ဒီနေ့ခေတ်မှာ ပညာရေးတပိုင်းတစဖြစ်နေကြတဲ့လူငယ်တွေတော်တော်များကြပြီး လမ်းပျောက်နေပြီ ဘာလုပ်ရမလဲ၊ ဘယ်လမ်းကြောင်းကိုသွားရမလဲ ဆိုပြီးလာလာပြောကြတယ်။ မိုးပြိုအများဆိုသလို တစ်ကမ္ဘာလုံးနဲ့ကို ချီပြီး စီးပွားရေးကျဆင်းဖို့ တာစူနေချိန်မို့ လွယ်ကူတဲ့အဖြေတော့ မရှိဘူးပဲ ပြောရမှာပဲ။ 

  • စိတ်ရှည်ပါ။ 

ပထမဆုံးအရေးကြီးတဲ့တစ်ချက်ကတော့ စိတ်ရှည်သည်းခံဖို့ပါပဲ။ အရွယ်ရောက်လာတဲ့ လူငယ်တွေမှာ ရှိတတ်တဲ့ စိတ်က ချက်ချင်းအောင်မြင်ချင်ကြတာပါပဲ။ ပိုက်ဆံရတဲ့ အလုပ်တစ်ခုခုကို ချက်ချင်းရပြီး ငွေကြေးသုံးစွဲမှုလွတ်လပ်ခွင့်ကိုရချင်ကြတယ်။ “ကိုယ့်ပိုက်ဆံ ကိုယ်ကိုင်သုံးရတယ်” ဆိုတဲ့ ခံစားချက်မျိုးကိုလိုချင်ကြပါတယ်။ ဘယ်အရာမဆို တစ်ကစ, ရတာပဲမို့ တဖြည်းဖြည်းချင်းသွားဖို့ စိတ်ရှည်ဖို့လိုပါတယ်။ စိတ်ရှည်တယ်ဆိုတာ စိတ်ခွန်အားရှိတယ်၊ စိတ်အားသတ္တိကောင်းတယ် ဆိုတာကိုပြတာပါပဲ။ “ သည်းခံခြင်းနဲ့ အချိန်ဟာ ခွန်အားအကောင်းဆုံး စစ်သည်တော်တွေပါ” လို့ လီယိုတော်စတွိုင်းကရေးခဲ့ပါတယ်။ ဒီတော့ စိတ်ရှည်ပါ။ 

  • ကိုယ်တိုင်ရှာပညာကို အလေးထားပါ။ 

ကမ္ဘာကျော်သူဌေးတွေဖြစ်တဲ့ စတိဗ်ဂျော့ ဘီလ်ဂိတ်စတဲ့ ကျောင်းပညာရေးမပြီးဆုံးဘဲ အောင်မြင်ကြသူတွေအကြောင်းကိုပြောကြတဲ့အခါ ကျောင်းမပြီးဘဲအောင်မြင်တယ်ဆိုတာမျိုးကိုပဲ အဓိကထားပြောကြတယ်။ တကယ်တော့ သူတို့ဟာ ကျောင်းကမရတဲ့ ကိုယ်တိုင်ရှာပညာကို ဘယ်လိုရှာခဲ့ကြသလဲဆိုတာကိုတော့ ပြောခဲလှတယ်။

ကျောင်းတောက်လျှောက်တက်ပြီး အတန်းတွေတက်လာရတဲ့လူတွေအဖို့  အတန်းတင်ပေးတာမရှိတဲ့ စာမေးပွဲတွေမရှိတဲ့ ကိုယ်တိုင်ရှာပညာဟာ တိုးတက်မှုမရှိသလိုခံစားရလို့ အားရစရာမကောင်းဘူးဖြစ်နေတတ်ပါတယ်။ တဖြည်းဖြည်းချင်း ဖြည့်ဆည်းရတဲ့ အသိပညာရဲ့ ခွန်အားကိုလျှော့မတွက်ပါနဲ့။  တစ်နေ့ကို အချိန်ဆယ့်ငါးမိနစ်လောက်ပဲပေးပြီး အကြောင်းအရာတစ်ခုကို လေ့လာခဲ့မယ်ဆိုရင်တောင် တစ်လကြာတဲ့အခါ ၇ နာရီကျော်၊ တစ်နှစ်ကြာတဲ့အခါမှာတော့ နာရီကိုးဆယ်ကျော် လေ့လာပြီးဖြစ်နေမှာဖြစ်ပါတယ်။  ဒါမှမဟုတ် စာအုပ်တွေကို ဖတ်ခဲ့မယ်ဆိုရင်  စာမျက်နှာ နှစ်ရာလောက်ရှိတဲ့စာအုပ်ပေါင်း ဆယ်အုပ်နီးပါးဖတ်ပြီးဖြစ်နေမှာပါ။

ကိုယ်တိုင်ရှာပညာနဲ့ ထိပ်တန်းရောက်ခဲ့တဲ့သူကတော့ ဟွန်ဒါကုမ္ပဏီကိုတည်ထောင်သူ ဆိုအိချိရိုဟွန်ဒါပါပဲ။ အင်ဂျင်နီယာဘွဲ့ မရှိပေမယ့် အောင်မြင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကားဝပ်ရှော့တွေမှာ သူလိုချင်တဲ့ပညာကိုရအောင်ယူခဲ့ပြီး အင်ဂျင်နီယာကောလိပ်တက်ခဲ့ပေမယ့် နောက်ဆုံးစာမေးပွဲကို သွားမဖြေခဲ့တဲ့အတွက်ဘွဲ့မရခဲ့ပါဘူး။ သူဟာ ဘွဲ့ထက် ပညာကိုသာအလေးထားခဲ့လို့ အအောင်မြင်ဆုံး ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့တာပါ။ 

  • အခုလက်ရှိအချိန်မှာလုပ်လို့ရတဲ့အရာကိုလုပ်ပါ။ လေ့လာဖို့လက်လှမ်းမီတာကို လေ့လာပါ။ 

တခါတလေကျတော့ ဖြစ်နိုင်ခြေအများကြီးတွေကို စိတ်ပူနေမယ့်အစား အခုလက်ရှိဘာလုပ်လို့ရမလဲကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ ရေတွေနောက်ကျိနေတဲ့အခါ ရေထဲမှာ ဘာရှိလဲဆိုတာမြင်ရဖို့ခက်ပါတယ်။ ကိုယ့်စိတ်ကို အရင်ငြိမ်အောင်ထားပြီး အခုလောလောဆယ်မှာဘာလုပ်လို့ရလဲဆိုတာကို စလုပ်ပါ။ စိတ်ပူနေရင်း အချိန်ကုန်နေမယ့် အစား ကိုယ်မှာ့လုပ်စရာရှိတာ၊ လေ့လာစရာရှိတာတစ်ခုကိုသာလေ့လာနေပါ။ မိသားစုလက်ငုတ်လက်ရင်း အလုပ်မှာဖြစ်ဖြစ် စတင်ဖို့လိုပါတယ်။ မသေချာသေးလို့ ဆိုပြီး ထိုင်နေရင်း အချိန်တွေကုန်သွားနိုင်ပါတယ်။ 

တစ်ခုခုမလုပ်ဖြစ်တဲ့အချိန်ဆိုတာမရှိပါဘူး။ ကောင်းတာတစ်ခုခုကို မလုပ်ဖြစ်ရင် မကောင်းတာတစ်ခုခု၊ အကျိုးမရှိတာတစ်ခုခုကို လုပ်ဖြစ်နေတတ်တယ်။ ဒါတော့ နီးစပ်ရာကနေပဲစပြီး စိတ်ကိုတည်ငြိမ်အောင်စုစည်းနိုင်တဲ့အခါ ကိုယ်လုပ်ချင်တဲ့ ကိုယ်သွားချင်တဲ့လမ်းကြောင်းကို သူ့အလိုလိုသိလာပါလိမ့်မယ်။ 

စာရေးသူ – ဆရာ အောင်ကျော်ဖြိုး

မေတ္တာဖြင့်…

                   Saya-ဆာယာ