ငယ်ငယ်တည်းက ထော်လော်ကန့်လန့် စဉ်းစားတတ်သူမို့လားမသိပါ။ မြန်မာစာ သင်ရသည့်အခါ အချို့ သင်ခန်းစာများသင်ကြားပုံကို သဘောမကျလှပါ။ 

ဥပမာဆိုရလျှင် ငယ်ငယ်က သင်ရဖူးသည့် ဆပ်သွားဖူး ဆိုသည့်ကဗျာကို သင်ကြားပုံဖြစ်ပါသည်။ 

“ပျိုလေးတို့ အိမ်ဦး
ဆပ်သွားဖူးတဲ့ တရုံ နှစ်ရုံ
ကျေးတွေက အုံ။
မအုံပါနဲ့ ကိုရွှေကျေး။
ပျိုတို့မောင် ရှင်လိင်ပြန်တော့
နားပန်ဘို့ လေး။ ။”  ဆိုသည့်ကဗျာလေးကို ကြားဖူးကြမည်ထင်သည်။ 

ကဗျာကို အနက်ဖွင့်ဆိုခြင်းလုပ်သည့်အခါ ဆရာမက  ကဗျာတွင်ပါဝင်သော “ကျေးတွေ” ဆိုသည်မှာ တကယ့်ကျေးငှက်တွေမဟုတ်ဘဲ ပျိုလေးကို လူပျိုလာလှည့်သော လူငယ်များကို နိမိတ်ပုံဖြင့် ဖော်ပြထားခြင်းဖြစ်ကြောင်း၊  သို့သော် ပျိုလေးမှာ ရည်းစားရှိပြီးဖြစ်ပြီး ထိုသူမှာ သာသနာ့ဘောင်ဝင်နေကြောင်း၊ ပျိုလေး၏ အချစ်မှာ ကိုရင်လူထွက်လာမည့် ပျိုတို့မောင်အတွက်သာဖြစ်ကြောင်း အနက်ပြန်ပြသည်။ ဆရာမ၏ အနက်ပြန်ပုံအရဆိုလျှင် “ဆပ်သွားဖူး” ပန်းလေးမှာ တကယ့်ပန်းလေးမဟုတ်တော့ဘဲ ပျိုလေး၏ အချစ်ဖြစ်သွားသည်။ 

ကလေးအရွယ်သာရှိသေးသည့် ကျနော်သဘောမကျခဲ့။ကဗျာမှာ ပန်း လို့ရေးထားလျှင် ပန်းလို့ပဲ အဓိပ္ပါယ်ကောက်လို့ မရနိုင်ဘူးလားတွေးရင်း မေးခွန်းပြန်မထုတ်ဖြစ်ခဲ့ပါ။ အလားတူ အမျိုးသားပန်းပန်ခြင်းနှင့်ဆိုင်သည့် နောက်ထပ်ကဗျာတစ်ပုဒ်ကိုလည်း သတိရမိသေးသည်။ “စပယ်ရုံ” ကဗျာဖြစ်ပါသည်။ 


“စံပယ်တဲ့ လေးရုံ၊
ပျိုတို့မောင် မပန်ထိုက်တယ်၊
ပန်းပြတ်ခိုက်ကြုံ။

အပွင့်ရယ်ကုန်၊
တစ်ငုံဖြင့် ကျန်ပါသေး။

ပန်ချင်ရင် ပျို့မောင်ကြီးရယ်၊
ခေါင်းဖြီးခဲ့လေး။” 

ဤကဗျာတွင်လည်း ထို့အတူပင် ဆိုလိုရင်းအနက်သည် စံပယ်ပန်းများအကြောင်းမဟုတ်ဘဲ၊ ဤဘဒ္ဒကမ္ဘာတွင် ပွင့်ပြီးဖြစ်သည့် ဘုရားများအကြောင်းနှင့် ပွင့်လတ္တံ့ဖြစ်သော ဘုရားဖြစ်သည်ဟု ဆရာ/မ ကရှင်းပြသည်။ 

ဒီတစ်ခါတွင်လည်း စိတ်ထဲတွင် ကသိကအောင့်ဖြစ်မိပြန်သည်။ ကဗျာဆရာသည် တကယ်ပဲ ဘုရားတွေအကြောင်းရေးခဲ့ပါသလား။  ထိုကဲ့သို့ရည်ရွယ်ရေးခဲ့လျှင်ကော အခြားအဓိပ္ပါယ်တစ်မျိုးဖြင့်နားလည်ခံစားခွင့်မရှိပါသလော။ မရနိုင်ပါ။ ထိုအချိန်တွင် မေးခွန်းထုတ်ခဲ့လျှင် တော်တော်လျှာရှည်သည့်ကလေးဟုထင်ခံရနိုင်ပါသည်။ ထိုသို့ အနက်ပြန်ခြင်းသာလျှင်အမှန်ဖြစ်ပြီး ထိုအတိုင်းသာကျက်မှ အမှတ်ရမည်ဖြစ်သော ပညာရေးစနစ်တွင်ကြီးပြင်းလာခဲ့ရပါသည်။ 

ပြင်သစ်စာပေ သီအိုရီသမား ရိုလန်ဘာ့သ်ကတော့ စာရေးဆရာ၏ မူလရည်ရွယ်ချက်အပေါ်အခြေခံ၍ စာပေလက်ရာတစ်ခုကို ဖွင့်ဆိုရန်ကြိုးစားခြင်းသည် ဘောင်တစ်ခုတည်းကို ထည့်လိုက်ခြင်းဖြစ်သည်ဟု ၎င်း၏ “စာရေးဆရာ သေဆုံးခြင်း” အက်ဆေးတွင်ရေးသားခဲ့သည်။ စာတစ်ခုကို ရေးပြီးသည့်အခါတွင် စာရေးဆရာ၏ အလုပ်သည်ပြီးသွားခဲ့ပြီဖြစ်ပြီး ကျန်သည့်ကိစ္စမှ စာဖတ်သူ ခံစားသူ၏ ကိစ္စသာဖြစ်ပါသည်ဟု သူကဆိုသည်။ သူ၏ အယူအဆသည် ခေတ်သစ် စာပေလောကကို အတော်လွှမ်းမိုးရိုက်ခတ်ခဲ့သည်။ 

ကျွန်တော်တို့ဆီတွင်တော့ စာပေလက်ရာတစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုသည့်အခါ စာရေးဆရာအနောက်သို့ လိုက်ဆဲဖြစ်သည်။ ထိုအကြောင်းအရာကို ဆရာမောင်ခင်မင်ဓနုဖြူက “ချစ်သူများကို အဆုံးစီရင်ခြင်း” စာအုပ်တွင် ခပ်ပါးပါး တင်ပြဆွေးနွေးခဲ့သည်။ “နှမလက်လျှော့နေလေတော့” ကဗျာသည် ရှင်မဟာရဌသာရ၏ ဘဝအမှန်ဟုတ်မဟုတ်ကို စဉ်းစားနေခြင်းမှာ အချည်းအနှီးသာဖြစ်သည့်အကြောင်း ဆွေးနွေးခဲ့သည်။ ဆရာမင်းခက်ရဲ၏ “တက္ကသိုလ်နှင့်စာပေသီအိုရီ”စာအုပ်တွင်လည်း စာပေလက်ရာများကို ချဉ်းကပ်မှုပြောင်းလဲလာပုံများကို တင်ပြထားခြင်းရှိပါသည်။ 

ဤဆောင်းပါး၏ အဓိကရည်ရွယ်ချက်မှာ စာပေကိစ္စမဟုတ်ပါ။ ကလေးများကို ပညာသင်ကြားရေးဖြစ်သည်။ ပညာသင်ကြားသည့်အခါ အမြင်ရှုထောင့်တစ်မျိုးတည်းကိုသာ တင်ပြခြင်း၊ ထိုအမြင်ရှုထောင့်တစ်ခုတည်းကသာအမှန်ဖြစ်သည်ဟု ယူဆစေခြင်းသည် မေးခွန်းထုတ်စရာသင်ကြားပုံဖြစ်ပါသည်။ ဤကမ္ဘာလောကကြီးတွင်ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးရှိသည်ဖြစ်ရာ ကလေးများကို သင်ကြားရာတွင်လည်း ထိုအချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ကလေးများက ကွန့်မြူးသောစိတ်ဖြင့် ဒီလိုရောမဖြစ်နိုင်ဘူးလားဟု စောဒကတက်လာသည့်အခါတွင် ကလေး၏တီထွင်ဖန်တီးတတ်သောစိတ်ကို မသတ်ပစ်ရန်လိုအပ်ပါသည်။ 

အပေါ်က ကဗျာနှစ်ပုဒ်တွင် ဆရာ/မများက ဆိုလိုရင်းအနက်၊ နောက်ကွယ်အနက်ကို ပြန်ပြခြင်းသည် ကောင်းသောကိစ္စဖြစ်ပါသည်။ သို့သော် ထိုအဓိပ္ပါယ်သာရှိပြီး အခြားမူကွဲဖြင့်ထပ်မံဖွင့်ဆိုခွင့်မရှိဟု မပိတ်ပင်သင့်ပါ။ လွတ်လပ်စွာ ဖွင့်ဆိုနိုင်ရန်လမ်းဖွင့်ပေးတတ်သော ဆရာ/မများလည်းရှိခဲ့ပါသည်။ သို့သော် စာမေးပွဲတွင်စစ်မေးသည့်အခါတွင်တော့ တစ်နိုင်ငံလုံး ပုံစံတစ်ခု ရှုထောင့်တစ်မျိုးတည်းဖြင့်သာ ရေးသားရတော့သည်။ 

မြန်မာစာသင်သည့်နေရာတွင်သာမက အခြားဘာသာရပ်များတွင်လည်း ထို့အတူသာဖြစ်သည်။ သင်္ချာတွက်သည့်အခါ ဆရာတွက်သည့် တွက်နည်းကသာမှန်သည်ဟူသည့်အယူအဆမျိုး၊ သမိုင်းဖြစ်ရပ်တစ်ခုကို ကြည့်သည့်အခါ ရှုထောင့်တစ်မျိုးတည်းမှ စဉ်းစားကြပုံမျိုးရှိတတ်ကြသည်။ ထိုသို့ “ ဇာတ်ကြောင်းတစ်မျိုး”တည်းကိုသာ အမှန်ဟု ယူဆတတ်သည့်အလေ့အကျင့်ကို ရိုက်သွင်းလိုက်ခြင်းသည် ကလေး၏ ဖြန့်ထွက်တွေးခြင်း၊ ဖောက်ထွက်တွေးခြင်းကို သတ်ပစ်သည်ဟု ကျွန်တော်ကတော့ထင်သည်။ 

ထိုသို့သင်ကြားမှုမျိုးနှင့်သာ ရင်းနီးလာသော ကလေးများသည် ကြီးပြင်းလာသည့်အခါတွင်လည်း မတူကွဲပြားမှုကိုနားလည်လက်ခံမှုအားနည်းနိုင်သည်ဟုလည်းထင်မိပါသည်။ ဆက်စပ်၍ စဉ်းစားရလျှင်မတူကွဲပြားမှုကို နားလည်လက်ခံမှုမရှိခြင်းကပင် အခြားလူမျိုးစုများအပေါ်အမြင်စောင်းခြင်း၊ ခွဲခြားခြင်း၊ ဖိနှိပ်ခြင်းကို ဦးတည်စေနိုင်ပါသည်။ 

ကမ္ဘာကြီး၏ မည်သည့်နေရာကိုကြည့်ကြည့် ကိုးကွယ်ယုံကြည်ရာ၊ လူမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အခြားနောက်ခံအကြောင်းအရာများမတူညီကြသူတွေယှဉ်တွဲနေထိုင်နေကြသည်။ မတူကွဲပြားမှုနားလည်လက်ခံမှုမရှိခြင်း၊ အမြင်ရှုထောင့်တမျိုးကိုသာလက်ခံတတ်ခြင်းသည် ကမ္ဘာလောက ငြိမ်းချမ်းရေးအတွက်အန္တရာယ်ဖြစ်ပါသည်။ 

“အားလုံးပါဝင်ခွင့်” (သို့) “ မတူကွဲပြားမှု” အကြောင်းပြောကြသည့်အခါ ပညာရေးသင်ရိုးညွှန်းတမ်းများတွင် အကြောင်းအရာပြင်ဆင်ခြင်းကို အဓိက ထောက်ပြလေ့ရှိကြပါသည်။ ဥပမာ ယဉ်ကျေးမှုအကြောင်းတွင် လူများစုဖြစ်သူများ၏ ယဉ်ကျေးမှုကိုသာ ဇောင်းပေးရေးထားခြင်းမျိုးကို ထောက်ပြလေ့ရှိကြပါသည်။ ကျွန်တော်အမြင်အရမူ မတူကွဲပြားသော ရှုထောင့်များ၊ ဇာတ်ကြောင်းများကိုလက်ခံခြင်းနှင့် မေးခွန်းထုတ်ခွင့်ပေးခြင်းတို့က ပိုလို့ပင်အရေးကြီးသည်ဟုထင်ပါသည်။ ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့အစည်းဖန်တီးနိုင်ရန် မတူညီသောအမြင်များအား လက်ခံခြင်းဖြင့်စတင်ရမည်ဟု ယူဆမိသည်။ ထို့ကြောင့် လွတ်လပ်စွာယူဆကွဲလွဲခွင့်ကို စာသင်ခန်းများမှပင်အစပျိုးပေးပါမည်။ တူကွဲပြားသော အမြင်ရှုထောင့်များကို နားလည်လက်ခံတတ်စေရန်မှာ ပညာသင်ကြားတွင်အခြေခံကြောင်း ပြောလိုသည့် ဤဆောင်းပါးသည် ကျွန်တော်တစ်ဦးတစ်ယောက်၏အမြင်သာဖြစ်၍ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါကြောင်း။ 

စာရေးသူ – ဆရာအောင်ကျော်ဖြိုး 

မေတ္တာဖြင့်…

Saya-ဆာယာ