဗမာသံထွက် အင်္ဂလိပ်စာနဲ့ သူတို့ရဲ့ အင်္ဂလိပ်စကားပြောတဲ့ကလေးတွေကို သင်ဖြစ်တာပါ။ သင်္ချာ၊ စာပေ၊ အနုပညာ ဘာသာရပ်တွေ သင်ဖြစ်ခဲ့တယ်။

အဲ့ဒီ့ ကျောင်းလေးမှာ ကျောင်းသား ၁၀၀၀ မပြည့်တစ်ပြည့်နဲ့ ဆရာ၊ဆရာမ ၂၀လောက်ရှိတယ်။ အပတ်စဉ် ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ၊မတွေ အစည်းအဝေးလုပ်ကြသလို ကျောင်းသားတွေနဲ့ ကျောင်းအုပ်ဆရာမကြီးက အစည်းအဝေးလေးလုပ်ပေးတယ်။ သင်ယူမှုနဲ့ပတ်သတ်တာတွေကို ကျောင်းသားတွေကို အင်တာဗျူးပြီး ဗီဒီယိုမှတ်တမ်းတင်လေ့ရှိတယ်။ မှတ်တမ်းတွေကို ကျောင်းလစဉ် ဆရာ၊မ အရည်သွေးမြှင့်တင်ရေး ဆွေးနွေးပွဲတွေမှာ တင်ပြလေ့ရှိပြီး ဆရာ၊မတွေကိုယ်တိုင် သူတို့ရဲ့ သင်ကြားမှုတိုးတက်ဖို့ လိုအပ်တာတွေ ဆွေးနွေးကြတယ်။
ကျောင်းအုပ်ဆရာမနဲ့ ကျောင်းဆရာ၊မ ကြောက်ရွံ့ခြင်းကင်းကင်းနဲ့ ကလေးများ ပညာတတ်မြောက်ရေးဆိုတဲ့ ဦးတည်ချက်ပန်းတိုင်ကိုရောက်အောင် သွားနေကြတာတွေ့ခဲ့ရတယ်။ ကျောင်းရဲ့ နှစ်ဝက်အစည်းအဝေးတစ်ခုမှာ ဆရာ၊မတွေက သူတို့ တစ်နှစ်တာလုံးမှာ တိုးတက်ဖြစ်မြောက်ချင်တဲ့ နယ်ပယ်တွေကို ရွေးချယ်ရတယ်၊ ရွေးချယ်ထားတဲ့ ရည်မှန်းချက်တွေကို ဘယ်လို ပြီးမြောက်အောင် သွားမလဲဆိုတာ တစ်ခါတည်းစဉ်းစားပြီး ကျောင်းအုပ်ဆရာမကြီးကို သွားပြောပြရတယ်။ ကျောင်းအုပ်ဆရာမကြီးက မှတ်တမ်းတင်ထားပြီး နှစ်ကုန်မှာ ဆရာ၊မတွေရဲ့ တိုးတက်မှု ကိုပြန်လည်သုံးသပ်တယ်။ ဆရာ၊မတွေက သူတို့ပြည့်မှီချင်တဲ့ တိုးတက်မှုကိုရောက်ဖို့ စာဖတ်ကြတယ်၊ နားချိန်တွေမှာ သင်ကြားရေးဆိုင်ရာတွေကို ဆွေးနွေးကြတယ်၊ သင်ထောက်ကူတွေဖလှယ်ကြတယ်။
ကျမကတော့ ဆရာ၊မတွေရဲ့ အရည်သွေးမြှင့်တင်ဖို့ ပြုလုပ်တဲ့ အစီအစဉ်လေးတွေကိုရော ကလေးတွေပါဝင်အောင်ပြုလုပ်ပေးတာလေးတွေကိုပါ သဘောကျမိတယ်။

ကျောင်းမှာ ကလေးတွေအတွက် ကစားကွင်းရှိတယ်။ ကစားကွင်းဆိုတာကလည်း အလွန်ကောင်းလှတယ်လို့တော့ မဟုတ်ပါဘူး သဲအပြည့်ဖို့ထားပြီး ရှောလို့ အခြားကစားစရာချို့ပဲရှိတာပါ။ ကလေးတွေက သဲတွေထဲမှာ ကစားတော့ ပေရုံကလွဲပြီး ထိခိုက်စရာသိပ်မလိုတော့ဘူးပေါ့။ ကစားခွင်း ဘေးနားမှာ “ခင်မင်မှု ထိုင်ခုံတန်းလျား”လေးရှိတယ်။ အတူူတူကစားမယ့် အဖော်မရှိတဲ့ကလေးတွေက အဲ့ဒီ့ထိုင်ခုံမှာ သွားထိုင်ကြတယ်။ ထိုင်တာမြင်ရင် အခြားကလေးတွေက လာခေါ်ပြီး အတူတူကစားစေတယ်။

ကျမနောက်ထပ်သဘောကျတဲ့ အရာတစ်ခုက အတန်းတိုင်းမှာ ကလေးတွေရဲ့ မွေးနေ့တွေကို ထင်ထငိရှားရှားရေးပြီး ကပ်ထားလေ့ရှိတယ်။ ကလေးတွေရဲ့ မွေးနေ့တွေမှာတော့ မွေးနေ့ဆုတောင်းသီချင်းတွေဆိုပေးကြတာပေါ့။ ထူးထူးခြားခြားမဟုတ်ပေမယ့် ကလေးတစ်ယောက်အတွက် အသိမှတ်ပြုခံရတဲ့ ခံစားချက်က ဘာနဲ့မလဲနိုင်ပါဘူးလေ။

ကျောင်းစဖွင့်တဲ့ ပထမဦးဆုံး ရက်သတ္တပတ်မှာ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမတွေ ကလေးနဲ့ အတူတူ ထိုင်ပြီး ဒီပညာသင်နှစ်မှာ ကလေးတွေကို တတ်မြောက်စေချင်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ဆရာတွေ အနေနဲ့ ကလေးနဲ့ ပတ်သတ်ပြီးသိသင့်တာတွေကို ပြောကြဆွေးနွေးကြပေါ့။ နှစ်တစ်ဝက်နဲ့ နှစ်ကုန်မှာ ကျောင်းသားမိဘတွေက ထပ်လာရတယ်။ လာတဲ့အခါ ကျောင်းသားတွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေ တက်မြောက်မှုတွေ အခက်အခဲတွေကို ဦးဆောင်ပြီး ပြောပြကြရတယ်။ ဒါကို Student lead conference လို့ခေါ်ပါတယ်။ ကျောင်းသားတွေကိုယ်တိုင် သူတို့ရဲ့ သင်ယူမှုကို အကဲဖြတ်စေပြီး ဆရာဆရာမတွေက ဘေးကနေ ဘေးမကူညီပံ့ပိုးပေးရုံသတ်သတ်ပါပဲ။

ကျောင်းကနေ ခွင့်ရက်ရှည် ယူပြီး ဥရောပကို အလည်သွားတဲ့ ကလေးတွေကို မြင်တော့ ကျမလည်း မနေနိုင်မထိုင်နိုင်နဲ့ သူတို့တွေအဲ့လိုသွားတော့ စာတွေ မလိုက်နိုင်ပဲနေတော့မှာပဲလို့ ကျမက “မြန်မာ့အတွေးအခေါ်”နဲ့ မေးမိတဲ့အခါ ကျောင်းကဆရာမက ပြောတယ်။ မတူညီတဲ့နေရာတွေကိုသွားတဲ့အခါ အသစ်အဆန်းတွေ မြင်ရတယ် သင်ရတယ် အတွေးခေါ်သစ်တွေ သင်ယူခွင့်ရတယ် အဲ့ဒါကြောင့် စိတ်မပူပါဘူးတဲ့လေ။

ဒီမှာလေ ဆရာ၊မတွေအတွက်တော့ ယူနီဖောင်းမရှိဘူးရှင့်။ ကျောင်းသားတွေပဲ ဝတ်ရတယ်။ ဂျင်းဘောင်းဘီတို့ ဒေါက်ဖိနပ်တို့ ဝတ်ပြီး ဆံပင်ပွယောင်းယောင်းနဲ့ စာသင်တဲ့ကျောင်းဆရာမတွေနဲ့ ဆရာဆရာမရှေ့ ခြေဆုံပစ်ထိုင်ပြီး ဆရာနဲ့ သဘောထားကွဲလွဲတဲ့ ထင်မြင်ချက်တွေပေးတာတွေကတော့ ကျမအတွက် မျက်စိထဲ ကိုးလို့ကန့်လန့်ပေါ့နော်။ သူတို့တွေ ဘယ်လို ဘိုသီဘတ်သီနေနေ ကလေးတွေရဲ့ သင်ယူမှုအတွက် အမြဲတမ်း ပင်ပင်ပန်းပန်းနဲ့ စာတွေဖတ်ကြ ဆွေးနွေးကြတာတွေ မြင်ရတော့လည်း အဓိကနဲ့ သာမညကို ကျမကောင်းကောင်းကြီး နားလည်လာခဲ့တယ်။

မြန်မာပြည်က ကျမတွေ့ဖူးတဲ့ ကျောင်းဆရာ၊မ အချို့ဆိုရင် ရာထူးသာမြှင့်သွားတယ်။ စာဖတ်အားကတော့မရှိရှာဘူး။ သင်တန်းတွေတက်ရုံ လက်တွေ့ရှိရုံနဲ့ ဆရာ၊မတစ်ယောက်ရဲ့ တိုးတက်မှု မလုံလောက်ဘူးလို့ ကျမမြင်မိတယ်။ ဆရာမတွေ စာဖတ်ဖို့လိုတယ်။ ကျမက စာဖတ်ဖို့ တိုက်တွန်းတော့ မိသားစုအရေး၊ ကျောင်းအရေး တွေကြောင့် မဖတ်နိုင်တဲ့အကြောင်း ဖတ်စရာ စာအုပ်စာတမ်းမရှိတဲ့အကြောင်းပြောကြတယ်။ ကျမကိုယ်တိုင်လည်း စာသိပ်မဖတ်ဖြစ်ခဲ့တဲ့အတွက် နောင်တများစွာနဲ့ အတိုးချစာဖတ်နေရတယ်။ ကျမလည်း ကျောင်းတစ်ဖက်နဲ့မို့ အခြား ကိုယ်စိတ်ဝင်စားတဲ့စာ ဖတ်ဖို့ အချိန်မရှိပါဘူး။ ဒီတော့ ကျမ ကျောင်းသွားတဲ့အချိန် ရထားပေါ်မှာ ကားပေါ်မှာ ကျမစာဖတ်တယ်။ စာကြည့်တိုက်မှာ ကျောင်းနဲ့ပတ်သတ်တဲ့စာတွေပဲ ကျမ ဖတ်လေ့ရှိတော့ လမ်းမှာ အလကားဝေနေတဲ့ သတင်းစာတွေကို ဖတ်တယ်။ ကလေးတွေအတွက် အသုံးဝင်မယ့် သတင်းစာလေးတွေကို လက်ကမ်းစာစောင်လေးတွေကို ကျမသိမ်းထားတယ်။ အတန်းထဲမှာ ပြန်သုံးလို့ရတာပေါ့။

ကျမပြောချင်တာကတော့ ကျောင်းအုပ်ဆရာတွေက တင်းကြပ်လို့၊ မိသားစုအရေးတွေက များလွန်းလို့၊ ဘာဖတ်ရမှန်းမသိလို့၊ အစရှိတဲ့ အကြောင်းပြချက်တွေ ပေးနေမယ့်အစား တစ်ရက်ကို ၅ မိနစ်လောက်ပဲ အချိန်ပေးစာဖတ်ပြီး ကိုယ့် သင်ကြားရေး တိုးတက်ဖို့ ရှေးရှုစေချင်တာပါ။ ပညာရေးစနစ်တိုးတက်ဖို့ဆိုတာ နိုင်ငံရဲ့ ပညာရေး မူဝါဒတွေ ကောင်းဖို့တင်မဟုတ်ဘူး ပညာရေး လုပ်သား တစ်ဦးချင်းစီကလည်း ပညာပြည့်ဝနေဖို့လည်း လိုအပ်တဲ့အတွက် ကျောင်းဆရာ၊မတွေရော ကျောင်းဆရာ၊မတွေကို ပညာပေးနေသူတွေရော စာဖတ်ဖို့လိုပါတယ်။

Remark: written in 2014.