အထူးသဖြင့် အခုလို ကာလမှာ ကျွန်မတို့ ချစ်ရတဲ့သူတွေနဲ့ ခွဲခွါရချိန်ဟာ ခပ်စိပ်စိပ် ဖြစ်လာတယ်။
သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေ တစ်ယောက်မဟုတ် တစ်ယောက်ဟာ အကြောင်းပြချက်မျိုးစုံနဲ့ ကျွန်မတို့ကို နှုတ်ဆက်ခွဲခွါသွားခဲ့ကြတယ်။

ဒီရက်ပိုင်းအတွင်းမှာ ကျွန်မကို ပုံပြင်တွေ ချစ်တတ်အောင်၊ ပုံပြင်တွေပြောတတ်အောင် သင်ပေးခဲ့တဲ့ ပညာရှင်ဆရာမကြီးကို ဆုံးရှုံးရတယ်။ ဆရာမကြီးနဲ့ ၂၀၀၉ တုန်းက စတွေ့တာ။ ပုံပြင်တွေချစ်တဲ့၊ ရိုးရာပုံပြင်တွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ထိုင်းအမျိုးသမီးကြီး။ ကျွန်မ မင်္ဂလာဆောင်တော့ တကူးတက လာရှာသေးတယ်။ အဲဒါနောက်ဆုံးတွေ့တာပဲ။ မဆုံးခင် ၂ ရက်အလိုမှာ သူညနေတိုင်း လမ်းလျှောက်ရင် မြင်ရတဲ့ ရှုခင်းတွေရယ်၊ လမ်းလျှောက်နေတဲ့ သူ့ပုံရယ်ကို တင်ထားသေးတာ။ နေကောင်းနေတယ်ဆိုပြီး စကားတွေဘာတွေ မပြောဖြစ်။ သူဆုံးပြီဆိုတော့ မယုံနိုင်ဘူး။ မထင်ထားဘူးလေ။ ဆုံးတော့မှ သူနဲ့ အမှတ်တရတွေ၊ သူရေးထားတဲ့ ပုံပြင်တွေ၊ သူပြောခဲ့တဲ့ ပုံပြင်တွေကို ပြန်ကြည့်ရင်း ငိုရသေးတယ်။ ဆုံးပြီဆိုမှတော့ အမျှပေးလို့ပဲ ရတော့တာပေါ့။

ဆရာမကြီးလိုပဲ မထင်မှတ်ဘဲ နှုတ်ဆက်ခွဲခွါသွားတဲ့သူတွေကို မြင်ဖန်များလာတော့ အခု ကျွန်မတို့ဘဝမှာ တွေ့ဆုံနေဆဲသူတွေကို ပိုတန်ဖိုးထားသင့်တာလေး သတိပြုမိတယ်။ မိဘရှိနေသေးရင် မိဘကို တန်ဖိုးထားဆက်ဆံဖို့၊ သားသမီးရှိရင် သားသမီးကို တန်ဖိုးထားပြီး မေတ္တာပြကြဖို့၊ သူငယ်ချင်းတွေကိုလည်း အသိမှတ်ပြု ချစ်ခင်ကြဖို့ သတိပေးလိုက်သလိုပါပဲ။

တစ်ကယ်တော့ ကျွန်မတို့ ကိုယ်တိုင်လည်း ဘယ်အချိန်မှာ ဘယ်လို ပုံစံနဲ့ နှုတ်ဆက်ရမလဲ ကြိုမှ မသိနိုင်တာနော်။ ကျွန်မတို့ ချစ်ရသူတွေ၊ မုန်းရသူတွေကို ကျွန်မတို့ မထင်မှတ်ချိန်မှာ ခွဲခွါသွားရနိုင်တယ်။ ဒါကြောင့် အတူရှိနေစဉ်မှာ တန်ဖိုးထားစေချင်တယ်။ Take it for granted မလုပ်နဲ့လို့ပြောချင်တယ်။

ကိုယ့်မှာ အချိန်သိပ်မရှိတော့ဘူးဆိုတာ သိရင် ဘယ်အရာက ပိုပြီး အလေးထားသင့်တယ်၊ ပိုပြီး ဦးစားပေးသင့်တယ်ဆိုတာ ကွဲကွဲပြားပြားဖြစ်လာမယ်ထင်တယ်။ အလုပ်ရယ် မိသားစုရယ်အပြင် ကိုယ့်ဘာသာတရားက သင်ကြားပေးတဲ့ ကိုယ့်အတွက်အကျိုးရှိမယ့် ကျင့်ကြံမှုတွေရယ်ကို မျှတစွာ လုပ်နိုင်ဖို့ ကြိုးစားရဦးမှာ။

နောက်တစ်ခုက သေဆုံးမှုဟာ လူကြီးတွေမှမဟုတ်ဘူး ကလေးတွေ၊ လူငယ်တွေလည်းဖြစ်နိုင်တယ်။ ဘယ်သူမဆိုဖြစ်နိုင်တယ်။ ကျွန်မတို့ရဲ့ သားသမီးတွေလည်းဖြစ်နိုင်တယ်။ မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့။ ဒီတော့ ကျွန်မတို့က အတူရှိနေစဉ်မှာ ကိုယ့်ထက်ငယ်တဲ့သူဖြစ်ဖြစ်၊ ကိုယ့်ထက် ကြီးတဲ့သူဖြစ်ဖြစ် အချိန်ပေးနိုင်ဖို့၊ တန်ဖိုးထားဖို့ မမေ့ဖို့ မှာချင်တယ်။

ဒီပို့စ်ဟာ စိတ်ညစ်စရာဖြစ်အောင် ရေးတာမဟုတ်ဘဲ၊ ကျွန်မတို့မှာသာ ကျွန်မတို့ချစ်တဲ့သူတွေနဲ့ နေရမယ့်အချိန်က သိပ်မကြာတော့ဘူးဆိုရင် ကိုယ်ချစ်တဲ့သူတွေကို ဘာတွေ ပြောပြချင်လဲ၊ ဘာတွေ လုပ်ပေးချင်လဲဆိုတာ တွေးရင် လုပ်နိုင်သလောက် စလုပ်ပေးစေချင်တာပါ။ သေတော့မှ RIPလို့ မှတ်ချက်သွားရေးတာမျိုး၊ အမျှဝေတာမျိုးထက် မသေခင်ဘာတွေ လုပ်ပေးမလဲဆိုတာ စဉ်းစားပြင်ဆင်လုပ်ပေးစေချင်တာပါ။

တစ်ခါတစ်ခါတွေးမိတယ်၊ ကျွန်မ ရုတ်တရက် အားလုံးကို ခွဲခွါသွားရင် ဘာတွေ ပြောကြမလဲ။ ဘယ်လိုမှတ်ချက်ပေးမလဲပေါ့။ ကျွန်မအမျိုးသားကို မှာထားတာနှစ်ခုပဲရှိတယ်။ မိသားစုကို စောင့်ရှောက်ဖို့နဲ့ ပညာရေးကူညီမှုတွေကို ဆက်လုပ်ပေးဖို့ပဲ။

ကျွန်မလေ… ပညာရေးလုပ်ငန်းတွေကို နောက်ဆုံးအချိန်ထိ လုပ်ပေးချင်တယ်။ တနည်းပြောရရင် ကျွန်မအတွက်ကတော့ ပညာပါရမီဖြည့်ကျင့်တာပါပဲ။ နိုင်သလောက်လုပ်ရင်း အသက်ရှင်ကျန်ရှိနေသေးတဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောရဦးမယ်။ ဆရာမ စာမျက်နှာမှာ စာဖတ်ပေးနေတဲ့သူတွေကိုလည်း ကြုံတုန်း ကျေးဇူးကြောင်းပြောချင်တယ်။

အားလုံး အသက်ရှိစဉ် တန်ဖိုးထားနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ