ဒီအကြောင်းကိုပြောတော့ မန်းလေးလူရွှင်တော်ကြီး တစ်ဦးဖြစ်တဲ့ ဦးထင်ပေါ်က ဆိုင်းနောက်ထလုပ်ရင်းနဲ့ လက်ရေတပြင်တည်း သီချင်းလေးဆိုပြီး ရှေးခေတ်ကတည်းက ဒေါင်းလန်းကြီးတစ်ခုနဲ့ မိသားစုအားလုံး စားကြတာကို နန်းတော်ရှေ့ဆရာတင်က ဒီသီချင်းကိုရေးပြီး မိသားစုစည်းလုံးမှုအကြောင်းလေးကိုပြောပြလာတော့ ဒီစာလေးကိုပိုရေးချင်မိလာပါတယ်။ ကျနော်တို့ အညာမှာတော့ မိသားစုထမင်းဝိုင်းဆိုတာ ခုချိန်ထိရှိနေကြသေးသလို ချစ်စရာဓလေ့တစ်ခုလည်း ဖြစ်နေကြဆဲပါပဲ။

ဒီအကြောင်းလေးကို ရေးချင်နေမိတာအတော်ကို ကြာခဲ့ပါပြီ။ ကျနော်ကိုယ်တိုင်ကလည်း အညာမှာ၊တောမှာမွေး ခဲ့သူဖြစ်ခဲ့လေတော့ ငယ်စဉ်ကာလ အိမ်မှာမိသားစုနဲ့ အတူနေရတုံး အဖေနဲ့အမေက မိသားစုထဲမှာ သီးသန့်ချမှတ်ထားတာ မဟုတ်ပဲ အလိုအလျောက် မိသားစုအားလုံးလိုက်နာရတဲ့ စည်းကမ်းတစ်ခုရှိပါတယ်။ မိသားစု အားလုံး အဝေးကို ခရီးလွန်နေတာကမှအပ ရွာမှာရှိနေရင် လူစုံအောင်စောင့်ပြီးမှ ထမင်းစားလေ့ရှိပါတယ်။ ထမင်းစားဖို့ အချိန်ကျနေရင် တစ်ယောက်ယောက်များ အိမ်လည်နေမိရင် အိမ်ကနေ အသံကျယ်ကျယ်နဲ့အော်ခေါပြီး ရောက်ရာအရပ်ကနေအိမ်ကို ပြန်ပြီး ထမင်းစားရလေ့ရှိပါတယ်။ တကယ်တော့ ဒီလိုမိသားစုထမင်းဝိုင်းဆိုတာ ကျနော်တို့မိသားစုမှ မဟုတ်ပါဘူး ရွာက မိသားစုအတော်များများ ကလည်း ဒီလိုပါပဲ။

မိသားစုထမင်းဝိုင်းဆိုတာ မိသားစုတစ်စုရဲ့ စည်းလုံးမှု ညီညွတ်မှုကိုလည်း ပြသရာရောက်တယ်လို့ ဆိုကြတာကိုလည်း လေ့လာမှတ်သားခဲ့ရဖူးပါတယ်။ ဒီစာကိုရေးရတာလည်း ဒီအချက်ကိုပြောချင်လို့ပါ။ တကယ်တော့မိသားစုထမင်းဝိုင်းဆိုတာ အလွန်ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။ လက်ရေတပြင်တည်း သီချင်းလိုပါပဲ မိသားစုထမင်းဝိုင်းကနေပြီး သားသမီးတွေအတွက် အကောင်းဆုံးသော သင်ပြမှုတွေပေးသလို၊ မိသားစုအစည်းအဝေးတစ်ခုကနေပြီး စည်းလုံးညီညွတ်မှုကို ပြသနေရာလည်း ရောက်ပါတယ်။

မိသားစုကို ဘယ်လိုသင်တန်းပေးတာလည်းဆိုရင် လူတောသူတော၊ လူကြားသူကြားမှာ စားတတ်သောက်တတ် နေတတ်ထိုင်တတ်အောင်၊ ထမင်းစားတဲ့အခါ ဝက်တစ်ကောင်လို စပ်စပ်(ပျက်ပျက်) အသံမထွက်ရဘူး၊ လက်ဆစ်ထက်ကို ထမင်းတွေ ပေကျံနေအောင်မစားသင့်ဘူး လူမြင်မသင့်တော်လို့ ထမင်းစေ့တွေ စားပွဲပေါ် ပျံ့ကြဲမနေသင့်ဘူး စတာတွေကို သင်ပြပေးလို့ တကယ်လူမှုအဖွဲ့အစည်းမှာနေထိုင်တဲ့အခါ စနစ်တကျစားတတ် သောက်တတ်၊နေတတ်လာကြပါတယ်။

မိသားစုအစည်းအဝေးဆိုတာကတော့ မိသားစုထဲမှာ တစ်နေ့တာလုပ်ငန်းတွေ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်တွေကို မိသားစုထမင်းဝိုင်းမှာ ပြောကြဆိုကြ ပုံစံတကျမဟုတ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေက မိသားစုအားလုံးကို စည်းလုံးညီညွတ်မှုကိုဖြစ်စေပြီး တစ်ယောက် တစ်ပေါက် ဖြစ်တာကို နည်းပါးစေပါတယ်။ အဖေ၊အမေနဲ့ အကိုကြီး၊အမကြီးတို့ရဲ့ ဆုံးမစကားတွေကိုလည်း မိသားစုထမင်းဝိုင်းကနေကြားသိခွင့် ရရှိစေပါတယ်။

တစ်ချို့ကတော့ပြောတတ်ကြတယ် မိသားစုထကမင်းဝိုင်းဆိုတာ ဟင်းနည်းလို့ မျှစားရလို့ လို့ပြောကြတာတွေလည်း ကြားရတယ်။ တကယ်တော့ ဒီစကားက ကန့်လန့်တိုက်စကားလို့ ပြောရမယ်လို့ ထင်ပါတယ်။ တကယ်တော့ ဟင်းနည်းတယ်ပဲထားဦး မိသားစုစုံစုံလင်လင်နဲ့ စားရတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်မျှဝေခြင်းဆိုတဲ့စိတ်၊ အကြီးနဲ့အငယ်ကြားမှာ ညှာတာတတ်တဲ့စိတ်တွေကို ဖြစ်စေပြီး၊ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကို ဖြစ်ပွားစေမှု နည်းစေတယ်လို့မြင်မိပါတယ်။

လူရွင်တော်ကြီး ဦးထင်ပေါ်က တဆက်တည်းပြောသွားတာက ဒီဘက်ခေတ်မှာတော့ မိသားစုထမင်းဝိုင်းစုံဖို့ ဆိုတာအတော် ခက်ခဲသွားကြပြီတဲ့။ ဘာလို့လည်းဆို သားကြီးရေ ထမင်းစားရအောင်ဆို သူငယ်ချင်းတွေနဲ့ ဆိုင်မှာ ချိန်းထားလို့၊ သမီးကလည်း ဈေးထဲက မုန့်တီသုတ်လေးစားခဲ့လို့ စတာတွေနဲ့ဆုံဖို့ ခက်ခဲကုန်ကြပါတယ်။

မိသားစုထမင်းဝိုင်းဆိုတာ မိသားစုတွေကြားမှာ စည်းလုံးမှု၊ ညီညွတ်မှု ချစ်ခင်မှုကို ပြသရာရောက်တာမို့ မိသားစု ထမင်းဝိုင်းလေးတွေကတစ်ဆင့် သားသမီးတွေအတွက် အကောင်းဆုံးသော လမ်းညွန်မှုကိုလည်းပေးနိုင်ရာ ရောက်စေပါတယ်။ မိသားစုထမင်းဝိုင်းကနေပြီး စည်းလုံးသော မိသားစုများကို ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်…

စာရေးသူ – ဆရာမျိုးဆွေသန့်

မေတ္တာဖြင့်…

Saya-ဆာယာ