စာရေးသူ – ဆရာမ ခင်ခင်
“စကားဝိုင်း” ဆိုတာကို စာဖတ်သူတို့ကြားဖူးလား။ ဘယ်လိုနားလည်ထားလဲ ဆိုတာလေးကို မျှဝေခဲ့ပါနော်။
စာဖတ်သူတို့အားလုံးကို ယခုကာလမှာ စကားဝိုင်းလေးတွေပြုလုပ်စေချင်တာအမှန်ပါ။ အားလုံး သိကြတဲ့အတိုင်း ယခုကာလသည် အားလုံးအတွက် မျှော်လင့်ချက်တွေပျောက်ဆုံးပြီး ရည်မှန်းချက်တွေတကယ်လုပ်ဖို့ အရမ်းကိုခက်ခဲနေတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ယခုလို အားလုံးအတွက် ခက်ခဲနေတဲ့အချိန်မှာ အထူးသဖြင့် လူငယ်တွေနဲ့ ကလေးတွေက ပိုပြီး စိတ်လေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့် အုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမတွေအနေနဲ့ ကလေးများနဲ့ စကားဝိုင်းလေးတွေဖန်တီးစေချင်ပါတယ်။ ယခုအချိန်ကာလမှ အားလုံးအတွက် လုံခြုံမှုရှိစေဖို့ “မိသားစု” စကားဝိုင်းလေးကနေ စတင်ကြပါစို့နော်။

ကျွန်မအတွေ့အကြုံနှင့် ကျွန်မပတ်ဝန်းကျင်မှာ လူငယ်တွေနဲ့ကလေးတွေက စိတ်လေနေကျပြီး ဘာလုပ်ရ မယ်မသိ ဖြစ်နေကြတယ်။ အချိန်တိုင်း ဖုန်း၊ ကွန်ပျူတာနှင့် အခြားနည်းပညာပစ္စည်းများနှင့်သာ အချိန်ကို ကုန်ဆုံးလေ့ရှိပါတယ်။ အချို့ဆို အချိန်တိုင်း ဖုန်း ကွန်ပျူတာတို့နှင့် အမြဲအချိန်ကုန်နေပြီး မိသားစုဝင်များနှင့်ပင် မျက်နှာချင်းဆိုင်ဖို့မေ့နေတတ်ကျပြန်တယ်။ ဒါကြောင့် အိမ်ရှိ မိသားစုဝင်၊ ကိုယ့်ပတ်ဝန်းကျင်ရှိကလေးများနှင့် စကားဝိုင်းလေး များဖန်တီးပေးဖို့ တောင်းဆိုပါတယ်။

စကားဝိုင်းဖန်တီးရာတွင် စကားဝိုင်းကို ဦးဆောင်ပေးသူတွေအနေနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း တွေနဲ့ လိုက်နာဆောင်ရွက်ရမည့် အချက်လေးတွေလည်း ရှိနေပါတယ်။ ထိုအချက်များကို စကားဝိုင်းဦးဆောင် ပေးသူသာမက စကားဝိုင်းတွင် ပါဝင်သောသူအားလုံးလည်း သိရှိနားလည်ထားဖို့ လိုပါတယ်။

**စကားဝိုင်းဖန်တီးရာတွင် လိုက်နာရမည့် အချက်များ**
၁။ အားလုံးအတွက် လုံခြုံသောစကားဝိုင်းဖန်တီးခြင်း
၂။ အားလုံးအတွက် နွေးထွေးမှုရှိသောစကားဝိုင်းဖန်တီးပေးခြင်း
၃။ အားလုံးအတွက် ယုံကြည်မှုရှိသောစကားဝိုင်းဖန်တီးပေးခြင်း
၄။ အားလုံးပါဝင်နိုင်သည့် စကားဝိုင်းဖန်တီးခြင်း

အထက်ပါအချက်များသည်စကားဝိုင်းတွင် အထူးအရေးကြီးသောအချက်များ ဖြစ်သောကြောင့် ပါဝင်သော ကလေးများအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ပေးရမည့် အချက်များဖြစ်ပါတယ်။ စကားဝိုင်းတွင် လုံခြုံတယ်၊ နွေးထွေးတယ်လို့ခံစားရမှ သူတို့ရင်ထဲက အမှန်တကယ်ခံစားချက်တွေကို ယုံကြည်မှု နှင့်မျှဝေနိုင်မှာဖြစ်ပါတယ်။ စကားဝိုင်းဦးဆောင်ပေးသူကိုလည်း ယုံကြည့်မှုအပြည့်ရှိဖို့လိုပါတယ်။ ဒါကြောင့် စကားဝိုင်းဖန်တီးပေးသူများ စကားဝိုင်းကို အားလုံးယုံကြည်စွာပါဝင်နိုင်ရန် အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ပေးပါနော်။

**စကားဝိုင်းဖန်တီးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ**
၁။ နှလုံးသားနှင့်နားထောင်ပေးခြင်း
၂။ စကားပြောနေသူကို အာရုံစူးစိုက်၍ နားထောင်ပေးခြင်း
၃။ ကြားဖြတ်စကားမပြောရခြင်း
၄။ ကိုယ်ရေးကိုယ်တာလျှိုဝှက်ချက်များကို စောင့်ထိန်းပေးခြင်း
၅။ ကိုယ်ချင်းစာစိတ်ဖြင့် နားထောင်ပေးခြင်း

အထက်ပါစည်းမျဉ်းစည်းကမ်းများကို ဦးဆောင်ပေးသူသာမက စကားဝိုင်းတွင်ပါဝင်သူအားလုံး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပါတယ်။ တစ်ယောက်ယောက်စကားပြောနေချိန်တွင် ကိုယ်ချင်းစားတရားအပြည့်ဖြင့် နှလုံးသားတစ်ခုလုံးနဲ့နားထောင်ပေးဖို့လိုသလို အချို့ကိစ္စများကို လျှိုဝှက်ချက် ထားပေးဖို့လိုပါတယ်နော်။
အဓိက ကျွန်မတောင်းဆိုချင်တာက ကလေးများကို အုပ်ထိန်းသူတွေကိုပဲဖြစ်ပါတယ်။ အထူးသဖြင့် မိဘတွေ အနေဖြင့် “မိသားစု” စကားဝိုင်းလေးဖန်တီးစေချင်ပါတယ်။ “မိသားစု” စကားဝိုင်းလေးဖန်တီးခြင်းဖြင့် မိဘနှင့် သားသမီးများကြား နားလည်မှု၊ နွေးထွေးမှုနှင့်ယုံကြည်မှုများပို၍ တိုးလာမည်ကို ကျွန်မအတွေ့အကြုံ တွေနဲ့ အာမခံပါတယ်နော်။ ထိုနောက် မိဘတွေဘက်က ခံစားချက်နှင့် သား၊သမီးတွေရဲ့ ခံစားချက်တွေကို ပိုမိုနားလည် လာပြီး တစ်ဦးနှင့်တစ်ဦး လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်လာမည်။
ကျွန်မ စာဖတ်သူတို့ကို နောက်အပတ်စဉ်တွေမှာ “စကားဝိုင်း” ဆိုတာဘာလဲ။ ဘယ်လိုစကားဝိုင်းတွေရှိလဲ။ “စကားဝိုင်း” ပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်း မျှဝေသွားမှာဖြစ်ပါတယ်နော်။ ယခုတော့ စာဖတ်သူတို့ သိရှိနားလည်ထားသည့် စကားဝိုင်းဆိုတာလေးကို ( Comment) မှာမျှဝေခဲ့ပါနော်။ ကျွန်မလည်း စာဖတ်သူတို့ဆီကနေ သင်ယူမှုပြုလုပ်ချင်ပါတယ်။

မေတ္တာဖြင့်
ဆရာမ ခင်
ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ ….