ကျနော်က အင်္ဂလိပ်စာ ဆရာတစ်ယောက်ဖြစ်ပါသည်။ ကလေးလေးတွေကိုတွေ့သည့်အခါ အင်္ဂလိပ်လို နှုတ်မဆက်မိစေရန် ကျနော်ကြိုးစားပါသည်။ ထူးဆန်းသွားပါသလား။ ရှင်းပြပါမည်။ ကျွန်တော့်စိတ်ထင် မြန်မာမိဘအတော်များများသည် ကလေးများ အင်္ဂလိပ်စကားငယ်ရွယ်စဉ်မှာပင်ပြောတတ်ဆိုတတ်ကြခြင်းကို အလွန်ပင်ဂုဏ်ယူတတ်ကြပါသည်။ ဟုတ်ပါသည်။ အင်္ဂလိပ်စကားပြောတတ်ဆိုတတ်ခြင်းသည် အလွန်ကောင်းသော ကိစ္စတစ်ခုဖြစ်ပါသည်။ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ သံခင်းတမံခင်းတို့တွင် အရေးပါလှသည့် ကမ္ဘာသုံးဘာသာစကားတစ်ခုဖြစ်သော အင်္ဂလိပ်စကားကို ငယ်ရွယ်စဉ်မှာပင် သင်ယူထားခြင်းသည် ကောင်းသောအချက်တစ်ချက်ဖြစ်သည်မှာ လက်ခံရမည်မှာမလွဲပင်။ အင်္ဂလိပ်စကား၏ အသုံးဝင်ပုံများကို ဋီကာချဲ့ကာ ပြောပြရန်လည်းလိုတော့ မည်မထင်ပါ။ အားလုံးက သိကြပြီးဖြစ်ပါသည်။ ဘာသာစကားသည်အရေးကြီးသည်မှာ အငြင်းပွားစရာမရှိသော်လည်း ၎င်းသည် အရေးကြီးသောအချက်များထဲမှတစ်ခုဖြစ်ကြောင်းကိုမူ မဖြစ်မနေသတိရကြဖို့ လိုပါသည်။ ဟောင်းဝဒ် ဂါဒ်နာ (Howard Gardner) ခေါ် အမေရိကန်ပညာရှင်တစ်ယောက်က လူတွင် ဉာဏ်ရည်သည်တမျိုးတည်းမဟုတ်ဘဲ အမျိုးမျိုးရှိသည်ဟုဆိုခဲ့ပါသည်။ ၎င်းတို့မှာ ၁) Logical-mathematical intelligence. (Number/reasoning smart)ယုတ္တိနှင့် သင်္ချာဉာဏ်ရည်၂) Linguistic intelligence. (Word smart)ဘာသာစကား ဉာဏ်ရည်၃) Spatial Intelligence. ..(picture smart). အရုပ်သဏ္ဍန်ဖန်တီးခြင်း နေရာအကွာအဝေးတွေကို မြင်တတ်အသုံးချတတ်ခြင်းဉာဏ်ရည်၄) Musical Intelligence. … (Music smart)ဂီတဉာဏ်ပါရမီ၅) Bodily-kinesthetic Intelligence. … (Body smart)ကိုယ်ခန္ဓာကိုလှုပ်ရှားအသုံးချရတွင် ကျွမ်းကျင်သည့်ဉာဏ်ရည်၆) Intrapersonal Intelligence. … (Self smart)ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်ထိန်းကြောင်းနိုင်သည့်ဉာဏ်ရည်၇) Interpersonal Intelligence. … (People smart)လူအများနှင့် ပြောဆို ဆက်ဆံတတ်သည့်ဉာဏ်ရည်၈) Naturalistic intelligence. (Nature smart) သစ်ပင်၊အကောင်များနှင့် သဘာဝကို နားလည်တတ်သော ဉာဏ်ရည်တို့ဖြစ်သည်။ ထိုသို့ ဉာဏ်ရည်အမျိုးမျိုးရှိသည့် အနက်မှ ဘာသာစကားစွမ်းရည်သည် တစ်ခုသာဖြစ်ပါသည်။ လက်တစ်ဖက်တည်းတွင်ရှိသော လက်ချောင်းများအတိုအရှည်မညီကြသလို လူတို့သည် ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးများကွာခြားတတ်ကြပါသည်။ အချို့သော သိပ္ပံပညာရှင်များသည် ငယ်စဉ်ဘဝက ဘာသာစကားစွမ်းရည်ဘက်တွင် အားနည်းကြကြောင်းကိုလည်း ကျနော်တို့ အကြိမ်ကြိမ်ဖတ်ရှုခဲ့ကြပြီးဖြစ်သည်။ ဥပမာ နာမည်ကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် အသက်ငါးနှစ်ခန့်ရှိသည်အထိ စကားမပြောခဲ့ဟု အချို့စာအုပ်များတွင်ဖော်ပြကြသည်။ အချို့သော ဂီတနှင့်ရုပ်ရှင်တွင် ထွန်းပေါက်ကြသူများသည် ငယ်စဉ်က စာသင်ရခက်သူများအဖြစ်သတ်မှတ်ခံခဲ့ကြရသည်။ အမေရိကန် Rap အဆိုတော် Eminem သည် အထက်တန်းတွင် ခဏခဏကျနေသဖြင့် ကျောင်းထွက်ခဲ့ရသူတစ်ဦးဖြစ်သည်။ အဓိကဆိုလိုချင်သည့် အချက်မှာ ကလေးတစ်ဦးတွင် စွမ်းရည်တစ်ခုမရှိသည်နှင့် ထိုကလေးကို ညံ့ဖျင်းသူတစ်ဦးအဖြစ်မသတ်မှတ်လိုက်ကြရန်ဖြစ်သည်။ ကလေးတိုင်းသည် မည်သည့်စွမ်းရည်မျှမရှိလျှင်ပင် ချစ်ခြင်းမေတ္တာနှင့်တန်ဖိုးထားခြင်း ရရှိရန်ထိုက်တန်ပါသည်။ ကလေးတစ်ဦးကို အင်္ဂလိပ်လို နှုတ်ဆက်ပြီး သူတို့က အင်္ဂလိပ်လိုပြန်ပြောနိုင်သည့်အခါ “သမီးကတော်လိုက်တာ၊ သားကတော်လိုက်တာ” ဟု ပြောလိုက်ခြင်းသည် ကလေး၏ ဘာသာစကားစွမ်းရည်ကို အသိအမှတ်ပြုခြင်းသာဖြစ်သည်။ ကလေးများ၏ စိတ်ထဲတွင် ဘာသာစကားစွမ်းရည်သည်သာ အရေးကြီးသည်ဟု အထင်ရောက်သွားစေရန် မိမိတို့ကိုယ်တိုင်မသိလိုက်ဘဲ လုပ်မိနေခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် အခြားစွမ်းရည်၊ ဉာဏ်ရည်များသည် အရေးမကြီးလှ၊ ဘာသာစကားစွမ်းရည်မရှိသော ကလေးများသည့် ညံ့ဖျင်းသော ကလေးများ၊ ချစ်စရာမကောင်းသော ကလေးများဖြစ်သည်ဟု ပုံဖော်မိသွားနိုင်သည်။ တော်ရုံဆိုကိစ္စမရှိလှသော်လည်း ခုကတော့ အလွန်အကျွံလိုဖြစ်နေကြပါသည်။ အစမှာကျနော်ပြောခဲ့သည့် ကလေးများကို ကျနော် အင်္ဂလိပ်လိုနှုတ်မဆက်ရခြင်းအကြောင်းအရင်းကို ရှင်းလောက်ပြီထင်ပါသည်။ ကလေးများကို ပန်းကလေးများလို သဘောထားကြည့်ကြရအောင်ပါ။ မတူညီသော ကိုယ်ရည်ကိုယ်သွေး၊ မတူညီသော ဉာဏ်ရည်ဉာဏ်သွေးရှိသောကလေးများသည် အရောင်အသွေးစုံသော ပန်းခင်းကြီးနှင့်တူပါသည်။ အကယ်၍သာ ကျွန်တော်တို့လူ့အဖွဲ့အစည်းသည် သွက်သွက်လက်လက်ပြောတတ်ဆိုတတ်သောကလေးများ၊ အင်္ဂလိပ်လိုပြောတတ်သော ကလေးများကိုသာ ဂုဏ်ယူဖွယ်ရာကလေးများအဖြစ် သဘောထားမိနေကြလျှင် အရောင်တစ်မျိုးတည်းသော ပန်းပွင့်ကလေးများကိုသာ ရေလောင်းပေါင်းသင်ပြီး ဂရုစိုက်ကြသလိုဖြစ်နေပေမည်။ ကျန်သောပန်းကလေးများသည် ရေအငတ်ခံ၊ နေအပူခံကာ ကြုံလှီနွမ်းဖျော့သွားကြမည်ဖြစ်သည်။ အရောင်စုံပန်းခင်းကြီးမဖြစ်တော့ဘဲ ပန်းမျိုးတစ်မျိုး၊ အရောင်တစ်ရောင်သာရှိသည့် စိတ်ဝင်စားဖွယ်ကင်းသော လောကကြီးဖြစ်နေပေတော့မည်။ အနာဂတ်သည် ရောင်စုံသော ပန်းခင်းကြီးတစ်ခင်းလို လှပနေစေဖို့ ကျနော်တို့ ပညာပေးသူတွေ၊ လက်ဦးဆရာတွေ၊ လူကြီးသူမတွေမှာ တာဝန်ရှိပါသည်။ မည်သည့်အရောင်ဖြင့်ပွင့်သောပန်း၊ မည်သည့်အမျိုးအစားဖြစ်သော ပန်းကို မဆို ကျွန်တော်တို့ချစ်တတ် တန်ဖိုးထားတတ် ကြရမည်။ ပန်းများရောင်စုံပွင့်စေချင်ပါသည်။စာရေးသူ-ဆရာအောင်ကျော်ဖြိုးမေတ္တာဖြင့်ဆာယာဖောင်ဒေးရှင်း အဖွဲ့သားများ…