ကျွန်မပတ်ဝန်းကျင်မှာ တွေ့မြင်နေရသလောက်တော့ ၂၁ ရာစုနှစ်ကြီးသည် အခွင့်အလမ်းတွေ အရမ်းများသလို ပြိုင်ဆိုင်မှုနှင့် အထီးကျန်မှုတွေလည်း အရမ်းများနေတယ်လို့ ခံစားရတယ်။ ဒါကြောင့်မို့ စာဖတ်သူတွေကို မေးခွန်းလေးတစ်ခုလောက် မေးချင်ပါတယ်။ မေးခွန်းလေးကတော့ ကိုယ်ရဲ့ မိသားစုနဲ့ တစ်နေ့ကို အချိန်ဘယ်လောက်ပေးပြီး နွေးနွေးထွေးထွေး နေဖြစ်လဲ။ သားသား၊ မီးမီးလေးတွေရှိတဲ့ ဖေဖေ၊ မေမေတို့တွေရော ကိုယ့်ရဲ့ကလေးတွေနဲ့ ဘယ်အချိန်တွေမှာ နွေးနွေးထွေးထွေးနေဖြစ်လဲ။ ဆရာ၊ဆရာမတွေလည်း ကလေးတွေနဲ့ဘယ်လိုနွေးနွေးထွေးထွေးလေး နေဖြစ်လဲ။ အခြားစာဖတ်သူများနှင့် လူငယ်တွေဆိုရင်လည်း ယခုကာလကြီးမှာ ကိုယ့်ရဲ့နေ့စဥ်ဘဝကိုဘယ်လို ဖြတ်သန်းဖြစ်နေလဲ။ ယခုမေးခွန်းလေးကို စဥ်းစားပြီးမှ စာလေးကို ဆက်ဖတ်ဖို့ တောင်းဆိုပါတယ်နော်။
စာဖတ်သူများရဲ့ နေ့စဥ်ဖြတ်သန်းမှုပုံစံလေးတွေက မတူညီမှုလေးတွေလည်း ပါဝင်နိုင်ပါတယ်။ အဲ့လိုမတူညီမှုတွေကြားထဲကနေ ကျွန်မတို့အားလုံး တူညီမှုလေးတစ်ခုရှာဖွေကြရ‌အောင်လေနော်။ အဲဒါကတော့ ကျွန်မတို့အားလုံးတစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး နွေးထွေးမှုလေးတွေ မျှဝေဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယခုကျွန်မတို့အားလုံးဖြတ်သန်းနေရတဲ့ နေစဥ်ဘဝကြီးဟာ အရမ်းကို ခက်ခဲပြီး ဘယ်အရာကိုမှ ကြိုတင်မှန်းဆထားလို့ မရဘူးဖြစ်နေတယ်နော်။ အဲ့ဒါကြောင့်မို့ ကျွန်မတို့အားလုံး လက်ရှိအချိန်လေးမှာ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုလေးပေးဖို့ပါပဲ။
“နွေးထွေးမှု” ဆိုတဲ့စကားလုံးလေးကို လူကြီး၊လူငယ် အားလုံးကြိုက်နှစ်သက်ကြတယ်‌နော်။ “နွေးထွေးမှု” ဆိုတဲ့ စကားလုံးလေးဟာ အရမ်းကိုနက်ရှိုင်းပြီး ‌‌ကြားရတဲ့သူတိုင်း စိတ်နှလုံးကြည်လင်အေးမြစေတယ်။ စကားလုံးလေးရဲ့ နက်ရှိုင်းမှုအတိုင်းကျွန်မတို့အားလုံး လိုက်နာလုပ်ဆောင်မယ်ဆိုရင် ဘယ်လောက် နွေးထွေးတဲ့ ကမ္ဘာလေးဖြစ်လိုက်မလဲ။ ဒါကြောင့် ကျွန်မအပါအဝင် အားလုံးကို ကိုယ့်ရဲပတ်ဝန်းကျင်က အရာအားလုံးကို နွေးထွေးမှုလေးပေးဖို့ပါပဲ။ အထူးသဖြင့် ကိုယ့်ရဲ့ အနီးဆုံးမှာရှိတဲ့ မိသားစုနှင့် ကလေးတွေကို ‌ပေးဖို့ပါပဲ။ “နွေးထွေးမှု”ရရှိလိုက်တဲ့လူတစ်ယောက်ဟာ သူ့ရဲ့ စိတ်ရောကိုယ်ပါ လုံခြုံမှု ရရှိစေပါတယ်။ နောက်တစ်ခုအနေနဲ့ “နွေးထွေးမှု” ဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာအခြေခံအုတ်မြစ်တစ်ခုအဖြစ် ပါဝင်ပါတယ်။
ယခုကာလမှ ကလေးတွေနဲ့ လူငယ်တွေကို ပိုပြီးတော့ “နွေးထွေးမှု” ပေးဖို့လိုအပ်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုကာလကြီးက သူတို့လေးတွေအတွက် အနာဂတ်ပျောက်နေသလိုဖြစ်နေတယ်လေးနော်။ သုတေသနတွေ့ရှိချက်တွေအရ “နွေးထွေးမှု” ဆိုတာ ကလေးရောအရွယ်ရောက်သူများအတွက် လူမှုဆက်ဆံရေး နှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အဓိကအခန်းကဏ္ဍ ကပါဝင်နေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ “နွေးထွေးမှု” ဟာ လုံခြုံသောဆက်ဆံရေးနှင့် နူးညံ့သိမ်မွေ့သောအပြုအမူများကိုပါ ပံ့ပိုးပေးပြန်တယ်။ ဒါ‌ကြောင့် “နွေးထွေးမှု” ပေးဖို့အားလုံးကိုတောင်းဆိုပါတယ်‌နော်။
ကျွန်မတို့နေ့စဥ်ဖြတ်သန်းနေရတဲ့ “ကိုဗစ်”ရောဂါဆိုးကြီးနဲ့အခြား မတူညီသည့် လူမှုရေး၊ စီးပွားရေး ပြဿနာ အခက်အခဲတွေကြားမှ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုပေးနိုင်ကြစေဖို့ ဆုတောင်းပေးပါတယ်။ ခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ခြင်း၊ နွေးနွေးထွေးထွေးဆက်ဆံခြင်း၊ အားပေးစကားပြောခြင်း၊ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုပေးခြင်း၊ အခက်အခဲနဲ့ကြုံတွေ့ချိန် ပံ့ပိုးကူညီပေးခြင်း၊ ကလေးများအပေါ်ယုံကြည်မှုထားရှိကြောင်းပြောပြခြင်း၊ ရယ်မောဖွယ်ရာများပြောပြခြင်း၊ နားထောင်ပေးခြင်း၊ ချီးကျူးစကားပြောဆိုခြင်း၊ မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ခြင်း စတဲ့လုပ်ငန်းစဥ်လေးတွေကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းအကြံပြုချင်ပါတယ်။
အားလုံးပဲ ကိုယ်ပတ်ဝန်းကျင်က လူတွေအားလုံးကို စိုးရိမ်ပူပန်မှုကင်းစွာ နေ့စဥ်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းဖို့ “နွေးထွေးမှု” လေးပေးကြစို့။ အားလုံး “နွေးထွေးမှု” ပေးနိုင်တဲ့ လက်တစ်စုံပိုင်ဆိုင်ကြပါစေ။

မေတ္တာဖြင့် ဆရာမ ခင်ခင်
ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ
ကိုးကား – https://challengingbehavior.cbcs.usf.edu/…/WhatWorksBri…