မွေးကင်းစကနေ အသက် ၂ နှစ် အရွယ် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုပုံစံနဲ့ ဖွံ့ဖြိုးမှု အဆင့်တိုင်းမှာ သုံးနိုင်တဲ့ စာဖတ်ခြင်းဆိုင်ရာ နည်းစနစ်တွေ၊ သတိထားစရာတွေကို စုဆောင်းတင်ပြထားပါတယ်။
၁) အန္တရာယ်ကင်းစွာ ဖတ်ပြပါ —
-မွေးကင်းစကနေ အသက် နှစ်နှစ် အရွယ်မှာဆိုရင် ကလေးတွေရဲ့ ကြွက်သားလှုပ်ရှားမှုများ တိုးတက်လာပါပြီ။ ဥပမာ လက်ဆုပ်ကိုင်နိုင်လာတာမျိုးတို့၊ ကြိုးစားပြီး လမ်းလျှောက်နိုင်လာတာမျိုးတို့ပေါ့။ အဲဒီ့အတွက်ကလေးတွေကို (အထူးသဖြင့် မွေးစကနေ ခြောက်လ အတွင်း) ပျော့ပျောင်းတဲ့ စာအုပ်မျိုးတွေ၊ ကိုင်တွယ်လို့လွယ်ကူတဲ့ စာအုပ်မျိုးတွေကို ဝယ်ယူပေးသင့်ပါတယ်။ အဝတ်စ၊ ဖေ့ာ၊ သစ်သားစသည်တို့နဲ့ပြုလုပ်ထားတဲ့ စာအုပ်တွေကို ရွေးချယ်ပြီး ဖတ်ပြသင့်ပါတယ်။ အာရုံခံစားမှုများကနေတစ်ဆင့် သင်ယူမှုကို အလေးထားလုပ်ဆောင်တဲ့အရွယ်ဖြစ်တာကြောင့် တွေ့တဲ့ ပစ္စည်းတွေကို ပါးစပ်ထဲ ထည့်လေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် အဝတ်စတို့ဖော့တို့နဲ့ ပြုလုပ်ထားတဲ့ စာအုပ်လေးတွေက ကလေးတွေအတွက် ထိခိုက်ရှနာဖြစ်မှုတွေကနေ သက်သာစေမှာပါ။ နောက်ထပ်ဒီအရွယ်မှာ သင်ပေးလို့ရတာကတော့ စာအုပ်လှန်နည်း၊ စာအုပ်ကို ဘယ်ကနေ ညာကိုဖတ်ရတယ်ဆိုတဲ့ စာအုပ်သဘောတရားတွေကို သင်ပေးပါ။ ကလေးလက်ကိုကိုင်ပြီး စာအုပ်လှန်တာမျိုုး၊ ကလေးလက်ညှိုးလေးနဲ့ ကိုယ်သတိပြုစေချင်တဲ့အရာတွေကို ထောက်ပြတာမျိုးပြုလုပ်ပေးပါ။
၂) ဘာသာစကား သင်ယူမှု အထောက်ကူပြုအောင် ဖတ်ပြပါ —
မွေးကတည်းက အသက်နှစ်နှစ်အတွင်းမှာ (သုံးနှစ်အထိ) ဘာသာစကားဆိုင်ရာ ဉာဏ်ရည် အရမ်းဖွံ့ဖြိုးမှု အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ ဘာသာစကား အခြေခံ ဖွဲ့စည်းမှုတွေကို သင်ယူပြီး စကားလုံး၊ တစ်လုံးစ နှစ်လုံးစ ပြောခြင်း၊ ထပ်ဆင့် စကားလုံးများပြောခြင်းတွေကို ပြုလုပ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဇာတ်ကောင် တစ်ယောက်၊ သို့မဟုတ် နှစ်ယောက်လောက်သာ ပါသော စာအုပ်များကို ရွေးပြီး ဖတ်ပြဖို့လိုပါတယ်။ စာအုပ်ဖတ်ပြတဲ့အခါမှာ ကလေးကို သင်ယူစေချင်တဲ့ အရေးကြီးတယ်ထင်တဲ့ စကားလုံးတွေကို ထပ်ခါ ထပ်ခါ ထောက်ပြ ဖတ်ပြခြင်းလုပ်သင့်ပါတယ်။ ရုှပ်ထွေးတဲ့ စကားတွေထက် ရိုးရှင်းတဲ့ စကားလုံးတွေအသုံးပြုပြီး ဖတ်ပြပေးဖို့လိုပါတယ်။ ရုပ်ပုံများများ စာနည်းနည်း စာအုပ်တွေလည်း ရွေးချယ်ပြီး ဖတ်ပြပါ။ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်လည်း ဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်နေတဲ့အတွက် တတ်နိုင်ရင် ဖတ်ပြတဲ့အခါ ဘာသာစကား တစ်ခုထက် ပိုပြီး ဖတ်ပြသင့်ပါတယ်။ ကလေးရဲ့ ဘာသာစကား သင်ယူမှုကို အထောက်အကူ အများကြီး ပေးမှာဖြစ်ပါတယ်။
၃) ရင်းနှီးမှု တည်ဆောက်နိုင်အောင် ဖတ်ပြပါ —-
ဒီအရွယ်မှာ မိဘ၊အုပ်ထိန်းသူများနှင့် စတင်ပြီး ဆက်သွယ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ရှိလာပါတယ်။ ဒါကြောင့် ကလေးကို ရင်ခွင်ထဲမှာ ထည့်ပြီး စာဖတ်ပြတာမျိုး၊ အိပ်ခါနီး လက်မောင်းပေါ် ခေါင်းဦးခိုင်းပြီး ဖတ်ပြတာမျိုး၊ စာအုပ်အကြောင်း အပြန် အလှန် ပြောဆို ဆွေးနွေးကြတာမျိုးတွေ ပြုလုပ်ပေးခြင်းအားဖြင့် ထို ပြုလုပ်ပေးတဲ့ အုပ်ထိန်းသူနဲ့ ပိုပြီး ရင်းနှီးမှုကို ရနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် စာဖတ်ပြခြင်းအားဖြင့် ကလေးနဲ့ အုပ်ထိန်းသူအကြား ရင်းနှီးမှု ပိုပြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ စာဖတ်တဲ့အခါမှာ အချိန် တစ်ခုကို သတ်မှတ်ထားပြီး ဖတ်ပြဖို့ တိုက်တွန်းလိုပါတယ်။
၄) ကိုယ်ရည်ကိုယ်သွေး လက္ခဏာများ တိုးတက်အောင် ဖတ်ပြပါ —
မွေးစကနေ အသက် ၂နှစ် အတွင်းကနေ စပြီး ကလေးတွေရဲ့ ကိုယ်ရည် ကိုယ်သွေး၊ လက္ခဏာရပ်တွေ စတင် ဖွံ့ဖြိုးလာပါတယ်။ ပြီးတော့ ဒီအရွယ်ကလေးတွေက ကိုယ်တိုင် လုပ်လိုတဲ့စိတ် နဲ့ ကိုယ်တိုင်လုပ်ချင်တဲ့ အပြုအမူတွေတိုးတက်လာပါပြီ။ ကလေးက ဒီအချိန်ကနေစပြီး တစ်ကိုယ်တည်း ကိုယ်ပိုင်အတွေးတွေနဲ့ သီးသီးသန့် သန့် နေတတ်တာလား ဒါမှမဟုတ် အများနှင့် အတူတကွ လုပ်ကိုင်ရတာကို ကြိုက်တာလား စတဲ့ မတူညီသော ပုံစံတွေကို တွေ့ရမှာပါ။ သေချာတာကတော့ ကလေးအတွက် စာဖတ်တဲ့ ပုံစံအမျိုးမျိုးကို အချိန်ပေးလုပ်ဆောင်မှ ကလေးက ဘယ်အရာကို ပိုကြိုက်လဲဆိုတာ သိရမှာပေါ့။ ဒါကြောင့် စာဖတ်တဲ့အခါ ရွယ်တူကလေး ဒါမှမဟုတ် ကိုယ့်ကလေးနဲ့ အဆင်ပြေတဲ့ ကလေးတွေကို အတူတူ စာဖတ်ပြတာမျိုး၊ ကလေးတစ်ယောက်ထဲ စာအုပ်ဖတ်ဖို့စီစဉ်ပေးထားတာမျိုး၊ အရုပ်ကလေးတွေနဲ့ ပုံပြောစာဖတ်ပြတာမျိုး၊ စာအုပ်ပုံစံအမျိုးမျိုးကိုရွေးပြီး ဖတ်ပြတာမျိုးတွေပြုလုပ်ထားပေးဖို့လိုပါတယ်။ ကလေးအတွက် ဝယ်ထားတဲ့ စာအုပ်တွေကို သူလက်လှမ်းမှီမယ့် နေရာ၊ မြင်နိုင်တဲ့နေရာတွေမှာ ထားပေးသင့်ပါတယ်။
၅) စွမ်းရည်တွေအမြင့်ဆုံး တိုးတက်အောင် ဖတ်ပြပါ—-
မွေးစကနေ အသက် ၂နှစ် ၃နှစ်အရွယ်ကလေးတွေဟာ ဘာသာစကားသင်ယူနိုင်မှု စွမ်းရည် အပြင် အကြားစွမ်းရည်၊ အမြင်စွမ်းရည်၊ တုန့်ပြန်မှုစွမ်းရည်နဲ့ သဘောတရားတည်ဆောက်ခြင်း စွမ်းရည် စတာတွေ ဖွံ့ဖြိုးမှု အမြင့်ဆုံးမှာ ရောက်နေကြပါတယ်။ အသက် ၃နှစ်ကျော်နောက်ပိုင်းမှာ ဒီစွမ်းရည်တွေက ဖွံံ့ဖြိုးနေဆဲ ဖြစ်ပေမယ့် မွေးစကနေ အသက် ၂နှစ်ကျော်အတွင်း ဖွံ့ဖြိုးသလောက်တော့ မြန်မြန်ဖြစ်မှာမဟုတ်တဲ့အတွက် ကလေးတွေရဲ့ ပထမဆုံး ရက် ၁၀၀၀ (တစ်ထောင်)က အရမ်းအရေးကြီးပါတယ်။ ဒီလိုစွမ်းရည်တွေကို အထောက်ကူပြုဖို့ဆိုရင် ကလေးတွေကို အသံပုံစံအမျိုးမျိုးနဲ့စာဖတ်ပြပါ၊ ပုံပြင်ကို သီချင်းပုံစံ သံစဉ်လေးတွေနဲ့စာဖတ်ပြပါ။ စာဖတ်နေစဉ်မှာရော စာအုပ်ပြီးသွားတဲ့အခါမှာရော မေးခွန်းတွေ မေးပါ၊ ကလေးနဲ့ဆွေးနွေးပါ။ ကလေးကတော့ စကားပြန်ပြောချင်မှ ပြောပါလိမ့်မယ်၊ ကိုယ်ကမေးတာတစ်ခြား သူဖြေတာတစ်ခြားလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စာအုပ်၊ ဇာတ်လမ်း၊ ဇာတ်ကောင်နဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးတွေကို မေးပါ။
၆) စာဖတ်ခြင်းကို နှစ်သက်သွားအောင် ဖတ်ပြပါ —-
ဒါကတော့ အရေးကြီးဆုံးအချက်ပါ။ ကလေးတွေကို စာဖတ်ပြတဲ့အခါ စာတတ်စေချင်လွန်းတဲ့ အုပ်ထိန်းသူတွေက စာဖတ်ရင်း စာသင်ကြပါတယ်။ စာအုပ်စာပေကပေးတဲ့ ရသကို မပြနိုင်ဘဲ စာအုပ်ဟာ စိတ်ဖိစီးစရာဖြစ်တယ်လို့ မှတ်ယူသွားတဲ့ကလေးတွေဟာ စာဖတ်ခြင်းကို အလုပ်တစ်ခုလို့သတ်မှတ်ပြီး စာဖတ်ခြင်းအလုပ်ကိုရှောင်ကြပါတယ်။ စာအုပ်စာပေရဲ့ ရသကို ပေါ်အောင် ဖတ်ပြနိုင်ရင်၊ ကလေးတွေက စာဖတ်ရတာဟာ အနားယူခြင်းတစ်မျိုး၊ ပျော်စရာကစားနည်းတစ်မျိုးအဖြစ် မှတ်ယူပြီး တိုက်တွန်းစရာ မလိုအောင် ကြီးတဲ့အထိ စာဖတ်ကြပါလိမ့်မယ်။ ကလေးတွေစာဖတ်တာကို နှစ်သက်အောင် ကလေးတွေကို အသက်နဲ့မမျှအောင် စာလုံးပေါင်းသတ်ပုံတွေ သင်တာမျိုးရှောင်ပါ၊ အသံနေအသံထားအမျိုးမျိုးနဲ့ စာဖတ်ပြပါ။ သင်ထောက်ကူပစ္စည်းလေးတွေသုံးပါ (ဥပမာ၊ လက်ထိုးရုပ်)။ ပုံမှန်ဖတ်ပေးပါ (တစ်လ တစ်ခါလောက်ဖတ်ပြတာမျိုးမလုပ်ပါနဲ့)။ စာအုပ်မှာ ပါတဲ့အကြောင်းအရာတွေကို ပြန်ဆွေးနွေးတာမျိုး၊ စာအုပ်ထဲမှာပါတဲ့ အရာတွေမြင်တွေ့လို့ရအောင် လိုက်ပြတာမျိုး၊ စာအုပ်ထဲက လုပ်ငန်းတွေလိုက်လုပ်ကြတာမျိုး၊ စာအုပ်မှာပါတဲ့ ဇာတ်ကောင်အရုပ်လေးတွေ တူတူလုပ်ကြတာမျိုးလေးတွေက စာအုပ်ကိုချစ်မြတ်နိုးစေဖို့ အထောက်ကူပြုမှာပါ။
ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးမှုအဆင့်၊ သင်ယူမှု ပုံစံ စတာတွေ မတူညီတတ်ပါဘူး။ သတ်မှတ်ထားတဲ့ ကာလတစ်ခု ထက် နောက်ကျတာမျိုးရှိသလို၊ မှန်းထားတာထက် စောပြီးတော့လည်း ဖွံ့ဖြိုးမှုပုံစံတွေကို ပြကြပါတယ်။ အဲဒီ့လိုပဲ သူတို့ ကြိုက်နှစ်သက်တဲ့ သင်ယူမှု ပုံစံ၊ သင်ပေးတဲ့ပုံစံတွေဟာ ကလေးတစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ ေ
ကျွန်မဖေါ်ပြထားတဲ့ စွမ်းရည်နဲ့ ဖွံ့ဖြိုးမှုတွေ အပြင်အခြားအရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးလို့ ထင်မြင်မိတာတွေကို ရွေးထုတ်ဖေါ်ပြထားပါတယ်။
မေတ္တာဖြင့်…
Sayarma- ဆရာမ
မှတ်ချက် ။ ။ဒီအရွယ် ကလေးတွေနဲ့ ကိုက်ညီမယ့် အဝတ်နဲ့ပြုလုပ်ထားတဲ့ စာအုပ် အစရှိတဲ့ စာအုပ်မျိုးတွေကို 88 Toys Store Educational Toys Showroomမှာ ဝယ်ယူနိုင်တယ်လို့သိရပါတယ်။ ပြီးတော့Third Story Project က ထုတ်ဝေတဲ့Third Story Children Booksစာအုပ်တွေကိုလည်း အသုံးပြုပြီး ဖတ်ပြလို့ရပါတယ်။
ဓါတ်ပုံကတော့ ကျွန်မတူလေးကို ညီမလေးက စာဖတ်ပြနေတဲ့ပုံပါ။