ဆရာများအနေဖြင့် ၂၁ ရာစုတွင် ပြောင်းလဲလာသော ပညာရပ်ဆိုင်ရာ နည်းပညာများ၊ အတွေး အခေါ်များ၊ သင်ကြားသင်ယူမှုရင်းမြစ်များနှင့် သင်ယူမှုအခွင့်အလမ်းကောင်းများကို တန်းတူညီမျှရရှိရန် လိုအပ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများသာ သင်ယူလေ့လာရန် အခွင့်အလမ်းရှိရုံသာမက ဆရာများအနေဖြင့်လည်း မိမိတို့၏ ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန် သင်ယူလေ့လာနိုင်သည့် အခွင့် အလမ်းများကို မိမိကိုယ်တိုင်ဖန်တီးရမည်ဖြစ်သည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ပညာရေး၌ အရေး ကြီးသည့်၊ မရှိမဖြစ်ထည့်သွင်းစဉ်းစားရမည့် အခြေခံအချက်အလက်များဖြစ်သော သင်ရိုးညွှန်းတမ်း၊ သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့၏ချိတ်ဆက်မှုကို ဆရာများအတွက် ဗဟုသုတအနေဖြင့် ဖော်ပြသွားမည်ဖြစ်သည်။
(၁)သင်ရိုးညွှန်းတမ်း (Curriculum)
သင်ရိုးညွှန်းတမ်းသည် သင်ကြား၊ သင်ယူမှုဖြစ်စဉ် (Teaching-Learning Process) ၏ မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သင်ရိုးညွှန်းတမ်းတွင် သင်ရိုးညွှန်းတမ်းအညွှန်းဘောင် (Curriculum Framework)၊ သင်ယူမှုရလဒ်များ (Learning Outcomes)၊ သင်ယူမှုဦးတည်ချက်များ (Learning Objectives)၊ ကျောင်းသား၊ ကျောင်းသူများတွင် ရှိသင့်ရှိထိုက်၊ ရသင့် ရထိုက်သော အသိပညာ (Knowledge)၊ ကျွမ်းကျင်မှု (Skill) နှင့် တတ်ကျွမ်းမှု (Competence)၊ သင်ခန်းစာအစီအစဉ်များနှင့် ရရှိထားသော အသိပညာဗဟုသုတများကို လက်တွေ့အသုံးချခြင်း စသည်တို့ပါဝင်အောင် ဖွဲ့စည်း ရသည်။ မျက်မှောက်ကာလသည် နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများ အလွန်မြန်ဆန်လာသည့်ခေတ် ဖြစ်သောကြောင့် သင်ရိုးညွှန်းတမ်းများကို စာအုပ်စာတမ်းများဖြင့်သာမက နည်းပညာများအသုံးပြု၍ အက်ပလီကေးရှင်း (Application) များဖြင့် ဖန်တီးရေးဆွဲလာကြသည်။ ထို့ကြောင့် ဆရာများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်တတ်မြောက်မှု (Digital literacy) လည်း လိုအပ်လာမည်ဖြစ်သည်။
(၂)သင်ကြားခြင်း (Teaching)
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး လက်တွေ့တွင် သင်ခန်းစာများကို ပြန်လည်အသုံးချနိုင်ရန် ဆရာများ၏ သင်ကြားခြင်းသည် အခရာပင်ဖြစ်သည်။ ဆရာများသည် မိမိတို့၏ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချ၍ သင်ရိုးညွှန်းတမ်း၏ရည်ရွယ်ချက်နှင့် ကိုက်ညီသော သင်ကြားမှု၊ ကျောင်းသား၊ ကျောင်းသူများ၏လိုအပ်ချက်များ၊ ၎င်းတို့၏ တိုးတက်ဖွံ့ဖြိုးမှုအဆင့်များနှင့် သင့်လျော်ကိုက်ညီသည့် သင်ကြားမှုများ (Teaching Strategies) ကို ရွေးချယ်အသုံးပြုရသည်။ သင်ကြား နည်းများကို ရွေးချယ်ရာတွင်လည်း အပြုသဘောဆောင်သော ဆရာနှင့် ကျောင်းသားဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး ကျောင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုကို မထိခိုက် စေဘဲ ရွေးချယ်ရမည်ဖြစ်သည်။ ထို့ပြင် ပတ်ဝန်းကျင်လောကနှင့် သင်ခန်းစာပါအကြောင်းအရာများကို ချိတ်ဆက်သင်ကြားသည့်နည်းလမ်းများကိုလည်း ရွေးချယ်သင်ကြားရမည်ဖြစ်သည်။
(၃)စစ်ဆေးအကဲဖြတ်ခြင်း (Assessment)
စစ်ဆေးအကဲဖြတ်ခြင်းဆိုသည်မှာ မျှော်မှန်းထားသော သင်ယူမှုရလဒ်များပေါက်မြောက်မှုရှိ၊ မရှိနှင့် ကျောင်းသား၏ တတ်မြောက်မှုအတိုင်းအတာကို သိရှိနိုင်ရန် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ် သည်။ စစ်ဆေးအကဲဖြတ်ခြင်းတွင် အဓိကအားဖြင့် သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း (Formative assessment) နှင့် သင်ယူအပြီးစစ်ဆေးအကဲဖြတ်ခြင်း (Summative assessment) နှစ်ခုရှိသည်။ အခြားသောစစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများလည်းရှိပါသည်။ အခြေခံအားဖြင့် ထိုနည်းလမ်း ၂ ခုကို ဆရာများအနေဖြင့် သိထားသင့်ပါသည်။
သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းသည် ကျောင်းသားများ၏တိုးတက်မှုကို အဆက်မပြတ် လေ့လာစောင့်ကြည့်ရန်နှင့် ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ စစ်ဆေးအကဲ ဖြတ်ခြင်းဖြစ်သည်။ ထို့နောက် ကျောင်းသားများ၏တိုးတက်မှုများ၊ လိုအပ်ချက်များကို ပုံမှန်အကြံပြု ချက်များ (Feedback) ပေးရန် အထူးလိုအပ်ပါသည်။ ထိုရရှိလာသောအချက်အလက်များအပေါ်မူတည်၍ ဆရာက မိမိတို့၏သင်ကြားနည်းများကို လိုအပ်သလို ပြောင်းလဲပြင်ဆင်ရမည်ဖြစ်သည်။ ထိုစစ်ဆေး အကဲဖြတ်ခြင်းသည် ကျောင်းသားများကို အဆင့်ခွဲခြင်း၊ အမှတ်ပေးခြင်းကို ဦးစားပေးဆောင်ရွက်သော စစ်ဆေးအကဲဖြတ်ခြင်းမဟုတ်ပါ။
သင်ယူအပြီးစစ်ဆေးအကဲဖြတ်ခြင်းသည် သင်ခန်းစာတစ်ခုအပြီး သို့မဟုတ် စာသင်နှစ်ဝက် တစ်ခုအပြီး၊ အတန်းဆင့်တစ်ခုအပြီးတွင် ကျောင်းသားများ၏တတ်မြောက်မှုကို သိရှိရန် စစ်ဆေးသော အကဲဖြတ်ခြင်းတစ်မျိုးဖြစ်သည်။ သင်ရိုးမာတိကာပါ ရည်ရွယ်ချက်များအပေါ် ကျောင်းသားများ၏ ပြည့်မီမှုအတိုင်းအတာကိုလည်း စစ်ဆေးအကဲဖြတ်ပေးသည်။ ရရှိလာသော အချက်အလက်များကို ရမှတ် သို့မဟုတ် ရာခိုင်နှုန်း သို့မဟုတ် အဆင့်များဖြင့် ဖော်ပြလေ့ရှိသည်။ ထိုရရှိလာသောအချက်အလက်များ ကို မိဘများနှင့် ပညာရေးနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်များထံသို့ ကျောင်းသားများ၏ တတ်မြောက်မှု အခြေအနေနှင့်ပတ်သက်၍ တင်ပြကြသည်။
သင်ရိုးညွှန်းတမ်း၊ သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့ချိတ်ဆက်ခြင်း
အထက်တွင်ဖော်ပြခဲ့သော သင်ရိုးညွှန်းတမ်း၊ သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့သည် သီးသန့်ရပ်တည်ပြီး တစ်ခုစီ သီးသန့်ဆောင်ရွက်ရန်မဟုတ်ပေ။ ထိုအစိတ်အပိုင်း ၃ ခုကို ချိတ်ဆက်ပြီး ဆောင်ရွက်မှသာ ကျောင်းသား၏ သင်ယူမှုသည် ပေါက်မြောက်အောင်မြင်မည်ဖြစ်သည်။ သင်ရိုးညွှန်း တမ်းတစ်ခုကို စတင်ရေးဆွဲရာတွင် သင်ရိုးညွှန်းတမ်းပါအကြောင်းအရာများကို ချမှတ်ကြသည်။ ဆက်လက်၍ ထိုသင်ရိုးညွှန်းတမ်းပါ အစိတ်အပိုင်းများ၊ သင်ယူမှုပန်းတိုင်များနှင့် လိုက်လျောညီထွေ ဖြစ်သော သင်ကြားမှုနည်းလမ်းများကို ချဉ်းကပ်ကြရသည်။ ထို့နောက် သင်ရိုးညွှန်းတမ်းတွင် ချမှတ်ထား သောပန်းတိုင်များ အောင်မြင်မှုရှိ၊ မရှိ၊ ပေါက်မြောက်မှုရှိ၊ မရှိ၊ ဆရာများ၏သင်ကြားမှုကို ပြန်လည် သုံးသပ်ပြင်ဆင်နိုင်ရန် လိုအပ်ခြင်းရှိ၊ မရှိကို သိရှိစေရန် စစ်ဆေးအကဲဖြတ်ရသည်။ ထို့ကြောင့် ထိုအစိတ်အပိုင်း ၃ ခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး ချိတ်ဆက်မှုတစ်ခုပြုတ်ထွက်သွားလျှင် ကျောင်းသားများ၏ သင်ယူမှုသည် ဟန်ချက်ပျက်သွားမည်ဖြစ်သည်။
ထို့ကြောင့် ပညာရေး၏မရှိမဖြစ်အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည့် သင်ရိုးညွှန်း တမ်း၊ သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့သည် တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေစွာ ချိတ်ဆက်မှုရှိပြီး ကောင်းမွန်သော သင်ယူမှုတစ်ခုဖြစ်စေရန် ထိုအချက် ၃ ချက်စလုံးကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ဆရာတစ်ဦးအနေဖြင့် သင်ကြားခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ရမည် မဟုတ်ဘဲ ကျန်သောအချက် ၂ ချက်ကိုပါ ချိတ်ဆက်စဉ်းစားဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ကြောင်း ဖော်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။
ဆရာမသိမ့်
References : National Assessment Guidelines (NAG)
https://measurementinc.com/sites/d
Photo Credit- https://th.bing.com/th/id/R.2430db23cae8791748d1d23f27c3a8d2?rik=V9VvXoZXft%2f5zw&riu=http%3a%2f%2fwww.oleanschools.org%2fcms%2flib%2fNY19000263%2fCentricity%2fDomain%2f3%2fCurriculum+Docs%2ftriangle.jpg&ehk=pSwCuZ8Nzv1PXKfke3xRJIkfIsKsvKbbmT3%2fuj4A4PA%3d&risl=&pid=ImgRaw&r=0