လူတွေဟာ သူတို့အတွေးနဲ့သူတို့ ချီးမွမ်းချင်ချီးမွမ်းမယ်၊ ကဲ့ရဲ့ချင်ကဲ့ရဲ့မယ်။ တစ်ခါတလေ ချီးမွမ်းစရာ မဟုတ်တာကိုလည်း ချီးမွမ်းတတ်တယ်။ ကဲ့ရဲ့စရာမဟုတ်တာကိုလည်း ကဲ့ရဲ့တတ်တယ်။ တစ်ခါတလေ စိတ်ထဲက မပါ ပါးစပ်ဖျားက ချီးမွမ်းတတ်တယ်။ အဲ့ဒါကြောင့် ကိုယ်ကလိုက်ပြီး စိတ်လှုပ်ရှားခံစားနေရင် ကိုယ်ဟာ တော်တော် “စိတ်ဓာတ်” မခိုင်မာတဲ့သူဖြစ်နေမှာပေါ့။

ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို ဘယ်လိုမှသဘောမထားဘဲနဲ့ ကိုယ်ဟာစိတ်တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ ကိုယ်လုပ်သင့်တဲ့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်မှသာ “စိတ်ဓာတ်” ရင့်ကျက်သူလို့ ခေါ်နိုင်ပါတယ်။ အခြားသူတွေ ဝေဖန် ကဲ့ရဲ့တိုင်း ကိုယ်ကလိုက်ခံစားပြီး စိတ်ဆင်းရဲမယ်ဆိုရင် သူတို့နှိပ်စက်တာကို ကိုယ်က ခံနေရသလို ဖြစ်သွားမယ်လေနော်။

လူတွေကိုတော့လေးစားပါ။ ဒါပေမယ့် သူတို့ဝေဖန်တာတွေကိုတော့ သိပ်ဂရုမစိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ လူတွေရဲ့ဝေဖန်ချက်တွေဟာ တဖက်သတ်ဖြစ်နေတာများတယ်လေနော်။ တကယ်အမှန်အကန် မြင့်မြတ်တဲ့ အသိ ဉာဏ်နဲ့ကြည့်ပြီး မျှမျှတတ ဝေဖန်နိုင်တဲ့သူဟာ ဒီလောကမှာ အင်မတန်ရှားပါတယ်။ သူတို့တန်ဖိုးထားမှ ငါဟာ တန်ဖိုးရှိတယ်လို့ ယူဆထားရင် အဲ့ဒီလိုယူဆမှုဟာ ကိုယ့်တန်ဖိုးကို သူတို့လက်ထဲထည့်ပြီး ကိုယ့်ကို သူတို့က တန်ဖိုးဖြတ်ပေးနေတာဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်မတစ်ခုပြောချင်တာက “ရိုးသားမှု”ကို လူတိုင်းကြိုက်တယ်။ ဒါပေါ့ ကျွန်မလည်း အရမ်း ကြိုက်တယ်။ ကိုယ့်ကို အခြားတစ်ယောက်က အရမ်း “ရိုးသား” တာပဲလို့ပြောရင်အင်မတန်ပျော်ရွှင်သလို အခြား သူကိုလည်း “ရိုးသား” လိုက်တာလို့ ပြောရရင် အရမ်းပျော်တယ်။ ဒါပေမယ့် တစ်ခုသေချာတာက နေရာတိုင်း အခြေအနေတိုင်းမှာ ကျွန်မတို့အားလုံး တစ်ရာ ရာခိုင်နှုန်း မရိုးသားနိုင်ကြဘူး။ ကိုယ့်ကိုယ်တိုင်တောင် “မရိုးသား” နိုင်တာ ကျွန်မတို့ လူသားတွေက အခြားသူတွေဆီက “ရိုးသားမှု” ကို ဘာလို့ မတရားလိုချင်နေကြတာလဲ။ စာဖတ်သူတို့ သေချာလေး စဉ်းစားပေးပါနော်။

စိတ်နေသဘောထား မြင့်မြတ်လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထားကြီးတဲ့သူဟာ သူများလုပ်တာလွဲမှား တာကိုမြင်ရတဲ့အခါ အဲဒီအလုပ်ကိုပဲ လွဲကြောင်း၊ မှားကြောင်းနဲ့ ဘယ်လိုလုပ်ရင် ကောင်းတဲ့ အကြောင်းကို ပြောတယ်။ စိတ်နေသဘောထား မလေးနက်တဲ့သူ၊ မရင့်ကျက်တဲ့သူ၊ သဘောထားသေးတဲ့သူဟာ သူများလုပ်တာလွဲမှားတာကို မြင်ရတဲ့အခါ အလုပ်ကိုဝေဖန်ပြီး မပြောဘဲ – လုပ်တဲ့သူမကောင်းကြောင်း ပုဂ္ဂိုလ်ကို ဦးတည်ပြီး ပုဂ္ဂိုလ်ရေးရှုံ့ချတဲ့ စကားမျိုးပြောတတ်တယ်။

သူများမှာရှိနေတဲ့ ကောင်းတဲ့ဂုဏ်ကို ကိုယ်က တန်ဖိုးမထားနိုင်ရင်၊ အသိအမှတ်မပြုနိုင်ရင် အဲဒီလိုဂုဏ်မျိုး အဲဒီလို အရည်အချင်းမျိုး ကိုယ့်မှာ မရနိုင်ဘူး။ ကိုယ့်လမ်းကို ကိုယ်ပိတ်လိုက်တာပဲ။ ကိုယ့်မှာကောင်းတဲ့ဂုဏ်၊ ကောင်းတဲ့ အရည်အချင်းတွေ များများလိုချင်ရင် သူများရဲ့ ကောင်းတဲ့ဂုဏ်၊ ကောင်းတဲ့အရည်အချင်းတွေကို များများမြင် အောင်ကြည့်ပြီး စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ရိုးရိုးသားသား အသိအမှတ်ပြု ချီးမွမ်းပါ။ “မြင့်မြတ်တဲ့ပုဂ္ဂိုလ်” ဂုဏ်ကို အာရုံပြုတာများရင် ကိုယ်ကိုယ်တိုင်လည်း မြင့်မြတ်တဲ့သူ ဖြစ်ချင်လာတယ်၊ ဖြစ်ချင်လာတော့ ကြိုးစားတယ် အဲ့တော့ ကိုယ်လည်း မြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်လာတယ်။

ဉပမာအနေနဲ့ ဗုဒ္ဓဘာသာမှာရှိတဲ့ အရှင်သာတိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်နဲ့ မာရ်နတ်တို့အကြောင်းလေးပါ။ အရှင်သာတိပုတ္တရာဟာဆိုရင် ပညာကိုအင်မတန်မှ တန်ဖိုးထားတယ်။ မြတ်စွာဘုရားမှာရှိတဲ့ပညာကိုလည်း ဖြူစင်ရိုးသာစွာ အင်မတန်မှ ကြည်ညိုလေးစားတယ်။ ကြည်ညိုလေးစားသည့်အလျောက် ထိုပညာဂုဏ်ကို ရအောင် လေ့လာလေ့ကျင့်ယူတယ်။ ထိုနည်းအတူ အရှင်မဟာမောဂ္ဂလာန်သည်လည်း တန်ခိုးဂုဏ်ကို လေးစားသော ကြောင့်တန်ခိုးအရာမှာ ဘုရားမှတစ်ပါး ဘယ်သူမှမရှိတဲ့ တန်ခိုးဂုဏ်ကြီးမြတ်လှတယ်။ အားလုံးသိတဲ့အတိုင်း မာရ်နတ်သည်လည်း လူတော်တစ်ယောက်ဖြစ်ပါတယ်။ သို့ပေမယ့် သူသည် မကောင်းမှုကိုသာ ပျော်မွေ့ပြီး မကောင်းတဲ့လုပ်ရပ်တွေနဲ့ ကျော်ကြားတဲ့ ဂုဏ်အရည်အချင်းသာကျန်ခဲ့သည်။

ကိုယ်ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်နိုင်စွမ်းရှိတဲ့သူဟာ လောကမှာ တစ်ယောက်ပဲရှိတယ်။ အဲဒါ ကိုယ်ပဲ။ တန်ဖိုးရှိတဲ့ မြင်မြတ်တဲ့အလုပ်ကိုလုပ်နေတဲ့သူတွေဟာ နေ့စဉ်မလွဲသာ၊  မရှောင်သာတွေ့ရတတ်တဲ့ အဆင်မပြေမှု လေးတွေကို ဂရုမစိုက်ဘူး၊ မတုန့်ပြန်ဘူး။ သူ့မှာအဲဒါတွေအတွက် အချိန်နဲ့အင်အားကို မပေးနိုင်ဘူး။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ရဲ့ဂုဏ်ကို အာရုံပြုတာများရင် ကိုယ်ကိုယ်တိုင် မြင့်မြတ်တဲ့သူ ဖြစ်ချင်လာတယ်။ စာဖတ်သူတို့လည်း မြင့်မြတ်သူတို့လမ်းစဉ်အတိုင်း မြင့်မြတ်တဲ့သူများဖြစ်ကြပါစေ။

စာရေးသူ-ဆရာမခင်ခင်

မေတ္တာဖြင့်…

Saya-ဆာယာ