လူသားချင်းတူပေမယ့် ကျား၊မ မတူကြတဲ့အခါ အခွင့်အရေးရနိုင်တဲ့အပိုင်း ကွာဟမှုတွေရှိနေပါတယ်။ အမျိုးသမီးဖြစ်လို့ ဒုတိယတန်းစားလို ဆက်ဆံခံရတာတွေ၊ နေရာမပေးခံရတာတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာတွေ အများကြီးပါ။ လူသားဖြစ်မှုခြင်း အတူတူပဲမို့ လူသားတိုင်းရရမယ့် အခွင့်အရေးတိုင်း အမျိုးသမီးတွေရသင့်တာပဲမလား။

တကယ်တော့လေ ကျွန်မတို့ အသိုင်းအဝိုင်းတွေက အမျိုးသမီးတွေကိုတင်မဟုတ်ဘူး အမျိုးသားတွေကိုပါ မတူညီတဲ့ နည်းလမ်းတွေနဲ့ ခွဲခြားကြတယ်၊ ဖိအားပေးကြတယ်။

ကလေးငယ်လေး ဘဝကတည်းက ယောက်ျားလေးဆိုရင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုနေရမယ်ဆိုတာတွေ သင်ကြတယ်။ တခုခုဆို – နင်ယောက်ျားမဟုတ်ဘူးလား ဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ပြီး ယောက်ျားလေးဖြစ်နေလို့ လူသားတစ်ယောက်အနေနဲ့ ရသင့်တဲ့ အခွင့်အရေးကို မရကြတာတွေ ရှိပါတယ်။ သားငယ်လေးတွေ လဲကျတဲ့အခါ၊ တခုခုဖြစ်ကြတဲ့အခါ ယောက်ျားပဲ ဘာမှမဖြစ်ဘူး။ ငိုတာ ရှုံ့မဲ့တာဖြစ်ရင် မင်းယောက်ျားလေးမဟုတ်ဘူးလား။ ယောက်ျားလေးဆို မငိုရဘူး။ စသဖြင့်ပြောကြတယ်။ ကျွန်မကလေ မိခင်တစ်ယောက်အနေနဲ့ရော၊ ဆရာမတစ်ယောက်အနေနဲ့ အဲဒါကို လက်မခံပါဘူး။ ကျွန်မသားကိုလည်း ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။

ကျွန်မတို့သားလေးတွေဟာလည်း လူပဲလေ။ ခံစားချက်တွေ ရှိကြတယ်။ သူတို့ရဲ့ ရင်ထဲက ခံစားချက်ကို သိအောင်၊ မှန်ကန်တဲ့ နည်းနဲ့ ဖေါ်ထုတ်တတ်အောင် သင်ပေးရမှာ ကျွန်မတို့တာဝန်လေ။ ကိုယ်တိုင်ရဲ့ ခံစားချက်ကို မှန်ကန်စွာ ဖေါ်ပြတတ်မှ၊ ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့ လုပ်ရပ်ကို နည်းမှန်လမ်းမှန်နဲ့ ထိန်းကျောင်းနိုင်မှ ကောင်းမွန်တဲ့ လူသားတွေအဖြစ် ရပ်တည်နိုင်မှာ မဟုတ်လား။

တခုခုကြောင့်လဲကျတဲ့အခါ ယောက်ျားလေးမို့ မငိုနဲ့လို့ပြောမယ့်အစား သူ့ကို ငိုခွင့်ပြုလုပ်ပါ။ ဘယ်လိုခံစားရလို့ ငိုလဲ၊ ဘယ်လို ခံစားနေရလဲဆိုတာ နားလည်အောင်လုပ်ပေးပါ။ နာသွားလို့ငိုတာလား၊ ဘာလို့ ငိုတာလဲဆိုတာမျိုးပေါ့။ ပြီးရင် ဘယ်လိုဖြစ်လို့ လဲကျသွားလဲ ဆိုတာ သိအောင် လုပ်ဖို့လိုပါတယ်။ ပြီးမှ နောက်တစ်ခါ မလဲအောင် ဘာလုပ်ရင်ကောင်းမလဲဆိုတာ ဆက်ပြောရမှာပါ။ ဒါဟာ ပြသနာဖြေရှင်းနိုင်စွမ်းကို တပါတည်းသင်ပေးနေတာပါ။

ယောက်ျားလေးတွေဟာ မိန်းကလေးတွေနဲ့ ခန္ဓာကိုယ်အရ မတူညီမှုတွေရှိကြတယ်။ အဲဒီ့အတွက် အားသာချက်၊ အားနည်းချက်တွေလည်း မတူကြဘူးပေါ့။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကြီးပြင်းရတဲ့ ပုံစံ၊ ဘဝနောက်ခံအခြေအနေတွေကလည်း မတူညီကြပြန်ဘူး။ အဲဒီ့အခါ လူတိုင်းဟာ ထူးခြားတယ် (Unique ဖြစ်တယ်)။

မိသားစုအခြေအနေကြောင့် မိန်းကလေးဖြစ်ပေမယ့် စိတ်ဓါတ်မာကျောတာမျိုး၊ သိပ်ဂရုမစိုက်တတ်တာမျိုးလည်းဖြစ်နိုင်တယ်။ ယောက်ျားလေးဖြစ်ပေမယ့် အရမ်းနူးညံ့ပြီး ကြင်နာတတ်တဲ့သူလည်းဖြစ်နိုင်တယ်။ ယောက်ျားလေးဖြစ်ပြီး ဟင်းချက်ကောင်းတဲ့သူတွေရှိသလို၊ မိန်းကလေးဖြစ်ပေမယ့် ဟင်းမချက်တတ်တဲ့သူတွေလည်းရှိတယ်။ အမူအကျင့်တခုဟာ ယောက်ျားဖြစ်လို့၊ မိန်းမဖြစ်လို့ဆိုတဲ့ အကြောင်းအရင်းတခုထဲကပဲ မြစ်ဖျားခံလာတာမဟုတ်ဘူးထင်တယ်။

ကျွန်မအမြင်ကတော့ လူကောင်း၊ လူဆိုး၊ လူတော်၊ လူညံ့ဆိုတာ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနဲ့မဆိုင်ဘဲ ကိုယ့်ရဲ့ အတွေးအခေါ်၊ အပြုအမူနဲ့ အသိအပညာအဆင့်တွေအပေါ်မှာ မူတည်တယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အားသာချက်ကိုယ်စီ၊ အားနည်းချက်ကိုယ်စီရှိတယ်။ ဒါမျိုးတွေကို ကျွန်မတို့ရဲ့ သားတွေကို သင်ပေးရမှာ။

ကျွန်မတို့ရဲ့ သားတွေ၊ ကျောင်းသားတွေကို တော်တဲ့သူဖြစ်အောင်၊ ကောင်းတဲ့သူဖြစ်အောင်၊ အပြန်အလှန်လေးစားတတ်တဲ့သူဖြစ်အောင်၊ လူလူချင်းတန်ဖိုးထားတတ်အောင် သင်ပေးရမှာ။

ကျွန်မကတော့လေ ယောက်ျားကောင်းဖြစ်အောင် ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်ရမယ်၊့သင်တာထက် သားလေးကို လူသားကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးချင်တယ်။ အမျိုးသမီးတွေဟာ ကိုယ်လို လူသားဖြစ်တယ်။ အတူတူပဲ။ လေးစားရမယ်၊ ပူးပေါင်းရမယ် ဆိုတဲ့ အတွေးမျိုးကို ပေးချင်တယ်။

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူတယောက်ဖြစ်လာရင် လူဖြစ်ရကျိုးနပ်တဲ့သူဖြစ်ဖို့၊ တန်ဖိုးရှိတဲ့သူဖြစ်ဖို့၊ သူတပါးဘဝတွေကို မဖျက်စီးတတ်ဖို့က ယောက်ျားပီသခြင်း၊ မိန်းမပီသခြင်းဆိုတဲ့ အယူအဆတွေထက်ပိုပြီး ထပ်ခါတလဲလဲ ကြားနေရမယ့် သင်ကြားမှုတွေလို့ ကျွန်မမြင်မိပါတယ်။

ကျွန်မလိုပဲ သားရှင်မေမေတွေရော…. ကိုယ့်ရဲ့သားတွေကို ဘာတွေ သင်ပေးဖြစ်လဲ၊ ဘယ်လိုသင်ပေးဖြစ်လဲ။
နည်းလမ်းကောင်းတွေ၊ အတွေးအမြင်ကောင်းတွေရှိရင် မျှဝေပေးပါဦး။

လူသားချင်းတန်ဖိုးထားတတ်သော သားများ ပျိုးထောင်နိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ