ကျွန်မတို့ငယ်ငယ်က စာသင်ခန်းထဲမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် “မေးခွန်း” ဆိုသောအရာကို သိလိုက်တာနဲ့ ကြောက်စိတ်၊ လန့်စိတ်တွေဝင်လာတယ်။ ဘာတွေမေးမှာလဲ၊ ဘာတွေလုပ်မိလို့လဲဆိုတဲ့ အတွေးတွေဝင်လာတယ်။ ဘာ့ကြောင့်လဲလို့ပြန်စဉ်းစားလိုက်တဲ့အခါ ဆရာ/မိဘတွေက မေးခွန်းမေးခွင့်တွေ၊ ရှင်းပြခွင့်တွေမပေးခဲ့လို့ပါ။ ပြောတာကိုနားထောင်၊ ပြောတဲ့အတိုင်းလုပ်၊ ပြန်မမေးနဲ့ဆိုတဲ့ အပိတ်မေးခွန်းတွေနဲ့ ချုပ်နှောင်ခဲ့လို့ပါ။ သိချင်တာလေးမေးမယ်ဆိုရင်လည်း “ကလေးနေရာမနေဘူး လူကြီးတွေနားမလာနဲ့” ဆိုပြီး ဟန့်တားခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့တွေကြီးလာတဲ့အခါ မေးရမှာကို ကြောက်လာတယ်၊ ရှက်လာတယ်၊ စိုးရိမ်စိတ်တွေဝင်လာတယ်။ နောက်ဆုံးပေါင်းသင်းဆက်ဆံရေးပါနည်းလာပြီး လူတောမဝင်ဖြစ်လာကြပါတယ်။ အခုခေတ်ကလေးငယ်လေးတွေက ကျွန်မတို့ထက် သိပ်တော်တယ်၊ စူးစမ်းလိုစိတ်ရှိတယ်၊ မေးခွန်းတွေမေးတတ်ကြတယ်။
ကျွန်မအတွေ့ကြုံတစ်ခုပြောရရင် သပိတ်ကျင်းနယ်ကကျောင်းတစ်ကျောင်းကို အလည်ရောက်ခဲ့ပြီး ဆရာတစ်ယောက်က ကျွန်မကို စာတစ်ချိန်စာဝင်သင်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကလေးတွေကကျွန်မကို ဆရာမသမိုင်းသင်ပေးပါလို့ ပြောခဲ့တယ်၊ ကျွန်မလည်း သင်မယ့်ခေါင်းစဉ်ကို မပြောဘဲ မဏိစန္ဒာသီချင်းလေးနဲ့ စပြီး ဘာခေါင်းစဉ်သင်မယ်ထင်လဲလို့မေးလိုက်တဲ့အခါ အနော်ရထာ၊ ကျန်စစ်သား၊ ပုဂံမြို့စသည်ဖြင့် ခေါင်းစဉ်တွေထွက်လာခဲ့ပါတယ်။ အကျဉ်းချုပ်အနေဖြင့်ပြောရရင် ကျန်စစ်သားအကြောင်းကို သင်ပြီးတဲ့အခါကျတော့ ဆရာမကိုဘာတွေမေးချင်လဲ၊ နားမလည်တဲ့အကြောင်းအရာတွေမေးလို့ရတယ်လို့ မေးခွင့်ပေးလိုက်ပါတယ်။ အတန်းထဲက ကလေးတစ်ယာက် လက်ထောင်ပြီး “ဆရာမ၊ ကျွန်တော်စဉ်းစားနေတာ ကျန်စစ်သားကိုင်တဲ့ အရိန္ဒမာလှံ ဘယ်ရောက်သွားလဲ။ ဘယ်မှာရှိနိုင်လဲ။ ကျွန်တော်တို့ကြည့်လို့ မရနိုင်ဘူးလား။” တဲ့။ ကလေးမေးလိုက်တဲ့မေးခွန်းကို ကျွန်မချက်ချင်းပြန်မဖြေဘဲ “သူငယ်ချင်းးရဲ့ မေးခွန်းကို ဘယ်သူဖြေနိုင်လဲ၊ ဘယ်ရောက်နေတယ်ထင်လဲ” လို့ ကျွန်မက ကလေးတွေကို ပြန်မေးခဲ့ပါတယ်။ နောက်ထပ်ကလေးတစ်ယောက်ကပဲ လက်ခံနိုင်အောင်ဖြေပေးနိုင်ခဲ့ပါတယ်။ ဆရာမ “ကျွန်တော့်အထင်ကတော့ ရှေးဟောင်းပစ္စည်းတွေစုစည်းထားတဲ့နေရာ ရှေးဟောင်းသုတေသနရုံးမှာ ရှိနိုင်တယ်”လို့ကလေးက ဖြေခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ အဖြေကိုကြည့်ခြင်းအားဖြင့် ကလေးတွေကမေးခွန်းမေးတတ်ကြတယ်၊ ကလေးတွေမေးတဲ့ မေးခွန်းတွေကလည်း စဉ်းစားတွေးခေါ်မှုပါတဲ့မေးခွန်းဖြစ်ပြီး၊ ဖြေတဲ့အဖြေဟာလည်း ယုတ္တိကျတဲ့ အဖြေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ ဒါကြောင့် လူကြီးတစ်ယောက်အနေနဲ့ လက်ခံပေးလို့ရတယ်ဆိုတာကို မြင်စေချင်ပါတယ်။
အဓိကကျွန်မပြောချင်တဲ့အကြောင်းအရာကတော့ ကလေးတွေရဲ့ သင်ယူမှု ၊ စူးစမ်းလိုမှု၊ မေးခွန်းမေးမှုတွေကို အပိတ်မေးခွန်းတွေနဲ့ နှုတ်မပိတ်ပစ်ဖို့ပါပဲ။ ဆရာ/မ မိဘတို့အနေဖြင့် ကလေးတွေမေးတဲ့မေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် ကိုယ်ဘာတွေလေ့လာထားရမယ်၊ ဘယ်လိုစာအုပ်တွေဖတ်သင့်တယ်ဆိုတာကို ကလေးကလမ်းညွှန်ပေးခြင်းဖြစ်ပါတယ်။ ကလေးတွေရဲ့သင်ယူမှုတွေ ရပ်တန့်မသွားအောင် စဉ်းစားတွေးခေါ်မှုပါတဲ့ အဖွင့်မေးခွန်းတွေများများမေးပြီး ကလေးတွေကို မေးခွန်းမေးခွင့်ပြုလိုက်ပါရှင်………။
စာရေးသူ – ဆရာမြင့်မြင့်စန်း
မေတ္တာဖြင့်…
Saya-ဆာ