အခုကာလက ကိုဗစ်ကြောင့်၊ အာဏာသိမ်းမှုကြောင့် ကိုယ့်ရဲ့ အခွင့်အရေးတွေ၊ ချစ်ရသူတွေ၊ အနာဂါတ်တွေ ဆုံးရှုံးနေရတဲ့ အချိန်ပဲ။ အရမ်း မွန်းကြပ်ပြီး နာကျင်ရတဲ့ အချိန်ဆိုလည်း မမှားပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နာကျင်မှုကို ကိုင်တွယ်ပုံ မတူညီကြပါဘူး။

တခါတလေ အော်ငိုလိုက်တယ်၊ တခါတလေ တစ်ယောက်ယောက်ကို ရင်ဖွင့်တယ်၊ တခါတလေ စာတွေရေးလိုက်တယ်၊ တခါတလေ ကိုယ်လုပ်နိုင်တာကို ကြိုးစားပြီးလုပ်တယ်။ နာကျင်မှုအပေါ်မူတည်ပြီး လုပ်ဆောင်ရပုံခြင်းတော့ မတူဘူးပေါ့။

ကျွန်မရဲ့ ကိုယ်ခန္ဓာ နာကျင်မှုကို ဘယ်လိုကျော်လွှားသလဲဆိုတာ ပြောပြဦးမယ်။ ကျွန်မသားသားကို ရိုးရိုးမွေးတာပါ။ မေမေတွေကတော့ ဗိုက်နာချိန်မှာ ခံရတဲ့ နာကျင်မှုကို နားလည်နိုင်ပါတယ်။ တော်တော်ခံရတာပါ။ ဘာနဲ့မှမတူအောင် နာတာပါ။ ကျွန်မလည်း သက်ဦးကလေးမို့ နာမယ်ဆိုတာ သိပေမယ့် တစ်ကယ်ခံရတဲ့အခါမှ ဘာနဲ့မှ မတူအောင် နာမှန်းသိတာပါ။

အတွေ့အကြုံရှိတဲ့ မေမေ သူငယ်ချင်းတွေက သူတို့တွေတုန်းက နာကျင်မှုကို သက်သာအောင်၊ ခံနိုင်ရည်ရှိအောင် လုပ်ခဲ့တဲ့ နည်းတွေ ပြောပြကြပါတယ်။ ခါးတွေ နှိပ်ခိုင်းတာတို့၊ အားရပါးရအော်တာတို့၊ တခုခုကို ဆုပ်ကိုင်ထားတာမျိုးတို့၊ ယောက်ျားကို ရိုက်တာမျိုးတို့ အများကြီးပေါ့။

ကျွန်မက ဆေးရုံကို ရောက်ပြီး Emergency roomထဲမှာ ဗိုက်ကစနာလာတာ။ ခဏနေတော့ ဆရာမက ရေမြွှာဖောက်လိုက်တယ်။ Ultra sound မှာ ရေမြွှာရည်တွေက နည်းနည်းနောက်နေသလို ဖြစ်လို့ ကလေးအတွက် စိုးရိမ်လို့ပေါ့။ ခက်တာက – ရေမြွှာပေါက်သွားတဲ့အတွက် အချိန်ဆွဲလို့မရတော့ဘူး။ သတ်မှတ်ထားတဲ့ ကာလအတွင်း ကလေးမမွေးရင် ခွဲမွေးရမှာပေါ့။

ကျွန်မတို့ နောက်ဆုံးအချိန်ထိ ရိုးရိုးရအောင် မွေးမယ်လို့ ဆုံးဖြတ်ထားလို့ သားအိမ်က လိုအပ်တဲ့ ပမာဏာထိ ပွင့်အောင် စောင့်ရပါတယ်။ အရမ်းနာလာချိန်မှာ အမျိုးသားကို ခါးလေးတွေ နှိပ်ခိုင်းပါတယ်။ သူ့ခမျာ နှိပ်ပေးရှာတယ်။ ဒါပေမယ့် ကျွန်မက စိတ်တိုင်းမကျတွေဖြစ်။

ကိုဗစ်ကာလဆိုတော့ နှာခေါင်းကနေ တို့ဖတ်ယူရသေးတယ်။ ယူတဲ့အချိန် မျက်ရည်တွေကျ။ အမေ့ကို သတိရ။ အော်ငိုတာပေါ့။ အမေ့ကို တပြီးတော့… ဒါနဲ့ အမျိုးသားကလည်း မန်းလေးက အမေ့ကို ဖုန်းခေါ်ပေးရှာတယ်။ ဒါပေမယ့် နာကျင်မှုကြောင့် တဖက်က စကားသံတွေကို မခံစားနိုင်ခဲ့ပြန်ဘူး။

နောက်ဆုံး ကျွန်မအမျိုးသားက ကျွန်မတို့ ဆေးရုံလာလမ်းမှာ သတိပေးတဲ့ အရာလေးကို အမှတ်ရတယ်။ အဲ့ဒါက – နာကျင်တာကို သတိလေးနဲ့ မှတ်ဖို့။ နာကျင်နေတာက ခန္ဓာကိုယ်ကြီးက နာကျင်နေတာ၊ အဲဒီ့နာကျင်နေတာကို ဦးနောက်က သိနေတာ။ အဲဒီ့ အသိလေးကို သတိထားဖို့ပြောတာ။

ကလေးမမွေးခင်ရက်ပိုင်းအထိ ကျွန်မတို့ သတိတရားအကြောင်း လေ့လာတာ၊ စုပေါင်း တရားထိုင်တာတွေလုပ်ဖြစ်တော့ သတိနဲ့ နေခြင်းအကြောင်းကို ကျွန်မနည်းနည်း သိတယ်။ ဒါနဲ့ ကျွန်မလည်း နာကျင်မှုကို သေချာ သတိလေးထားပြီးကြည့်မိတယ်။

ဗိုက်စနာချိန်ကနေ ၂နာရီလောက်မှာ စပြီး ကျွန်မ သတိတရားနဲ့ နေမိတယ်။ မျက်လုံးမှိတ်ထားတယ်၊ ဖြစ်ပျက်နေတဲ့ နာကျင်မှုတွေကို သတိလေးထားတယ်။ နာရင် နာတယ်ဆိုတာလေးကို သိအောင် ကြိုးစားတယ်။ စိတ်ကို လျှော့ထားတယ်။ အမျိုးသားရဲ့လက်ကိုတော့ သာသာလေး တစ်ချိန်လုံးကိုင်ထားခဲ့တယ်။

အဲဒီ့ပုံစံအတိုင်း မျက်လုံးမှိတ်၊ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေး ၄ နာရီခွဲလောက်နေခဲ့တာ။ ဆရာမတွေ ကုတင်ပြောင်းဖို့လုပ်တာတောင် မလှုပ်ဘူး။ နောက်ဆုံး မွေးခန်းထဲရောက်ပြီး ကလေးကို ညှစ်ခါနီးမှ ၄ ခါလောက် အော်ပြီး ညှစ်လိုက်တယ်။ သားသားလေး ထွက်လာခဲ့တယ်။ သားသား အပြင်ရောက်မှ ကျွန်မလည်း မျက်လုံး ပြန်ဖွင့်၊ စကားပြောတာတွေလုပ်ဖြစ်တယ်။ နာ့စ်တွေကရော ဆရာဝန်ကပါ အံ့သြကြတာ။

အရင်ကတည်းက စိတ်များ၊ အတွေးများတတ်သူမို့ မျက်စိမှိတ်ပြီး နာကျင်မှုကို ရှုမှတ်နေချိန်မှာ အတွေးတွေကတော့ ဝင်လာပါတယ်။ ငယ်ငယ်က နာဖူးတဲ့ တရားတစ်ပုဒ်မှာ တောထဲ တရားကျင့်နေတဲ့ ရဟန်းကို ကျားဆွဲတာ၊ ကျားက ကိုက်စားတဲ့ အချိန်မှာတောင် သတိတရားနဲ့ တရားမှတ်လို့ တရားထူး တရားမြတ်ရသွားတာကို သတိရပြီး ကိုယ်တိုင်တောင် တရားထူး ရတော့မလို အားပေးရင်း တွေးမိသေးတယ်။ ?

ဒီကလေးမွေးတဲ့ နာကျင်မှုကို သတိလေးကပ်၊ တရားလေးမှတ်ပြီး ကျော်လွှားနိုင်ခဲ့တာကတော့ ကျွန်မအတွက် အထူးခြားဆုံးဖြစ်ခဲ့တာပေါ့။ ကျွန်မအတွက် တွေ့ရှိလိုက်တာက နာကျင်နေချိန်မှာ နာကျင်မှုကို အသိလေးကပ်၊ သတိလေးထားလိုက်ရင် အတိုင်းအတာ တစ်ခုအထိ အထောက်အကူပြုတယ်ဆိုတာပဲ။ ကိုယ်ခန္ဓာဖြစ်ဖြစ်၊ စိတ်ဖြစ်ဖြစ် နာကျင်လာရင် သတိလေးထားပြီး စိတ်ကို လျှော့နေခြင်းက ကျွန်မ အတွက် တော်တော်လေး အထောက်အကူပြုပါတယ်။

အခုလို ခက်ခဲနေချိန်မှာ စိတ်အတွက်ရော ကိုယ့်ခန္ဓာကိုယ်အတွက်ပါ သတိတရားလေးနဲ့ တတ်နိုင်သလောက် နေနိုင်အောင် ကြိုးစားကြည့်ပါ။ တစ်နေ့ကို ငါးမိနစ်၊ ဆယ်မိနစ်လောက်ဖြစ်ဖြစ်။ မအိပ်ခင် ခဏဖြစ်ဖြစ်၊ အိပ်ယာနိုးချိန်ခဏဖြစ်ဖြစ် မျက်လုံးလေးကိုမှိတ် ဝင်လေ၊ ထွက်လေ လေးကို သေချာလုပ်။ အတတ်နိုင်ဆုံး ကိုယ့်ခံစားချက်တွေ၊ အတွေးတွေ၊ လုပ်ရပ်တွေနဲ့ အပြောတွေကို သတိလေးနဲ့ ယှဉ်တွဲကြမယ်ဆိုရင် ပိုပြီး သက်သာစွာနဲ့ ဒီကာလကို ဖြတ်သန်းနိုင်ကြမယ်ထင်တယ်။

အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

ဓါတ်ပုံလေးကတော့ ကျွန်မ မမွေးခင် ၄ ရက်အလိုမှာ တရားမှတ်နေချိန် ရိုက်ပေးထားတဲ့ ပုံလေးပါ။