စက်တင်ဘာလ (၇) ရက်နေ့က မန်းလေးက ဖောင်တော်ဦးဆရာတော် ဘုန်းဘုန်းကြီး ဦးနာယကရဲ့ (၇၅)နှစ် ပြည့် မွေးနေ့ပါ။
ကျွန်မ အသက် ၉နှစ်ကျော်ကတည်းက ဘုန်းဘုန်းကြီးရဲ့ ပညာအရိပ်ကို မှီခိုခွင့်ရခဲ့ပါတယ်။ ဘုန်းဘုန်းကြီး ကျေးဇူးကြောင့် ပညာတွေ သင်ခွင့်ရခဲ့လို့၊ အခုအချိန်မှာ ခိုင်မာတဲ့ ပညာရေးဆိုင်ရာတန်ဖိုးထားမှုတွေ၊ ဗဟုသုတတွေနဲ့ ကျွမ်းကျင်မှုတွေရှိနေတယ်လို့ ပြောလို့ရပါတယ်။
ဖောင်တော်ဦးကျောင်းမှာ တိုက်တာအဆောက်အဦတွေမရှိခင်၊ ကိုယ်တိုင်ကောက်လာတဲ့ ပျဉ်ပြားကို စားပွဲလုပ်ပြီး စာသင်ခဲ့ချိန်ကနေ အခုချိန်အထိ မပြောင်းလဲတဲ့အရာတစ်ခုကို ပြောပါဆိုရင် ဘုန်းဘုန်းကြီးရဲ့ ပညာရေးအပေါ်တန်ဖိုးထားမှုနဲ့ တပည့်တွေအပေါ်ထားတဲ့ စေတနာပါပဲ။
ကျွန်မတို့တွေက ကျောင်းသူတွေအဖြစ် ပညာသင်ဖို့ ရောက်တယ်။ နောက် ကျွန်မ သြစတျေးလျမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့အချိန်ထိ ကျွန်မ ပညာကို ဖြောင့်ဖြောင့်တန်းတန်း သင်ယူနိုင်ဖို့ ကျွန်မရဲ့ မိသားစုကိုပါ လိုတာ ထောက်ပံ့ကူညီပေးခဲ့တာပါ။
ဘုန်းဘုန်းကြီးရဲ့ မေတ္တာရိပ်မှာ ခိုလှုံခွင့်ရတဲ့ နှစ်ပေါင်း (၂၀)ကျော်အတွင်းမှာ၊ ဘုန်းဘုန်းနဲ့ တိုင်ပင်ဖြစ်တာတွေ၊ ပညာရေးအကောင်အထည်ဖေါ်ဖြစ်တာတွေ၊ သဘောထားမတိုက်ဆိုင်ရတာတွေ အစုံပဲ ရှိပါတယ်။ ကျွန်မက မန်းလေးမှာ နေတော့တာ မဟုတ်တော့ ကျောင်းကို ခဏပဲ ရောက်ဖြစ်တယ်။ ဒါပေမယ့် ရောက်လို့ ဘုန်းဘုန်းကြီးကို သွားတွေ့ရင်ပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ စကားပြောရင်ပဲဖြစ်ဖြစ် ဘုန်းဘုန်းရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတယ်။
သားသမီးတွေ အဝေးကနေ ဘယ်ချိန်ပြန်လာလာ၊ ဘာလုပ်ခဲ့လုပ်ခဲ့၊ အမြဲ နားခိုခွင့် ပေးတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ခွင်လို အမြဲ ကြိုဆိုလျက်ရှိတယ်။ ကျွန်မ အခြားအလုပ်တွေနဲ့ ရှုပ်နေလို့ လနဲ့ချီပြီး စကားမပြောဖြစ်ပေမယ့် ပြန်တွေဖြစ်ရင် အမြဲတမ်းတွေ့နေရတဲ့သူတွေလိုမျိုး ကူညီဖေးမတယ်၊ တိုင်ပင်တယ်၊ မျှဝေတယ်။ အဲဒီ့အရာတွေက ကျွန်မအတွက် နွေးထွေးမှုဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခံစားရတယ်။
ဘုန်းဘုန်းကြီးကို ကြည့်ရင်း … ကျွန်မပြန်စဉ်းစားမိတာလေ၊ ဆရာဆိုတာ ကျောင်းသားတွေအတွက် အမြဲကြိုဆိုနေတဲ့ လက်တစ်စုံ ရှိဖို့လိုတယ်။ ဘယ်လို အမှားပဲ လုပ်ထား လုပ်ထား၊ ဆရာ၊မတွေရဲ့ စစ်မှန်တဲ့ မေတ္တာကြောင့် ကလေးဟာ လုံခြုံတယ်လို့ ခံစားမိဖို့လိုအပ်တယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်တဲ့ ဆရာ၊မတွေဟာ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးတွေအဖြစ် သင်ကြားပေးနိုင်တယ်။
ကျွန်မကတော့ ဘုန်းဘုန်းကြီးကို သင်ပေးတဲ့ပညာတွေအတွက်ရော၊ လုံခြုံမှုပေးခဲ့တဲ့ မေတ္တာတွေအတွက်ရော၊ ကမ်းလင့်တဲ့ လက်တစ်စုံအတွက်ပါ ကျေးဇူးတွေ တင်နေမိတော့တာ။ ဘုန်းဘုန်းကြီးလို စိတ်ထား အရမ်းပြည့်ဝတဲ့သူမဟုတ်ရင်အောင် ကျွန်မစာသင်ပေးတဲ့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်ချင်တယ်။ ကျွန်မရဲ့ သားလေးကိုလည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်တဲ့ မိခင်ဖြစ်ချင်တယ်။ ဘုန်းဘုန်းကြီးက ကျွန်မအတွက်တော့ ပညာပေးတဲ့အဖေပါ။
ဘုန်းဘုန်းကြီးကို အဝေးကနေ ရှီခိုး ဦးတင်လျက်…
မေတ္တာဖြင့်…
သာလိကာ
(ဘုန်းဘုန်းကြီးက ကျွန်မကို စကားပြောလွန်းလို့ သာလိကာလို့ ခေါ်ပါတယ်။)