“အကြံပြုချက်ပေးခြင်း” ဆိုတာ အပြုအမူတွေ၊ တိုးတက်မှုတွေ ပြန်လည်သုံးသပ်ဖို့အပြင်  မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုမိုတိုးတက်လာအောင်၊ အလုပ်ကို တက်ကြွစွာ လုပ်ဆောင်နိုင်အောင်၊ တစ်ဦးနှင့်တစ်ဦး တန်ဖိုးထား ဂရုစိုက်ကြောင်းကို သိရှိဖို့အတွက်  ရည်ရွယ်ပြီး အကြုံပြုချက်တွေကို ပေးကြပါတယ်။ အဲမှာ အချို့က အကြုံပြုချက်ပေးတာကို နှစ်သက်တဲ့သူတွေရှိသလို အကြုံပြုချက်ပေးတာကို မနှစ်သက် (သို့) လက်မခံတဲ့သူတွေလည်း ရှိကြပါတယ်။ အခုဆောင်းပါးမှာတော့ အလုပ်တစ်ခု (သို့) သင်ယူမှုတစ်ခုကို ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ အကြံပြုချက်တွေ ဘယ်လိုပေးသင့်သလဲဆိုတာ မျှဝေသွားမှာ ဖြစ်ပါတယ်။ 

အကြုံပြုချက် (သို့) သုံးသပ်ချက်တွေပေးရာမှာ လက်ခံသူရဲ့ အခြေအနေ၊ အနေအထားနဲ့ ပေးရတဲ့အကြောင်းအရင်းတွေအပေါ် မူတည်ပြီးတော့ အကြံပြုချက် အတိမ် အနက်လည်း ကွာခြားကြပါတယ်။ အကြုံပြုချက်ပေးဖို့ လိုလားတဲ့သူတွေဆိုရင် ပိုမိုတိကျတဲ့ အကြုံပြုချက်တွေ၊ ပွင့်လင်းတဲ့ စကားအသုံးအနှုန်းတွေ၊ အားသာချက်တွေ၊ တိုးတက်ရန်လိုသေးတဲ့အကြောင်းအရာတွေကို ထည့်သွင်း အကြုံပြုချက်‌ပေးကြပါတယ်။

ဒါပေမယ့် အချို့သူတွေကတော့ အကြုံပြုချက်ပေးတာ သုံးသပ်ချက်ပေးတာတွေကို လက်မခံနိုင်တဲ့သူတွေလည်း ရှိကြပါတယ်။ အဲဒါကတော့ အချို့က ရှေးရိုးစွဲ ခံယူချက်အရ အကြုံပြုချက်‌ေပးကြတာ (သို့) သုံးသပ်ချက်ပေးကြတယ်ဆိုတာ အလုပ်တစ်ခုကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခဲ့လို့ ပေးတာလို့ ထင်ကြတဲ့သူတွေရှိနိုင်သလို အချို့ကကြတော့ သိပြီးသား တတ်ပြီးသားဆိုပြီး ပညာမာန်တက်တဲ့သူတွေဆိုရင်လည်း သုံးသပ်ချက်ပေးတာ မကြိုက်ကြပါဘူး။ အဲဒါအပြင် တချို့သူတွေက သူတို့ထက်ငယ်တဲ့သူတွေ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပေးရင်လည်း “သူက ဘာပိုသိလို့ပေးတာလဲ”  ဆိုပြီး သူတို့အထက် ရာထူးမကြီးရင် လက်မခံတတ်ကြပါဘူး။ အချို့ကကျတော့ အကြံပြုချက်ပေးတဲ့သူတွေရဲ့ ပုံစံမကျမှုတွေကြောင့် သုံးသပ်ချက်တွေက သူတို့အတွက် အထောက်အပံ့မဖြစ်စေဘဲ သူတို့ရဲ့ ရှိရင်းစွဲ အရည်အချင်းတွေကို လျော့သွားစေတယ်လို့ ခံစားရတာကြောင့် အကြံပြုချက်ပေးတာကို လက်မခံတဲ့သူတွေ ရှိကြပါတယ်။

အဲလိုမျိုး အကြုံပြုချက်ပေးတာကို လိုလားတဲ့သူတွေနဲ့ မလိုလားတဲ့သူတွေကြားမှာ အကြံပြုချက်ပေးမယ့်သူရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပေးလိုက်တဲ့အကြံပြုချက်(သို့) သုံးသပ်ချက်ကြောင့် အခြားသူအတွက် အထောက်အပံ့မဖြစ်စေဘဲ အဆိုးမြင်သွားနိုင်ပြီး ယုံကြည်မှုတွေ လျော့သွားခြင်းများလည်း ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် အကြံပြုချက်ပေးမယ့်သူအနေနဲ့ အရေးကြီးဆုံး သိထားသင့်တာက မိမိပေးမယ့် အကြုံပြုချက်က “အပြုသဘောဆောင်သော အကြုံပြုချက်”ဖြစ်ဖို့ပါ။ အပြုသဘောဆောင်တဲ့ အကြုံပြချက်တွေ ဘာကြောင့် ဖြစ်ဖို့လိုသလဲဆိုတော့ အလုပ်ထဲမှာ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြား သဟဇာတဖြစ်အောင် ချိတ်ဆက်ပေးနိုင်ခြင်း၊ လူတစ်ဦးချင်းစီ၏ အရည်အချင်းတွေ အပြုအမူတွေ အရည်အသွေး ပြည့်မှီလာနိုင်စေခြင်း အပြင် မတူကွဲပြားတဲ့ ထင်မြင်ယူဆချက်တွေအပေါ် နားလည်တတ်စေရန်ဖြစ်ပါတယ်။ 

 အဲတော့ အပြုသဘောဆောင်တဲ့ အကြုံပြုချက်(constructive feedback) တွေ ပေးတော့မယ်ဆိုရင် သိထားသင့်တဲ့အကြောင်းအရာတွေကတော့ –

***မိမိအကြုံပြုချက် လက်ခံမယ့်သူအနေနဲ့ အဆင်သင့်အနေအထား ဖြစ်/မဖြစ် သိဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နေတဲ့အနေအထားမှသာ အကြံပြုချက်ကို ထိရောက်စွာ ပေးနိုင်မှာဖြစ်ပါတယ်။ 

***အကြုံပြုချက်ပေးရတဲ့အကြောင်းအရင်းကို ရှင်းပြပေးခြင်း ဖြစ်ပါတယ်။ အကြုံပြုချက်ပေးရတဲ့အကြောင်းအရင်းကို အကြံပြုချက်လက်ခံမယ့်သူအနေနဲ့ သိရှိထားမှသာ လက်ခံတဲ့အခါ နားလည်မှုမလွဲခြင်း၊ ဘယ်လိုအရာတွေ လေ့လာသင်ယူရမယ်၊ မှတ်ထားရမယ်ဆိုတာအပြင် အကြံပြုချက်ပေးရခြင်း လုပ်ငန်းစဉ်ကိုပါ နားလည်လာပြီး မိမိအနေနဲ့ အခြားသူများအပေါ် ပေးရတဲ့အခါတွင် လုပ်ငန်းစဉ်အကြောင်း နားလည်မှာဖြစ်ပါတယ်။ 

***အကြံပြုချက်လက်ခံမယ့်သူအား ဘယ်လိုအရာတွေပေးစေချင်ကြောင်းကို အရင်ဖော်ထုတ်သင့်ပါတယ်။ ဒီလိုမျိုးအရင်မေးထားမှသာ မိမိအကြံပြုချက်ပေးတဲ့အကြောင်းအရာတွေနဲ့ လက်ခံသူ လိုချင်တဲ့အကြံပြုချက်တွေ ကိုက်ညီမှာဖြစ်ပါတယ်။ 

***အရေးကြီးဆုံးထဲက တစ်ခုက အကြံပြုချက်ပေးတဲ့အခါ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ လုပ်ငန်းတွေ (သို့) အောင်မြင်မှုတွေကို အများရှေ့မှာ သုံးသပ်ချက်ပေးဖို့ ဖြစ်ပါတယ်။ ထို့အပြင် တိုးတတ်ဖွံ့ဖြိုးရန် လိုအပ်နေသေးတဲ့ အကြံပြုချက်တွေကို သီးသန့်တွေ့ဆုံရာတွင် ပေးနိုင်ပါတယ်။

***အကြုံပြုချက်ပေးပြီးတဲ့အခါမှာ အကြုံပြုချက်တွေအပေါ် သဘောတူသလား၊  ဖြည့်စွက် ဆွေးနွေးချင်တာလေး‌ေတွရှိသလား စသဖြင့်‌ မေးခွန်းတွေမေးပြီး ဆွေးနွေးခွင့်ပေးရမယ်။ အကြံပြုချက်များက ထိရောက်မှု ရှိ/မရှိနဲ့ ဘယ်လို ပါဝင် ကူညီပံ့ပိုးပေးနိုင်ကြောင်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ 

အကြံပြုချက်ပေးရာမှာ သတိထားရမယ့်အရာတွေက – အပြုသဘောမဆောင်တဲ့ စကားအသုံးအနှုန်းတွေ၊ အမူအရာတွေ အပြင် Negative feedback တွေကို အီးမေးလ် (သို့) မက်ဆင်ဂျာတွေမှ ပို့ပေးပြီး အကြုံပြုချက်ပေးခြင်းကို ရှောင်ကြဉ်ဖို့လိုပါတယ်။

အဲဒါကြောင့် အလုပ်မှာဘဲဖြစ်ဖြစ် အချင်းချင်းဘဲဖြစ်ဖြစ် အကြုံပြုချက်ပေးတဲ့အခါမှာ လက်ခံမယ့်သူ အမှန်တကယ်လိုအပ်နေတဲ့ အကြုံပြုချက်တွေ၊ လက်ခံမယ့်သူနဲ့ သင့်တော်တဲ့ အကြံပြုချက်တွေကို အပြုသဘောဆောင်တဲ့ အကြံပြုချက် နည်းလမ်းတွေကို အသုံးပြုပြီးပေးသင့်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

စာရေးသူ – ပန်းအိစိုး

မေတ္တာဖြင့်…

Saya-ဆာယာ