ကဲ စာဖတ်သူများအနေနဲ့ “ခေါင်းဆောင်”လို့ ပြောလိုက်တာနဲ့ အလုပ်ထဲမှာ၊ ပညာရေးနယ်ပယ်မှာ၊ ဘာသာရေး နယ်ပယ်မှာ၊ နိုင်ငံရေးနယ်ပယ်မှာ၊ လူမှု ပတ်ဝန်းကျင်မှာ (သို့) အနီးစပ်ဆုံး အိမ်မှာ ဘယ်သူ့ကို မြင်မိပါသလဲ။ ဟုတ်ပါတယ် အများဆုံးကတော့ “ခေါင်းဆောင်” ဆိုတာနဲ့ ယောင်္ကျားလေး (သို့) အမျိုးသားတွေကို မြင်မိပါတယ်။ ဘာကြောင့် မိန်းကလေး (သို့) အမျိုးသမီးတွေက ခေါင်းဆောင်မှုပိုင်းတွေမှာ နည်းနေရသလဲဆိုတော့ လူမှုပတ်ဝန်းကျင် (သို့) ယဉ်ကျေးမှုရဲ့ ကျား/မ ကဏ္ဍများပေါ် ဖိနှိပ်ခံထားမှုတွေကြောင့် ဖြစ်ပါတယ်။
အဲလိုမှားယွင်းစွာ ခွဲခြားပြီး ဦးဆောင်ခဲ့တာတွေကြောင့် မိန်းကလေး (သို့) အမျိုးသမီးတွေဟာ ခေါင်းဆောင်မှုစွမ်းရည်များ ပြည့်ဝနေပေမဲ့လည်း ခေါင်းဆောင်နေရာတွေမှာ တည်ရှိတာနည်းနေပါတယ်။ အချို့နေရာမှာ အမျိုးသမီးများကို ခေါင်းဆောင်နေရာမှာ မပေးချင်တာကြောင့် တွဲဖက်ခေါင်းဆောင်အဖြစ်ပေးတဲ့ နေရာများလည်း ရှိကြပါတယ်။ အဲ့မှာ ဘာလို့လဲပေါ့ အမျိုးသမီး ခေါင်းဆောင်ဖြစ်ရင် အဖွဲ့အစည်း ဘာတွေဖြစ်သွားနိုင်လို့ အမျိုးသမီးများကို ခေါင်းဆောင်နေရာပေးဖို့ ခက်ခဲနေကြပါသလဲ။ ဒါအပြင် တချို့ အမျိုးသမီးတွေက မိမိမှာ ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝပေမယ့် မိမိရဲ့ အမျိုးသမီးဖြစ်ခြင်းကို နှိမ့်ချပြီး ခေါင်းဆောင်မှုနေရာ ဖယ်ပေးသူများလည်း ရှိကြပါတယ်။ အဲဒါတွေက ဘာလို့လဲဆိုတော့ သူတို့ကို ငယ်ငယ်လေးကတည်းက အမျိုးသားများဟာ အမျိုးသမီးများထက် မြက်တယ်၊ သာတယ်ဆိုပြီး အတွေးအခေါ်တွေ ရိုက်သွင်းခံခဲ့ရလို့ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ကလေးတွေကို ငယ်ငယ်လေးကတည်းက အဲ့လို မှားယွင်းတဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေလက်ဆင့်ကမ်း မသယ်လာနိုင်အောင် စာသင်ခန်းမှာ အိမ်မှာ ကလေးတွေ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ကလေးအားလုံးကို ကျား/မ ကွဲပြားခြင်းအပေါ် မတူညီတဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်များကို မြင်သာစေဖို့ ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ အဲဒါတွေအပြင် သမီးမိန်းကလေးတွေကို ငယ်ငယ်လေးကတည်းက မိန်းကလေးတစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ ဘယ်လိုအရာမျိုးမဆို လုပ်ဆောင်တတ်စေရန် ကူညီပံ့ပိုးပေးရမယ်။
အထူးသဖြင့် ခေါင်းဆောင်မှုစွမ်းရည်တွေကို ဆရာတွေ မိဘတွေအနေနဲ့ မိမိတို့ရဲ့ သမီး မိန်းကလေးတွေကို ငယ်စဉ်ကတည်းက သူတို့ရဲ့ စိတ်ဆန္ဒကို ရဲဝံ့စွာ ဖော်ထုတ်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ မိန်းကလေးမို့လိုဆိုပြီး အမြဲတမ်း ခြေတလှမ်းဆုတ်မနေစေဘဲ ခြေတလှမ်း ရှေ့ဆက်တိုးနိုင်ဖို့အတွက် ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ အခြားပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ဆန္ဒထက် ကလေးတွေ ဖြစ်ချင်တဲ့လမ်းကြောင်းအပေါ်ရောက်ဖို့ စိန်ခေါ်မှုတွေလုပ်ဆောင်စေပြီး ကလေးတွေရဲ့ စစ်မှန်တဲ့ဆန္ဒတစ်ခုကိုရောက်ဖို့ ယုံကြည်ချက်နဲ့ရှေ့ဆက်သွားနိုင်ဖို့ ကူညီပံ့ပိုးပေးရမယ်။ ထို့အပြင် မိန်းကလေးတွေရဲ့ ပါဝင်အားထုတ်မှုတွေ၊ ပြဿနာဖြေရှင်းနည်းတွေကို ထည့်သွင်းစဉ်းစား အသိအမှတ်ပြုပေးပြီး ဖွံ့ဖြိုးတိုးတက်လာအောင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
အဲဒါကြောင့် မိမိတို့ရဲ့ ကျောင်းသူ (သို့) သမီးငယ်လေးတွေကို စာသင်ခန်း၊ အိမ် မှစပြီး ခေါင်းဆောင်ခွင့်ကို အခွင့်အရေးပေးပြီး လုပ်ပိုင်ခွင့် ပေးထားရမှာ ဖြစ်ပါတယ်။ ထို့မှတဆင့် မိန်းကလေးများအနေနဲ့ သူတို့ရဲ့ နယ်ပယ်ကျယ်ပြန့်လာမှုအပေါ် ဦးဆောင်နိုင်မှုစွမ်းရည်တွေလည်း ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။ ထိုမှသာ မိန်းကလေးများ (သို့) အမျိုးသမီးများအပေါ် နှစ်ပေါင်းများစွာ ဖိနှိပ်လာမှုတွေ၊ ယောင်္ကျားလေးဖြစ်ခြင်း (သို့) မိန်းကလေးဖြစ်ခြင်းအပေါ် ဘက်လိုက်မှုတွေ တဖြည်းဖြည်းနဲ့ ပပျောက်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မိဘတွေ ဆရာတွေအနေနဲ့ မိမိရဲ့ ကလေးကို နည်းလမ်းမှန်ကန်စွာ ပြုစုပျိုးထောင်နိုင်ပြီး မိမိရဲ့ သမီးငယ်/ကျောင်းသူလေးများရဲ့ လူမှုပတ်ဝန်းကျင်မှာ ပါဝင်လုပ်ဆောင်နိုင်မှုတွေကို ကျယ်ပြန့်စွာ တွေ့မြင်လာနိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေးတိုင်း ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ တကယ်လို့ မိဘ/ဆရာမတွေ ပါဝင်ပံ့ပိုးပေးရင်တော့ အခက်အခဲနည်းပြီး မိန်းကလေးတွေရဲ့ လိုချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြောင်းကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါတယ်။
စာရေးသူ – ဆရာမ ပန်းအိစိုး
မေတ္တာဖြင့်…
Saya-ဆာယာ