ဓမ္မ ဆိုတဲ့ စကားလုံးကို စစ်မှန်ခြင်းသဘော၊ တရားမျှတခြင်းသဘော၊ ကြောင်းကျိုးဆက်စပ်ခြင်းသဘောတွေဆောင်မယ်လို့ ကျွန်မ လက်ခံယုံကြည်ပါတယ်။ ဒါကြောင့် ဒီအဓိပ္ပါယ်တွေအပေါ်မူတည်ပြီး ဓမ္မအခြေပြုပညာရေးဆိုတာဘာလဲ၊ ဓမ္မအခြေပြုသင်ယူမှုဖြစ်အောင် ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာ မျှဝေချင်ပါတယ်။ ?ဓမ္မ အခြေပြု ပညာရေးဆိုတာ …သင်ကြားသင်ယူမှု ဖြစ်စဉ်ဟာ တရားမျှတမှု၊ စစ်မှန်သောအကြောင်းအရာနဲ့ ကြောင်းကျိုးဆက်စပ်မှုတွေကို အခြေတည်ပြီး ဖြစ်ပေါ်စေခြင်းဖြစ်ပါတယ်။ 1️⃣ သင်ခန်းစာခေါင်းစဉ်၊ 2️⃣သင်ကြားတဲ့ နည်းလမ်း၊ 3️⃣သင်ခန်းစာရဲ့ ရလဒ် နဲ့ 4️⃣သင်ကြား သင်ယူမှုဖြစ်စဉ်ဟာ ဓမ္မနဲ့ ဆက်စပ်နေတာမျိုးကို ဆိုလိုတာပါ။ ဥပမာ – ခေါင်းစဉ်အကြောင်းအရာဟာ လောကအတွက် စစ်မှန်သော အကြောင်းအရာဖြစ်ချင်ဖြစ်မယ်၊ သင်ပေးနေတဲ့ သင်ကြားနည်းစနစ်ဟာ စစ်မှန်ခြင်း၊ တရားမျှတခြင်းကို ဖေါ်ဆောင်စေတဲ့ နည်းစနစ်တွေဖြစ်ချင်ဖြစ်မယ်၊ သင်ကြားသင်ယူမှုဖြစ်စဉ်တစ်လျှောက်လုံး အမှန်တရားကို ရှာဖွေရင်း၊ တရားမျှတမှုအတွက် အဖြေရှာရင်း၊ လေ့ကျင့်သင်ယူနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဓမ္မအခြေပြု ပညာရေး စနစ်ဖြစ်လာဖို့ ကျွန်မတို့ ကလေးတွေကို သင်ကြားပေးရတဲ့ သင်ခန်းစာတွေဟာ ဘက်မျှတဲ့၊ မှန်ကန်တဲ့ ခေါင်းစဉ်တွေ၊ အကြောင်းအရာတွေဖြစ်ဖို့လိုပါတယ်။ တစ်ဦးတစ်ယောက် ကောင်းကျိုးအတွက်၊ အစုအဖွဲ့ တစ်စု ကောင်းဖို့အတွက်သာမဟုတ်ဘဲ လောကမှာရှိတဲ့ လူတွေအတွက် မှန်ကန်တဲ့ တရားမျှတတဲ့ သင်ခန်းစာတွေ ဖြစ်စေဖို့လိုပါတယ်။ ဖတ်စာတွေ၊ သင်ရိုးတွေမှာ ဘက်လိုက်မှု၊ မမျှတမှုတွေ ရှိလာခဲ့ရင်လည်း ဒီသင်ခန်းစာတွေထဲမှာ ပါတဲ့ အကြောင်းအရာတွေရဲ့ အခြားအဖက်က အမြင်တွေကို မြင်နိုင်အောင် ဝေဖန်စဉ်းစားကြဖို့၊ လေ့လာဆန်းစစ်ကြဖို့၊ မတူညီတဲ့ ရှုထောင့်ကနေ သုံးသပ်ကြဖိ့ု ကျွန်မတို့တွေက အားပေးရင်း လေ့ကျင့်ပေးရမှာပါ။ သုတေသနတွေ၊ မေးခွန်းတွေ၊ ဆွေးနွေးမှုတွေ၊ ဝေဖန်ပိုင်းခြားစဉ်းစားမှုတွေ၊ ငြင်းခုံရတာတွေ အများကြီး လုပ်ရမှာပါ။ အနီးစပ်ဆုံးပြောရရင် မြတ်စွာဘုရားဟာ မှန်ကန်မှုကို ရှာဖွေဖို့ မေးခွန်းပေါင်းများစွာ မေးခဲ့ရသလို၊ သုံးသပ်ဆင်ခြင်မှုတွေ များစွာ လုပ်ခဲ့ရတယ်။မှန်ကန်မှုကိုရှာဖွေတတ်ဖို့ သင်ရုံတင်မကပါဘူး၊ ကျွန်မတို့က မှန်ကန်မှုကို တွေ့ရှိရင် မှန်တဲ့ ဖက်က ရပ်တည်တတ်အောင်၊ မှန်ကန်တဲ့အတိုင်း ပြုမူတတ်အောင်၊ မှန်ကန်ခြင်းကို ကိုယ်လိုသူလို အခြားသူတွေလည်း သိရှိအောင် ပြုလုပ်နိုင်ဖို့ သင်ကြားပေးရမှာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရော၊ ယေရှုခရစ်တော်ရော မှန်ကန်ခြင်း၊ စစ်မှန်ခြင်းတရားကို အခြားသူတွေ သင်ပြခဲ့တာ၊ မျှဝေခဲ့တာတွေက အတုယူဖွယ်ပါ။ ?ဓမ္မ အခြေပြု ပညာရေး တစ်ခု ဖြစ်ဖို့ဆိုရင် …. ?ကျွန်မတို့ သင်ကြားနေတဲ့ သင်ခန်းစာတွေဟာ ဘက်လိုက်မှုကင်းရဲ့လား၊ လူသားတွေအတွက် ကောင်းကျိုးကို ပြုရဲ့လား၊ အားလုံးအတွက် စစ်မှန်ခြင်းဖြစ်ရဲ့လားဆိုတာ ပြန်လည် မေးခွန်းထုတ်ဖို့လိုပါတယ်။ ?ကျွန်မတို့ရဲ့ သင်ကြားနည်းစနစ်တွေကရော ကလေးတွေရဲ့ ဓမ္မ ကို ရှာဖွေနိုင်ဖို့၊ ဓမ္မဖက်က ရပ်တည်နိုင်ဖို့ ပံ့ပိုးပေးနေရဲ့လားဆိုတာ ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ ?ကျွန်မတို့ စာသင်ပြီးတဲ့အခါ ကလေးတွေဟာ ဓမ္မဘက်တော်သားတွေ ဖြစ်ရဲ့လား ဒါမှမဟုတ် ဓမ္မဖက်က ရပ်တည်ဖို့ အထောက်အပံ့ဖြစ်နေစေလားဆိုတာ အမြဲဆင်ခြင်ဖို့လိုပါတယ်။?အရေးကြီးဆုံးက ကျွန်မတို့ ကိုယ်တိုင် ဓမ္မ အခြေပြု နေထိုင်ရှင်သန်နေတဲ့ ဆရာ၊မတွေ၊ မိဘတွေ ဖြစ်နေကြပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ လူတိုင်းဟာ ပြီးပြည့်စုံနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် နေထိုင်ရှင်သန်ရတဲ့ ခဏတာ လူ့ဘဝမှာ ဓမ္မပြည့်ဝတဲ့ နေထိုင်မှုရရှိဖို့၊ ဓမ္မကို နှလုံးသွင်းနေထိုင်နိုင်မှုရရှိဖို့ ကြိုးစားဖို့လိုပါတယ်။ လူသားတွေအတွက် စစ်မှန်ခြင်းကို ရှာဖွေခြင်းဟာ၊ ကိုယ့်အတွက် ရှာဖွေခြင်းဖြစ်ပါတယ်။ လူသားတွေအတွက် မျှတမှုရှိအောင် ကြိုးပမ်းတာဟာ၊ ကိုယ့်အတွက် ကြိုးပမ်းခြင်းဖြစ်ပါတယ်။ ?၂၀၂၂မှာ အခြေအနေတွေ ဘယ်လိုဖြစ်ဖြစ် ဓမ္မအခြေပြု သင်ယူနိုင်သူတွေ ဖြစ်ကြဖို့၊ ဓမ္မအခြေပြု သင်ကြားသူတွေ ဖြစ်ကြဖို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အားလုံး စစ်မှန်ခြင်းကို ရှာဖွေ၊ လေ့ကျင့်၊ မျှဝေနိုင်ပါစေ။မေတ္တာဖြင့်… Sayarma-ဆရာမ